Thursday 21 May 2015

ရေမရှိ ဖြေမချိ နွေ၏ဝေဒနာ


ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်မှာ ညောင်ပင်ကြီးစုဆိုတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ မုတ္တမပင်လယ်ကွေ့နဲ့ ဆက်စပ်နေတဲ့ ပင်လယ်ကမ်းခြေက ရွာလေးဖြစ်ပါတယ်။ အိမ်ခြေ ၆၀၀ ခန့်ရှိပြီး မူလတန်းကျောင်းတစ်ကျောင်းလည်းရှိပါတယ်။ ရွာထဲမှာ ပေ ၅၀၀ ကျော်တူးထားတဲ့ အဝီစိတွင်းတွေရှိပေမယ့် ရေတွေကပေါ့ပြီး သောက်လို့မရတဲ့အပြင် ထမင်းချက်ရင် ဝါသွားတယ်လို့ သိရပါတယ်။ အဲဒီရေနဲ့ ထမင်းချက်ပြီးရင် ကျက်တာနဲ့ ချက်ချင်းစားကြရပါတယ်။ ခဏကြာရင် ထမင်းတွေက ဝါသွားမှာမို့ အမြန်စားကြရတာပါ။ သောက်ရေအတွက် ရေကန်တူးထားပေမယ့် ရေတွေက နောက်နေပြန်ပါတယ်။
ဒီတော့ နှစ်စဉ်နှစ်တိုင်း မိုးရာသီလွန်ရင် သောက်ရေကို တစ်မိုင်ကျော်ဝေးတဲ့ ရွာတွေမှာ သွားခပ်ကြရပါတယ်။ နွေရာသီရောက်ရင်တော့ မြို့က ရေအလှူရှင်တွေကို အားထားနေရတာဖြစ်ပါတယ်။ မူလတန်းကျောင်းသားတွေဟာ နတ်တော်၊ ပြာသိုလမှာ ကျောင်းတက်ရင် စက်ဘီးနဲ့ အနီးအပါးရွာတွေမှာ သောက်ရေသယ်ယူတဲ့ အလုပ်ကိုပါ လုပ်ကြရပါတယ်။ ကျောင်းမှာ စာသင်ရင်း သောက်စရာရေရရှိအောင် ဖန်တီးကြရတာ ဖြစ်ပါတယ်။ နွေရာသီကာလမတိုင်မီမှာပင် သောက်ရေမရှိလို့ ဖြေမချိသူတွေ မြန်မာပြည်မှာ ရှိနေတဲ့အကြောင်း တစ်စွန်းတစ်စဖော်ပြရခြင်းဖြစ်ပါတယ်။ ယခုမေလအတွင်းမှာ စာရေးသူ ဒုဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်နေတဲ့ ခရမ်းမြို့နယ်အသင်း(ရန်ကုန်)က အထက်ပါရွာရဲ့ စာသင်ကျောင်းသောက်ရေအတွက် ဂါလန် ၁၆၀၀ ဆံ့ မိုးရေလှောင်ကန်များ သီးသန့်လှူဒါန်းခဲ့ကြပါတယ်။

ရန်ကုန်မြို့ကြီးနဲ့ ကပ်နေတဲ့ ဒလမြို့ဟာ သမိုင်းဝင်မြို့တစ်မြို့ ဖြစ်ပါတယ်။ အမတ်ကြီးရာဇသင်္ကြန်နဲ့ မွန်သူရဲကောင်း အဲမွန်ဒရာတို့ရဲ့ ဒလခေတ်ကို မသိသူတွေရှိကြပေမယ့် ဒလရဲ့ရေရှားပါးမှုသမိုင်းကိုတော့ မျိုးဆက်သစ်လူငယ်တွေ အားလုံးလိုလို သိရှိနေကြပါတယ်။ မကြာမီက ကန်ရေခပ်ရာမှ ရိုက်ပွဲတွေနဲ့ လူသတ်မှုကျူးလွန်တဲ့အထိ ဖြစ်ပွားခဲ့ကြောင်း ကြားသိရပါတယ်။ သူဌေးအိမ်ဘေးရှိ တဲပုတ်မှ ရေဒုက္ခသည်အိမ်ထောင်စုပမာ ရန်ကုန်နဲ့ ဒလကို ယှဉ်တွဲပြီး သရုပ်ဖော်ပြမယ်ဆိုရင် ပိုပြီး ရုပ်လုံးကြွလာမှာ ဖြစ်ပါတယ်။ စီးပွားရေးမြို့တော် ရန်ကုန်မှာလည်း ရေမငတ်ပေမယ့် သန့်ရှင်းတဲ့ရေ(Pipe Water)ကို မြို့တော်စည်ပင်ရဲ့ သက်တမ်းကာလ နှစ်ပေါင်း ၁၀၀ ကျော်သည်အထိ ပြည့်ပြည့်ဝဝ မရရှိသေးပါဘူး။ အဝီစိတွင်းတွေ ရေမလိုက်တော့လို့ တွင်းသစ်တွေ ပြန်တူးနေကြတဲ့သတင်းကို ဒီနွေမှာ ကြားသိရပြန်ပါတယ်။ နောက်ပြီး ၄ လက်မ ပိုက်တွေနဲ့ အဝီစိတွင်းတွေ အပြိုင်တူးဖော်နေကြတာ မြေအောက်ရေနဲ့ မြေအောက်မြေတွေ ဖောက်လွဲဖောက်ပြန်ဖြစ်လာမယ့် အနာဂတ်ကို ဖန်တီးနေကြသလိုပါပဲ။
ရန်ကုန်မှာ ရေကုန်တာကို ရန်ကုန်သားတွေ သိပြီးဖြစ်လို့ အကျယ်မချဲ့ဘဲ မြန်မာပြည်အနှံ့မှ ရေဒုက္ခသယ်တွေအကြောင်း ဖြန့်ကြက်ပြီး လေ့လာတွေ့ရှိသလောက် ဖောက်သည်ချလိုပါတယ်။ နာမည်ကျော် မိုးဗြဲဆည်ကြီးနဲ့ ငွေတောင်ဆည်တည်ရှိရာ ကယားပြည်နယ် လွိုင်ကော်မြို့နယ်နဲ့ မယ်စဲ့မြို့နယ် ကျေးရွာတွေမှာ သောက်ရေငတ်တဲ့နွေမှတ်တမ်းက လွမ်းမောစရာ အလွန်ကောင်းပါတယ်။ ရှမ်းပြည်နယ် အင်းလေးကန်ကြီးမှာလည်း ရေခန်းလို့ နွေရက်တွေမှာ အင်းသားတွေ ရေငတ်တဲ့ဒုက္ခကို ကြားခဲ့ရပြန်ပါပြီ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ အင်းလေးကန်ကယ်တင်ရေးဆိုတဲ့ အသံတွေကိုတော့ ကြားရဆဲပါပဲ။ မြန်မာပြည်မှာ လေတွေပေါပြီး ရေတွေရှားနေတယ်လို့ဆိုရင် မမှားပါဘူး။
တနင်္သာရီတိုင်းဒေသကြီးဟာ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်းဆက်စပ်နေပါတယ်။ မကြာမီ ကုန်သွယ်ရေးဂိတ်အသစ်ကြီးဖွင့်ပြီး ကုန်စည်ကူးသန်းကြပါတော့မယ်။ ထိုင်းနယ်စပ်မှာ ရေရှားတယ်လို့ လုံးဝမကြားဘူးပေမယ့် တနင်္သာရီတိုင်းဌာနီက ထားဝယ်မြို့၊ ဘုတ်ပြင်းမြို့နဲ့ ကျွန်းစုမြို့နယ်တွေမှာ သောက်သုံးရေရှားပါးမှုဒုက္ခနဲ့ ကြုံတွေ့နေကြရရှာပါပြီ။ တောင်ကျရေနဲ့ ချောင်းရေကို သောက်သုံးရေအဖြစ် အသုံးပြုကြတဲ့ ကျေးရွာတွေမှာလည်း သတ္ထုတူးဖော်မှုလုပ်ငန်းတွေကြောင့် ချောင်းတွေပျက်စီးပြီး သောက်သုံးလို့မရတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာပါတယ်။ လူ့ဘဝမှာ ငွေဘတ်ဂျက်သာမက ရေဘတ်ဂျက်ပါ ရှားလွန်းလို့ နယ်စပ်ဂိတ်စခန်းအသစ်ကနေ ရွှေ့ပြောင်းအလုပ်သမားအဖြစ် ထိုင်းနိုင်ငံကို ခိုးဝင်မယ့်သူတွေ ပိုပြီးများလာမှာ သေချာပါတယ်။
နာဂစ်ကြောင့် စိစိညက်ညက်ကြေခဲ့ရတဲ့ ဧရာဝတီတိုင်းဒေသကြီးမှာလည်း ရေငတ်နေတဲ့ ဒုက္ခသည်တွေ ရှိနေပြန်ပါတယ်။ လပွတ္တာမြို့နဲ့ ပြင်စလူမြို့နယ်ခွဲမှာ နာဂစ်ပြီးတဲ့နောက် နှစ်စဉ်နွေရာသီတိုင်းမှာ သောက်ရေပြတ်လပ်မှုနဲ့ ကြုံတွေ့ရတယ်လို့ ဆိုရပါတယ်။ ကုန်းလမ်းနဲ့ ရေလမ်းမှ ရေအလှူရှင်တွေ ပို့ဆောင်ပေးတဲ့ သောက်သုံးရေကိုသာ ကျေးရွာပြည်သူတွေ မျှော်လင့်အားထားနေကြရပါတယ်။ ပုသိမ်၊ ငပုတော၊ သာပေါင်း၊ ကန်ကြီးဒေါင့်မြို့နယ်များရဲ့ သောက်သုံးရေ ပြတ်လပ်မှုမှာ ယခင်နှစ်များထက် ပိုမိုဆိုးရွားပြီး တစ်နေ့ကို ဂါလန်ခြောက်သောင်းကျော် လိုအပ်တယ်လို့ သိရှိရပါတယ်။
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင်းရှိ ရွာတွေမှာ နွေဆိုရင် သောက်ရေပြတ်တာ ကာလကြာရှည်ခဲ့ပါပြီ။ နွေအခါမှာ ရေမရတဲ့သမိုင်းဟာ တာရှည်ခဲ့လို့ ရေတာရှည်လို့ခေါ်တာလည်း ဖြစ်နိုင်ပါတယ်။ ကဝမြို့နယ်က အချို့ကျေးရွာတွေမှာ လူတစ်ဦးကို တစ်နေ့ ရေနှစ်ခွက်ထက်ပိုပြီး မသောက်ကြရဘူးဆိုတဲ့ သတင်းကို ကြားရပါတယ်။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းက ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့အနီးမှ ကျေးရွာတွေနဲ့ ပုသိမ်-မုံရွာကားလမ်းမကြီးဘေးမှ ရွာတွေမှာလည်း သောက်ရေရှားပါးမှုဒုက္ခကို ခါးစည်းခံနေကြရတယ်လို့ ဆိုကြပါတယ်။
ရခိုင်ပြည်နယ်မှာတော့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရန် တာစူနေတဲ့ မြောက်ဦးမြို့နယ်သာမက ပေါက်တောမြို့နယ်၊ ကျောက်တော်မြို့နယ်တွေမှာ ရေဒုက္ခကို ကြံ့ကြံ့ခံရင်း ကန်တွေကို ကိုယ်ထူကိုယ်ထ တူးဖော်နေကြရပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေများလို့ ထင်ပါရဲ့ ကန်တူးကြတဲ့ လုပ်အားရှင်အများစုမှာ အမျိုးသမီးတွေနဲ့ ကလေးတွေပါပဲ။ မိုးရွာသွန်းမှုနည်းလို့ စစ်တွေမြို့ရဲ့ ကန်တော်ကြီး ရေလှောင်ကန်မှာ ရေနည်းနေပြီဆိုတာကိုလည်း သတိပေးနေကြရကြောင်း သိရပြန်ပါတယ်။
မကွေးတိုင်းဒေသကြီးမှာလည်း မကွေး၊ မင်းဘူး၊ စကု၊ နတ်မောက်၊ မြို့သစ်၊ တောင်တွင်းကြီး၊ အောင်လံ၊ ရေနံချောင်း၊ ချောက်၊ ပခုက္ကူ၊ ရေစကြိုနဲ့ မြိုင်မြို့တွေအားလုံး လက်ညှိုးထိုးမလွဲအောင် သောက်သုံးရေရှားပါးမှုနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ ရေခန်းနေတဲ့ ချောင်းတွေထဲက လက်တူးတွင်းတွေမှာ တန်းစီပြီးခပ်နေရတာ၊ လုံလောက်အောင်မရတာ၊ တစ်နေ့ ရေနှစ်စည်လောက်ရဖို့ ညဥ့်သန်းခေါင်အထိ တစ်ယောက်၊ မနက်လေးနာရီအထိ တစ်ယောက် အလှည့်ကျတန်းစီရေခပ်ရတာ၊ စက်ရေတွင်းရှိတဲ့ ရွာက နှစ်မိုင်ကျော်ဝေးလို့ နေ့စဉ် ရေဒုက္ခထဲမှာ အချိန်ကုန်လူပန်းပြီး နစ်မြုပ်နေရတဲ့ သမိုင်းမှတ်တမ်းက အလွန်ရှည်ကြာလှပါပြီ။
စစ်ကိုင်းတိုင်းဒေသကြီးကို ကြည့်ပြန်တော့ ဆည်ရေတွေ လုံလောက်အောင်မရရှိတာ၊ မင်းဝံတောင်ရိုးရဲ့အနောက်ဘက်က ကျေးရွာတွေ အခက်အခဲကြုံပြီး ခင်ဦးမြို့မှာ ရေကန်တွေ ခန်းခြောက်တာ၊ ကလေးမြို့နယ်တောင်ပိုင်း ကျေးရွာများမှာ သောက်သုံးရေ ပြတ်လပ်တာတွေဟာ ဇေယျာပူရရဲ့ နွေကန္တာဦး ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ ဖြစ်နေပါတယ်။
ရတနာပုံမန္တလေးကို ဗဟိုပြုတဲ့ တိုင်းဒေသကြီးအတွင်း မိတ္ထီလာနဲ့ ကျောက်ပန်းတောင်းမြို့နယ်တွေမှာလည်း သောက်ရေကန်တွေခန်းခြောက်လို့ ရေဒုက္ခကို အပြိုင်အဆိုင် ခံစားနေကြရပါတယ်။ ပြည်ခိုင်ဖြိုးရွာဆိုတဲ့ ဆိုင်းဘုတ်တွေ အများဆုံးရှိရာ တောင်သာမြို့နယ်မှာလည်း သောက်သုံးရေရှားတဲ့အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါဖိစီးလို့ ဖွံ့ဖြိုးရေးထက် လူတွေကြံ့ခိုင်အောင် မနည်းရုန်းကန်နေကြရကြောင်း ကြားသိရပြန်ပါတယ်။
မြန်မာနိုင်ငံမှာ နွေရာသီရေရှားပါးပြတ်လပ်မှုဒုက္ခကို ကြုံတွေ့နေရတဲ့ ထုထည်ဟာ အလွန်ကြီးမားလာပြီး တစ်ပြည်လုံးအနှံ့ ဖြစ်ပွားနေတာ တွေ့ရှိနိုင်ပါတယ်။ အစိုးရအဆက်ဆက် ကာလကြာရှည် ကုစားနေရတဲ့ နာတာရှည်ရောဂါကြီးလို ဖြစ်နေပါပြီ။ အထူးသဖြင့် ယခုနှစ်လို အပူရှိန်လွန်ကဲတဲ့နှစ်မှာ ရောဂါလက္ခဏာ ပိုမိုဆိုးရွားလာတဲ့အပြင် ဝေဒနာခံစားရတဲ့ ဧရိယာတွေ တိုးပွားများပြားလာတာ အထင်အရှားပါပဲ။ နောက်ပြီး ‘‘မိုးရေမမှန် ဒုဗ္ဘိက္ခန်’’ဆိုတဲ့ ဆိုးရိုးစကားရှိပါတယ်။ မိုးမမှန် ရေမမှန်ရင် သတ္တဝါတွေ ငတ်မွတ်ခေါင်းပါးတဲ့ ဒုဗ္ဘိက္ခန္တရကပ်ဆိုက်နိုင်တယ်လို့ ဆိုကြပါတယ်။ ငတ်မွတ်တဲ့နေရာမှာလည်း ရေငတ်ခြင်းဟာ အဆိုးရွားဆုံးဖြစ်ကြောင်း ‘‘ရေအသက်တစ်မနက်’’ဆိုတဲ့စကားနဲ့ သက်သေပြနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ ဒုဗ္ဘိက္ခန္တရကပ်ဆိုက်ရောက်လာပြီလားလို့ ကြိုတင်မေးခွန်းထုတ်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ အနာဂတ်လူသားတွေရဲ့ ရေအသက်ကို လျှော့မတွက်ကြစေချင်တာ အမှန်ပါပဲ။ ဒုဗ္ဘိက္ခန္တရကပ်ဟာ မောဟကြောင့် ဖြစ်ရတယ်လို့လည်း ရှေးအဆိုအမိန့်တွေ ရှိခဲ့ပါတယ်။ အခြေအနေကို လျှော့တွက်တာ၊ အပြည့်အဝမသိရှိတာ၊ သိရှိပေမယ့် ဆောင်ရွက်သင့်တာကို ကြိုတင်ဆောင်ရွက်မှုမရှိတာတွေဟာ မောဟတရားရဲ့ သွင်ပြင်လက္ခဏာတွေဖြစ်ပြီး မျက်မှောက်ခေတ်မှာလည်း အားကောင်းနေဆဲဖြစ်ပါတယ်။
အမှန်စင်စစ် မြန်မာနိုင်ငံဟာအာရှဒေသမှာရှိတဲ့ မြစ်ရေ၊ ချောင်းရေအားလုံးရဲ့ ၁၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတယ်လို့ သိရှိရပါတယ်။ မြေအောက်ရေပမာဏ လုံးဝမပါရှိသေးဘဲ မြစ်ချောင်းရေသယံဇာတပင် အလွန်ကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အဲဒီလိုနိုင်ငံမှာ သောက်သုံးရေနှစ်စဉ် ပြတ်လပ်တယ်ဆိုတာ လုံးဝမဖြစ်သင့်တော့ပါဘူး။ ဒေသတွေအားလုံးကို စနစ်တကျ ကွင်းဆင်းသုတေသနလုပ်ပြီး မိုးရေလှောင်ကန်ကြီးများ တိုးချဲ့တူးဖော်ခြင်း၊ စိမ့်စမ်းအပါအဝင် သဘာဝရေထွက်များကို ကာကွယ်ခြင်း၊ သောက်သုံးရေကန် အသစ်တူးဖော်ခြင်း၊ သဘာဝရေကန်ကြီးများမှ နုန်းများကို စက်အင်အားသုံး၍ တူးဖော်ရှင်းလင်းခြင်း၊ ကျေးလက်ဒေသမှာ မြေအောက်ရေတိုးချဲ့အသုံးပြုရန် အဝီစိများတူးဖော်ခြင်း၊ ရေသန့်စင်သည့် စနစ်များ တည်ဆောက်ခြင်း၊ မြစ်ရေတင်ပြီး သောက်သုံးရေရရှိရေး ဆောင်ရွက်ခြင်း၊ သတ္တုတူးဖော်မှုနှင့် စက်ရုံများ၏ စွန့်ပစ်ရေဆိုးများကြောင့် ချောင်းရေ၊ မြစ်ရေပျက်စီးမှု ကာကွယ်ခြင်း၊ ရေဝေရေလဲ ဒေသထိန်းသိမ်းခြင်း အစရှိတဲ့ လုပ်ငန်းစဉ်များ ပါဝင်တဲ့ ဒေသအလိုက် စီမံကိန်းများကို စနစ်တကျရေးဆွဲပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ကြဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ အပူဒဏ်ကလည်း တစ်နှစ်ထက်တစ်နှစ် လွန်ကဲနေဦးမှာမို့ လက်ရှိပုံစံအတိုင်း ‘‘တစ်ကျောင်း တစ်ဂါထာ’’တစ်နွေစာ ဆေးမြီးတိုနဲ့ အရေးမကြီးသလို လုပ်နေလို့ မဖြစ်တော့ပါဘူး။ မောဟတံခွန်ထူတဲ့ ဒုဗ္ဘိက္ခန္တရကပ်နဲ့ တဖြည်းဖြည်း နီးကပ်လာနိုင်ပါတယ်။
အလျဉ်းသင့်လို့ အတိတ်ကာလမှ မြစ်ရေတင်မှုအကြောင်းပြုပြီး ဂေါက်ကွင်းကြီးတစ်ကွင်း ဖြစ်လာတဲ့ အကြောင်းကို ကြားဖူးသမျှ ပြောပြချင်ပါသေးတယ်။ ယခင်အစိုးရလက်ထက် အညာဒေသရဲ့သမိုင်းဝင်မြို့တစ်မြို့ကို သင်္ကြန်ကာလများမှာ အကြီးအကဲရောက်လာရင် ဂေါက်သီးရိုက်နိုင်ဖို့အတွက် ဂေါက်ကွင်းကြီးတစ်ကွင်းကို ဝန်ကြီးတစ်ပါးက တည်ဆောက်ခဲ့ပါတယ်။ အဲဒီ ဝန်ကြီးရဲ့ ဌာနဆိုင်ရာ အလုပ်နဲ့ ဂေါက်ကွင်းဆောက်တာ လုံးဝမသက်ဆိုင်ပါဘူး။ ဆီနဲ့ ရေလိုပါပဲ။ အကြီးအကဲရဲ့ မျက်နှာသာပေးမှုကို ရလိုတဲ့ လောဘနဲ့ ဂေါက်ကွင်းကို ဘတ်ဂျက်ခေါင်းစဉ်မရှိဘဲ သူ့လက်အောက်မှာရှိတဲ့ တိုင်းဒေသကြီးအတွင်းမှ မြို့နယ်အချို့ကို တာဝန်ခွဲဝေတည်ဆောက်စေခဲ့ပါတယ်။ အဲဒီမြို့နယ်ရုံးတွေမှာလည်း ဘတ်ဂျက်က လုံးဝမရှိလေတော့ မြစ်ရေတင်စီမံကိန်းခေါင်းစဉ်မှ သုံးစွဲစေခဲ့တယ်လို့ သိရပါတယ်။ ဘယ်လိုသုံးစွဲကြသလဲဆိုတာ စာဖတ်သူသဘောမပေါက်ရင် အဲဒီတုန်းက ဒီဇယ်ဈေးကောင်းခဲ့တဲ့အကြောင်းကို ပြန်တွေးကြည့်လိုက်ကြစေချင်ပါတယ်။ ဧရာဝတီမြစ်ထဲမှ ရေတွေဟာ ဂေါက်ကွင်းကြီးထဲ စီးဝင်သွားတော့ အညာသူအညာသားတွေ ရေငတ်မြဲငတ်နေတာပေါ့လို့ ဆိုရမယ့်ကိန်းပါပဲ။
နိဂုံးချုပ်အားဖြင့် ကမ္ဘာ့ ဘဏ်ရဲ့ ပုဂ္ဂလိကကဏ္ဍအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC)မှ မြန်မာနိုင်ငံကို ကူညီမယ့် ဒေါ်လာသန်း ၁,၀၀၀ နဲ့ အီးယူမှ ကဏ္ဍကြီးလေးခုအတွက် အကူအညီပေးငွေ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပါဝင်နေတာ တွေ့ရပါတယ်။ အဲဒီအထောက်အပံ့တွေကို နိုင်ငံတစ်ဝန်းမှာ အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ဖို့ လိုအပ်နေတဲ့ နွေရာသီသောက်သုံးရေပြတ်လပ်မှုမရှိစေရေး စီမံကိန်းမှာ အလုံးအရင်းနဲ့ ထည့်သွင်းသုံးစွဲသင့်ကြောင်း အဆိုပြုလိုက်ပါတယ်။ ဒီဆောင်းပါးကို စာဖတ်သူတို့ ဖတ်ရှုနေကြတဲ့အချိန်မှာ မုတ်သုံဝင်ကောင်းဝင်လာမှာ ဖြစ်ပေမယ့် နောင်လာလတ္တံ့သော နွေပေါင်းများစွာမှာ ‘‘ရေမရှိလို့ ဖြေမချိတဲ့ဘဝ’’မှ ပြည်သူတွေ ထာဝရကင်းလွတ်စေရေးကို ရည်ရွယ်ရင်းဖြစ်ပါကြောင်း ...........။
မြင့်မိုရ်ဆွေ
7 day

No comments:

Post a Comment