Thursday 21 May 2015

ဘင်္ဂါလီ ဒုက္ခသည်လှေများကို ရှာဖွေကယ်ဆယ်ရန် မလေးရှား ဝန်ကြီးချုပ် အမိန့်ထုတ်


ပင်လယ်ပြင်တွင် မျောပါနေသည့် ဘင်္ဂါလီ ဒုက္ခသည် လှေများကို ရှာဖွေကယ်ဆယ်ရန် မလေးရှား ဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများအား အမိန့်ပေးလိုက်သည်။
မြန်မာနိုင်ငံ အနောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ လှေများဖြင့် ထွက်ခွာလာပြီး အရှေ့တောင်အာရှ နိုင်ငံအချို့တွင် အခြေချ နေထိုင်ရန် ကြိုးပမ်းခဲ့သည့် ဘင်္ဂါလီ ဒုက္ခသည်များကို လက်ခံမည်မဟုတ်ဟု အင်ဒိုနီးရှားနှင့် မလေးရှား အစိုးရများက အစောပိုင်းတွင် အခိုင်အမာ ပြောကြားခဲ့ကြသည်။


သို့သော်လည်း မေလ ၂၀ ရက် တွင် အဆိုပါ နှစ်နိုင်ငံက လှေစီး ဒုက္ခသည်များဟု သတင်းများက ဝိသေသပြု ခေါ်ဝေါ်သည့် ဘင်္ဂါလီများကို ဒုက္ခသည်အဖြစ် ယာယီလက်ခံထားရန် သဘောတူညီခဲ့ကြသည်။ သို့သော်လည်း ယင်းသည် ရေတိုအတွက်သာ လက်ခံခြင်းဟု နှစ်နိုင်ငံလုံးက သတိပေးထားသည်။
မလေးရှားနှင့် အင်ဒိုနီးရှား ကမ်းခြေများသို့ ဆိုက်ရောက်နိုင်ရန် မျှော်လင့်ချက်ဖြင့် လှေများပေါ်တွင် လိုက်ပါလာသော ဘင်္ဂါလီ ဒုက္ခသည် ၇၀၀၀ ကျော်မျှ ပင်လယ်ထဲတွင် ရှိနေဆဲဟု ယုံကြည်ရသည်။ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ဘ်ရာဇက်ခ်က ကမ်းခြေစောင့် တပ်ဖွဲ့များ၊ တံငါလှေများ အပါအဝင် မိမိနိုင်ငံသားများ အနေဖြင့် ရွှေ့ပြောင်း ဒုက္ခသည်များ၏ လှေများ ပင်လယ်ထဲ မျောပါနေသည်ကို တွေ့ရှိပါက ကယ်ဆယ်ကူညီရန် တိုက်တွန်း ပြောကြားခဲ့သည်။
နာမကျန်းဖြစ်နေသူများနှင့် ဆာလောင်နေသူများကို ထောက်ပံ့ ကူညီခြင်းသည် အခြေခံ လူ့ကျင့်ဝတ် တစ်ခုဟု နာဂျစ်ဘ်က Twitterတွင် ရေးသားခဲ့သည်။ ထို့အပြင် မလိုလားအပ်ဘဲ အသက်များစွာ ဆုံးရှုံးနိုင်သည့် အခြေအနေကို ကာကွယ်ရန် ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများကို အားစိုက် ဆောင်ရွက်စေလိုကြောင်း ရေတပ်နှင့် ရေလမ်းသွားလာမှုဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများကိုလည်း ၎င်းက ညွှန်ကြားထားသည်။
ဘင်္ဂါလီ ဒုက္ခသည်များ အရေးနှင့် ပတ်သက်ပြီး မလေးရှား နိုင်ငံခြားရေးဝန်ကြီး အေနီဖာအေမန်နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီတို့သည် နေပြည်တော်တွင် မြန်မာ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံ ဆွေးနွေးနေပြီး အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း ယင်းကိစ္စအတွက် မြန်မာ့အာဏာပိုင်များနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။
မြန်မာနိုင်ငံ အနေဖြင့်မူ လှေစီးဒုက္ခသည်များ ကိစ္စအတွက် ပြစ်တင်ခံရမှုများကို ငြင်းဆိုထားပြီး မေလ ၂၀ ရက်တွင်ကျင်းပသည့် အာဆီယံ ဒေသဆိုင်ရာ ဝန်ကြီးအဆင့် ညီလာခံ တစ်ခုသို့လည်း တက်ရောက်ခဲ့ခြင်း မရှိချေ။ အဆိုပါ ညီလာခံတွင် ဘဂါင်္လီများအတွက် ယာယီနေထိုင်ခွင့် ကိစ္စနှင့် လှေများကို နောက်ကြောင်းပြန်လှည့်စေမှုများ ထပ်မံမဖြစ်ပွားစေရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
_Ref: BBC

No comments:

Post a Comment