Thursday 20 March 2014

၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေကို မီဒီယာဥပဒေသစ် နှစ်ရပ်ဖြင့် ပယ်ဖျက်လိုက်သော်လည်း သတင်းထောက်များကို အခြားသော မျှော့ကြိုးဥပဒေများဖြင့် အရေးယူနိုင်သည့် အခြေအနေ ရှိနေဆဲဖြစ်

CPJ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော သမ္မတထံပေးပို့သည့်စာကို တွေ့ရစဉ်

စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်နိုင်သည့် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေကို မီဒီယာဥပဒေသစ်နှစ်ရပ် ပြဋ္ဌာန်းပြီး ပယ်ဖျက်လိုက်သော်လည်း မျှော့ကြိုးဖြစ်နေသည့် အခြားတည်ဆဲ ဥပဒေများဖြင့် သတင်းထောက်များကို အရေးယူနိုင်သည့် အခြေအနေ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

မတ်လ ပထမပတ်အတွင်းက ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော်တွင် စာနယ်ဇင်းကောင်စီ (ယာယီ) မှ ဦးဆောင်ရေးဆွဲသော သတင်းမီဒီယာဥပဒေနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို အတည်ပြုခဲ့သည်။ ထိုသို့ အတည်ပြုခဲ့သော ဥပဒေနှစ်ရပ်ကို သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုးခဲ့ပြီး မတ် ၁၉ ရက်ထုတ် အစိုးရသတင်းစာများ၌ ပြဋ္ဌာန်းကြောင်း ဖော်ပြခဲ့သည်။

အစိုးရ၏ ပြန်ကြားရေးဝန်ကြီးဌာနသည် သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်သော ၁၉၆၂ ခုနှစ်ဥပဒေကို ပြန်လည်အသက်သွင်းနိုင်ရန် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ၂၀၁၂ ခုနှစ်အတွင်းမှာပင် ပြင်ဆင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မတ်လတွင် လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ထိုဥပဒေကြမ်းအပေါ် ပြည်တွင်းပြည်ပ ဂျာနယ်လစ် အဖွဲ့အစည်း အသီးသီးက ကန့်ကွက်ခဲ့ကြသည်။ ထို့နောက် စာနယ်ဇင်းကောင်စီ (ယာယီ) က သတင်းသမားများ၏ သဘောဆန္ဒဖြင့် ရေးဆွဲသော သတင်းမီဒီယာ ဥပဒေကြမ်းတစ်ရပ်ကို လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ထိုဥပဒေ နှစ်ရပ်အကြား အငြင်းပွားမှုများ အပြင်းအထန် ဖြစ်ပေါ်ခဲ့ပြီးနောက် နှစ်ဖက်ညှိနှိုင်းမှုများအပေါ် လွှတ်တော်၏ဆုံးဖြတ်ချက်ဖြင့် ဥပဒေကြမ်းနှစ်ရပ်ကို သီးခြားစီ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အတည်ပြု ပြဋ္ဌာန်းလိုက်သော ဥပဒေနှစ်ရပ်အရ သတင်းသမားများနှင့် ပုံနှိပ်ထုတ်ဝေသူများကို အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရာ၌ ထောင်ဒဏ်ချမှတ်နိုင်မည် မဟုတ်ဘဲ ငွေဒဏ်သာ ချမှတ်နိုင်မည် ဖြစ်သောကြောင့် ပျော့ပျောင်းသည့်အသွင် ဆောင်သည်ဟု ယေဘုယျသတ်မှတ်နိုင်သည်။

သို့သော် သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၆ တွင် ပြဋ္ဌာန်းထားချက်အရ မည်သည့်သတင်းမီဒီယာသမားမဆို ပုဒ်မ ၉၊ ပုဒ်မခွဲ (ဇ) ဖြစ်သည့် ‘ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ လူမျိုးတစ်မျိုးကို အကြောင်းပြ၍ ပဋိပက္ခ ဖြစ်စေနိုင်သော လှုံ့ဆော်ရေးသားမှုမှ ရှောင်ကြဉ်ခြင်း’ တားမြစ်ချက်ကို ချိုးဖောက်ပါက တည်ဆဲဥပဒေ တစ်ရပ်ရပ်ဖြင့် အရေးယူနိုင်ကြောင်း ဖွင့်ဆိုထားသည်။

ထို့ပြင် မူလရေးဆွဲခဲ့သော သတင်းမီဒီယာ ဥပဒေကြမ်းတွင် ‘ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိခဲ့ပါက သတင်းမီဒီယာ ဥပဒေပါ ပြဋ္ဌာန်းချက်များဖြင့်သာ အရေးယူ ဆောင်ရွက်နိုင်သည်’ ဆိုသော အချက်ကို ဖော်ပြခဲ့သော်လည်း အတည်ပြုဥပဒေတွင် ထိုအချက် ပါဝင်လာခဲ့ခြင်း မရှိပေ။

ထို့ကြောင့် သတင်းသမားများအနေဖြင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာပါက သတင်းမီဒီယာ ဥပဒေပါ ပြဋ္ဌာန်းချက်များဖြင့် အရေးယူ ဆောင်ရွက်ခံရမည့်နည်းတူ အခြားတည်ဆဲ ဥပဒေများဖြင့်ပါ အရေးယူခံရနိုင်သည့် အဓိပ္ပာယ် သက်ရောက်နေသည်။

“သတင်းထောက်တွေအနေနဲ့က ကိုယ့်ကိုအန္တရာယ်ပေးနိုင်တဲ့ ဥပဒေတွေကို ကြိုသိထားရင် ပိုကောင်းမယ်” ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ  အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားသည်။   

“ဒီဥပဒေမှာ ကျွန်တော်တို့တင်ထားတဲ့ဟာရဲ့ ၆၀၊ ၇၀ ရာခိုင်နှုန်းလောက်ပဲ ကျေနပ်မှုရပါတယ်။ တချို့ ကိစ္စတွေမှာ အဖြုတ်ခံရတဲ့ ကိစ္စတွေရှိတယ်။ ဥပမာ ဒီဥပဒေအရသာ အရေးယူရမယ်ဆိုတဲ့ ဟာမျိုးတွေ ဖြုတ် လိုက်တယ်။ လွှတ်တော်မှာ ဖြုတ်လိုက်တာမျိုးတွေပေါ့။ တည်ဆဲဥပဒေနဲ့ အရေးယူရမယ်ဆိုတဲ့ ဟာမျိုးတွေက ဒါမျိုးတွေနဲ့ ဆန့်ကျင်ဘက်ရှေ့မှာ သွားကြုံရဦးမယ်လို့ ထင်တယ်” ဟု မြန်မာဂျာနယ်လစ်ကွန်ရက်မှ ဦးမြင့်ကျော်က ဆိုသည်။

“ခြုံပြီးပြောရမယ်ဆိုရင် (သတင်းမီဒီယာ ဥပဒေအပေါ်) အတိုင်းအတာ တစ်ခုလောက်ထိတော့ ကျေနပ်မှု ရှိတယ်။ အပြည့်အ၀ ကျေနပ်မှုကြီးတော့ မရှိပါဘူး။ အပြည့်အ၀ ကျေနပ်မှု မရှိပါဘူးဆိုတဲ့ နေရာမှာ ဥပမာ အားဖြင့် ကျွန်တော်တို့ သတင်းမီဒီယာလောကမှာ ပုံနှိပ်ကျင့်ဝတ်နဲ့ ပတ်သက်တဲ့ ချိုးဖောက်မှုတွေရှိရင် သတင်းမီဒီယာ ဥပဒေနဲ့ပဲ အရေးယူဖို့ ကျွန်တော်တို့ ဆွဲထားတာရှိတယ်။ အဲဒါလိုမျိုး လွှတ်တော်ကလည်း လက်မခံဘူး။ ဒါမျိုးက ကျွန်တော်တို့က အပြည့်အ၀ ကျေနပ်မှုမရတဲ့ ဥပမာတစ်ချက် ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဒီဥပဒေနဲ့တင် မဟုတ်ဘဲနဲ့ လွှတ်တော်ရဲ့ အဆိုအရတော့ တစ်ဖက်နစ်နာတဲ့သူကို ကန့်သတ်လို့ မရဘူးလို့ သူကတော့ ဆိုတယ်။ ကျွန်တော်တို့ကတော့ သတင်းမီဒီယာသမားတွေကို တတ်နိုင်သလောက် ကာကွယ်ပေးတာပေါ့။ ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်မှုကိုပဲ ကျွန်တော်တို့က ပြောတာပေါ့။ တစ်ဖက်က ကျတော့လည်း ကျင့်ဝတ်ပိုင်းဆိုင်ရာ ဖောက်ဖျက်မှု ဖြစ်သော်ငြားလည်း ပုဒ်မ ၅၀၀ လိုကိစ္စမျိုး အသရေဖျက်မှုမျိုးနဲ့ တရားစွဲချင်စွဲမယ်ဆိုတဲ့ သဘောပေါ့” ဟု ဦးကျော်မင်းဆွေက ဆိုသည်။

“စာနယ်ဇင်းကောင်စီ အပါအ၀င် စာနယ်ဇင်းသမားများ တောင်းဆိုတဲ့ လွတ်လပ်စွာ ရေးသားခွင့်ကို ကာကွယ်တဲ့ ဥပဒေမျိုးနဲ့ အစိုးရက စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ချင်တဲ့ အစိုးရ အုပ်စိုးသူများ နဲ့ကြားမှာ ငြင်းရင်းခုံရင်း အားပြိုင်ရင်း ညှိနှိုင်းရင်း နောက်ဆုံးထွက်ပေါ်လာတဲ့ ရလဒ်ပဲ။ စာနယ်ဇင်း လွတ်လပ်ခွင့်ကို လိုလားတဲ့ စာနယ်ဇင်းသမားများ အနေနဲ့တော့ ဒီအပေါ်မှာ ကျေနပ်နိုင်စရာ မရှိသေးဘူး။ ဆက်လက်ပြီးတော့ ပိုပြီးတော့ လွတ်လပ်ခွင့်ကို အားပေးထောက်ကူတဲ့ ဥပဒေမျိုးဖြစ်အောင် ကြိုးစားရဦး မယ် လို့ပဲ ပြောချင်ပါတယ်” ဟု စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် အစဉ်တစိုက် တောင်းဆိုနေသူ စာရေးဆရာ ဖေမြင့်က ဆိုသည်။

ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲပြီး အတည်ပြုခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း တွင် မူလတင်သွင်းစဉ်ကပင် အငြင်းပွားခဲ့သော (က) တိုင်းရင်းသား လူမျိုးအချင်းချင်း၊ နိုင်ငံသား အချင်းချင်း၊ လူမျိုးရေးအရ၊ ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေမည့် အကြောင်းအရာများကို ဖော်ပြခြင်း၊ (ခ) နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကို လည်းကောင်း၊ နိုင်ငံသားတိုင်း တန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ အခွင့်အရေးတို့ကိုသော် လည်းကောင်း ထိခိုက်စေမည့် အကြောင်းအရာများကို ဖော်ပြခြင်း (ဂ) ညစ်ညမ်းစာများကို ဖော်ပြခြင်း၊ (ဃ) ရာဇ၀တ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှု၊ လောင်းကစားမှုနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပြစ်မှုကျူးလွန်ခြင်းတို့ကို အားပေးခြင်းနှင့် လှုံ့ဆော်ခြင်းများကို ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း မပြုရဟူသော တားမြစ်ချက်ကို ထည့်သွင်းအတည်ပြုခဲ့သည်။

ထိုတားမြစ်ချက်များတွင် ပါရှိသော “နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူ အေးချမ်း သာယာရေးတို့ကို လည်းကောင်း၊ နိုင်ငံသားတိုင်း တန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ အခွင့်အရေး တို့ကိုသော် လည်းကောင်း ထိခိုက်စေမည့် အကြောင်းအရာများ” ဆိုခြင်းကို သီးခြားအဓိပ္ပာယ် ဖွင့်ဆိုခြင်း မရှိပေ။

ထို့ပြင် အဆိုပါဥပဒေတွင် ပြန်ကြားရေးဝန်ကြီးဌာနက အဓိကချုပ်ကိုင်ပြီး ထုတ်ဝေခွင့် ပြန်လည် ရုပ်သိမ်းနိုင် သည့် အခွင့်အရေးများကိုလည်း ဆက်လက်အတည်ပြု ပြဋ္ဌာန်းခဲ့သည်။     

Eleven Media Group

No comments:

Post a Comment