Thursday 21 May 2015

ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ တရုတ်သို့ခိုးထုတ်သည့် သစ်များမှာ စစ်ကိုင်းတိုင်းမြောက်ပိုင်း ကသာခရိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်၊ မဘိမ်းဒေသများမှဖြစ်ပြီး တပ်မတော်နှင့် ကေအိုင်အေတို့ သစ်ကိစ္စ အပါအ၀င် အခြားအကြောင်းများကြောင့် ပစ်ခတ်မှုများ ဖြစ်ပေါ်နေ

ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ တရုတ်သို့ ခိုးထုတ်သည့် သစ်များမှာ စစ်ကိုင်းတိုင်းမြောက်ပိုင်း ကသာခရိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်၊ မဘိမ်းဒေသများမှဖြစ်ပြီး တပ်မတော်နှင့် ကေအိုင်အေတို့ ကချင်ပြည်နယ်အတွင်း သစ်ကိစ္စ အပါအ၀င် အခြားအကြောင်းများကြောင့် ပစ်ခတ်မှုများ မေ ၁၈ ရက်အထိ ဖြစ်ပေါ်နေပြီး သစ်ခိုးထုတ်မှုများမှာလည်း နေရာပြောင်း ဖြစ်ပေါ်နေကြောင်း တပ်မတော်၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဒေသခံ အလုပ်သမားများ၏ ပြောကြားချက်အရ သိရသည်။

မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အကြီးတန်း စစ်ဆင်ရေးအရာရှိ တစ်ဦးက “ပစ်ခတ်မှုကတော့ မန်စီဘက်မှာ မနေ့ကဖြစ်တယ်။ ဒီနေ့တော့ သတင်းမရောက်သေးဘူး။ ဖားကန့်မြို့နယ် တစ်နေရာမှာလည်း ပစ်ခတ်မှု ဖြစ်ပါတယ်။ ဘယ်နေရာ ဖြစ်တယ်ဆိုတာ မပြောနိုင်ပါဘူး။ မန်စီမြို့နယ် နန့်လင်းပါကျေးရွာအနီးက ဖမ်းမိသစ်တွေကို သစ်တောဌာနအပ်ဖို့ ရွှေ့ပြောင်းရေးလုပ်နေတုန်း ကေအိုင်အေက လာပစ်တာခံရတယ်။ ကျွန်တော်တို့က သူတို့လာပစ်တော့ ပြန်ပစ်တာပေါ့။ မပစ်ဘဲ ခံနေလို့လည်း မဖြစ်ဘူးလေ။ မကြာလိုက်ပါဘူး။ ဟိုဘက်တော့ မသိဘူး။ ကျွန်တော်တို့ကတော့ ကျဆုံးဒဏ်ရာ မရှိဘူး။ သစ်လည်းဖမ်းနေဆဲပဲ။ အလုံးအရင်းနဲ့ ဖမ်းမိနိုင်တာ မရှိတော့ပါဘူး။ နယ်မြေစိုးမိုးရေးလုပ်ရင်း ဟိုနားနည်းနည်း ဒီနားနည်းနည်း ဖမ်းမိနေတာပါ။ အများဆုံးကတော့ နန့်လင်းပါကျေးရွာ အနီးမှာပါပဲ။ သစ်လုံးရေ ၅၀၀ ကျော်လောက် ဖမ်းထားတယ်။ တန်ချိန်ကတော့ မမှန်းနိုင်သေးဘူး။ ကျွန်းသစ် အများဆုံးပါ” ဟု ပြောကြားသည်။
မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးဆန်းအောင်က “တိုက်ပွဲတွေ၊ ပစ်ခတ်မှုတွေက ကြိုကြားကြိုကြား ဖြစ်နေတော့ ပြောရမှာတောင် ခက်နေတယ်။ ဖြစ်မလိုဖြစ်တာနဲ့ ဖြစ်လိုက်တဲ့ဟာနဲ့ ဖြစ်လိုက်တာနဲ့ဆိုတော့ ဆက်ဖြစ်မလား၊ မဖြစ်တော့ဘူးလား ပြောရခက်တယ်။ ဒီတစ်ရက်နှစ်ရက်အတွင်း မကြားမိဘူး။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခါနီး ဒီလိုအချိန်မှာ အများကြီး ထိန်းသိမ်းရမယ့်ဟာ။ နှစ်ဖက်စလုံးကလည်း ဒီလိုအချိန်မှာ အများကြီး ထိန်းသိမ်းရမယ့်အချိန် ဖြစ်ပါတယ်။ တပ်ဘက်ကလည်း သွားလာလှုပ်ရှားမယ်ဆိုရင် နှစ်ဖက်စလုံးကို အကြောင်းကြားပြီး သွားလာသင့်တယ်” ဟု ပြောကြားသည်။
ကချင်ပြည်နယ်၊ ရှမ်းမြောက်မှ တရုတ်နိုင်ငံသို့ ခိုးထုတ်သည့်သစ်များမှာ စစ်ကိုင်းတိုင်းမြောက်ပိုင်း ကသာခရိုင်နှင့် ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်၊ မဘိမ်းဒေသ ရွှေလီမြစ်ဝှမ်းမှ အဖိုးတန် ကျွန်းနှင့် တမလန်းသစ်များဖြစ်ပြီး အောက်ခြေတပ်မတော်တပ်ရင်း ဂိတ်များကို အထပ်ထပ် ဖြတ်ကျော်ခဲ့ရကြောင်း ဒေသခံ သစ်မှောင်ခိုသမားများက ပြောကြားထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ မြောက်ပိုင်းတိုင်း စစ်ဆင်ရေး အကြီးတန်းအရာရှိက “ကျွန်တော်တို့ကတော့ ဘယ်ကလာလာ၊ ဘယ်လိုလာလာ ကိုယ်နိုင်ငံအတွင်းကနေ ပြည်ပထွက်မသွားအောင် သတင်းရတဲ့အခါ လိုက်ဖမ်းတာပါပဲ။ (သစ်တွေသယ်တဲ့အခါ အောက်ခြေတပ်မတော်ဂိတ်တွေ အများကြီး ဖြတ်သန်းမှုနဲ့ ပတ်သက်ပြီး) အောက်ခြေမှာ ဘယ်လိုဖြတ်သန်းခဲ့တာကိုတော့ အလှမ်းဝေးတော့ လိုက်မလုပ်နိုင်ဘူး။ ဘယ်နားဘယ်ကို ဖြတ်သွားတယ်ဆိုတာ အားလုံးကို ကျွန်တော်တို့ မသိနိုင်ဘူး။ သိတဲ့နေရာကိုတော့ သွားဖမ်းနေတာပဲ။ မငြိမ်းချမ်းတဲ့ အချိန်တော့ သစ်မှောင်ခိုကိစ္စအတွက် ကျွန်တော်တို့ လေကြောင်းကင်းထောက်မှုတော့ လုပ်နေဦးမှာပါ။ ကျွန်တော်တို့ကတော့ တွေ့တဲ့နေရာ ဖမ်းနေတာပါ” ဟု မေ ၁၉ ရက် ညနေပိုင်းက ပြောကြားသည်။
မြန်မာနိုင်ငံ ရွှေလီမြစ်ဝှမ်းမှ သစ်တောများနှင့် ကသာခရိုင်မှ သစ်တောများရှိ အဖိုးတန်သစ်များကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလပိုင်းကတည်းက ခိုးထုတ်ရန် လမ်းဖောက်ခဲ့သော်လည်း မတ်လဆန်းပိုင်းမှ စတင်ကာ ခိုးထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများနှင့် အလုပ်သမားများက ပြောကြားသည်။ ယင်းသစ်မှောင်ခိုဂိုဏ်းမှာ ဒေသခံများက BDY သစ်ခိုးဂိုဏ်းဟုခေါ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွင် သယ်ဆောင်ခွင့်လက်မှတ်ကို တရုတ်ယွမ်ငွေ သိန်း ၄၀၀ မြန်မာကျပ်ငွေ သိန်းပေါင်းခြောက်သောင်းကျော်ဖြင့် လေလံယူထားသူများဖြစ်ပြီး လေလံရရှိသူများမှာ တိုင်းရင်းသားခေါင်းဆောင်ပိုင်းများနှင့် နီးစပ်သူဖြစ်ကြောင်း ယင်းတို့၏ ပြောကြားချက်အရ သိရသည်။
သစ်မှောင်ခိုလုပ်ငန်းတွင် ပါဝင်သူများက ခုတ်ယူရရှိသည့် ရွှေလီမြစ်ဘေးမှ အဖိုးတန်သစ်များကို လမ်းကြောင်းငါးခုဖြင့် တရုတ်နိုင်ငံ နန်တောင်းမြို့သို့ နေ့စဉ်သယ်ယူနေခဲ့ကြောင်း သိရသည်။
ယင်းလမ်းကြောင်းများမှာ-ရှမ်းမြောက်ဒေသ မိုးမိတ်မြို့ အရှေ့မြောက်ဘက် ၃၆ မိုင်ခန့်အကွာ မြစ်ဆုံရွာ-မိုးလုံရွာ-ကြူဆာ-ငရဲ-မန်တုံ-ရေပုံးကြီး။ ယင်းမှ မိုင် ၂၀ ကျော်ကွာ မုံဝီး။ ယင်းမှ ၁၅ မိုင်ခန့်အကွာ နန်ခမ်းမြို့မှ ရွှေလီမြစ်ကို ဇက်ကူး၍ တရုတ်နိုင်ငံ နောက်တောင်းမြို့သို့ လည်းကောင်း၊ -မိုးမိတ်မြို့နယ် ရွှေလီမြစ်နှင့် နမိတ်ချောင်းဆုံရာ မြစ်ဆုံရွာ-ပဟဲရွာ-မလိုင်ကုန်းရွာ-မဘိန်းမြို့ နယ် ပင်ကြိမ်ရွာ-စီပိန်းရွာ-တုံဟုံရွာ-စအူရွာ ကချင်ပြည်နယ် မန်စီမြို့နယ် နန့်ဟန်ရွာ-ကောင်လွင်ရွာ-စည်ခမ်းကြီးရွာ-စီသော်-သံတံတား-မန်သာ-မိုင်းခေါင်-ခပ်ပရာ-အင်ဘာပါရွာမှ တရုတ်နိုင်ငံ နန်တောင်းမြို့သို့ လည်းကောင်း၊ မဘိမ်းမြို့နယ် ပဟဲရွာ-လ၀ါ-လေယာဉ်ကွင်းဟောင်းရွာ-စီအူရွာ-မန်စီမြို့နယ် နန့်လင်းပါ-မိုင်းခေါင်-ချီပါတောင်ကြော-မဒန်ယန် (၂၁) မိုင်ရွာ-ခပ်ပရာ-ဒိန်ဆင်းပါရွာ-အင်ဘာပါကျေးရွာမှ တရုတ်နိုင်ငံ နောင်တောင်းမြို့ သို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းရွာ အရှေ့ဘက် ၃၅ မိုင်ခန့်အကွာ မိုးမိတ်မြို့နယ် ပဟဲရွာ-မလိုင်ကုန်း-မဘိမ်းမြို့နယ် ပင်ကြိမ်ရွာ-စီပိန်းရွာ-တုံဟွာရွာ-စီအူရွာ မန်စီမြို့နယ် နန့်ဟန်-ကောင်လွင်-စည်ခမ်းကြီး-စီသော်-သံတံတား-မန်သာ-မိုင်းခေါင်-ခပ်ပရာ-အင်ဘာပါမှ တရုတ်နိုင်ငံ နန်တောင်းမြို့သို့ လည်း ကောင်း၊ မဘိမ်းမြို့နယ် ကျွန်းချောင်းရွာမှ-ခေါလော-ယန်းဘို-မအူကုန်း-မဲဇလီ-ပင်ကြိမ်း-လ၀ါ-အင်ဘာပါကျေးရွာမှ တရုတ်နိုင်ငံ နောင်တောင်းမြို့သို့ လည်းကောင်း လမ်းကြောင်းငါးခုဖြင့် သယ်ယူနေကြောင်း သိရသည်။
အစိုးရတပ်နှင့် ကေအိုင်အိုင်လက်နက်ကိုင် အဖွဲ့တို့သည် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း သစ်မှောင်ခိုကိစ္စကို အကြောင်းပြု၍ ၂၀၁၃ ခုနှစ်တွင် တစ်လနီးပါးကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး သစ်တန်ပေါင်း ၄၀၀၀ ကျော်ကိုလည်း ဖမ်းဆီးမိခဲ့သည်။ ယင်းသစ်များမှာလည်း ကသာခရိုင်နှင့် ကချင်ပြည်နယ် ရွှေကူမြို့နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်၊ မိုးမောက် ဘက်မှ ရောက်ရှိလာသော ကျွန်းနှင့် တမလန်းသစ်များဖြစ်ကြောင်း သိရသည်။
မိုးမောက်မြို့မှ သစ်မှောင်ခို အလုပ်သမားများနှင့် ကားဆရာများက ယခုအချိန်အထိ ရွှေလီဘက်မှ သစ်များခိုးထုတ်မှုများ ရှိနေဆဲဖြစ်ကြောင်း တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ဖြစ်ပွားလာပါက မကြာခဏ ကြားညပ်မှုများ ကြုံတွေ့ရသဖြင့် အနည်းငယ်သာ ခိုးထုတ်နေကြောင်း၊ ယခုအချိန်တွင် ရွှေကူ-အမတ်ကြီးကုန်း ကေအိုင်အေနယ်မြေမှ သံတောင်-ခူလီ-မိုးဖိန်း-မလူလာမှ မိုးမောက်မြို့ ခါနန်၊ အလင်းဂေါင်ရပ်ကွက်အနီး ကွင်းပြင်တွင် စုပုံကာ မိုးမောက်-စိန်လုံ-လွယ်ဂျယ် အစိုးရကုန်သွယ်ရေး လမ်းကြောင်းမှ ညပိုင်းများတွင် နေ့စဉ်ခိုးထုတ်နေကြောင်း ပြောကြားသည်။
ယင်းလုပ်ငန်းတွင် ပါဝင်နေသူ တစ်ဦးက “အင်ဘာပါလမ်းက တိုက်ပွဲဖြစ် လွန်းလို့ မိုးမောက်-လွယ်ဂျယ်လမ်းကို အသုံးများနေတယ်။ ရွှေကူ အမတ်ကြီး ကုန်းကနေ သံတောင်ကို ဧရာဝတီမြစ်ကို စက်လှေကူး၊ မိုးမောက်ကို ယင်းဖောင်၊ သရီးဂရောင်းနဲ့ သယ်တယ်။ ငါးနာရီလောက် သယ်ရတယ်။ မိုးမောက်မြို့နားမှာ ခဏချပြီး စိန်လုံ-လွယ်ဂျယ်လမ်းကို သယ်တယ်။ မိုးမောက်-လွယ်ဂျယ်လမ်းက ကောင်းတော့ သုံးနာရီလောက် မောင်းရတယ်။ ၁၀ ဘီး၊ ၁၂ ဘီး၊ လေးလုံးထိုး၊ ပါဂျဲရိုးကားစုံပါပဲ။ လိုင်စင်မဲ့ကားတွေပါ။ ကျွန်း၊ သံမလန်း၊ ပိတောက်သစ်တွေပါ။ မိုးမောက်က အစိုးရဌာန အားလုံးလောက် ပေးရတယ်။ မိုးမောက်-စိန်လုံ -ကျောက်စခန်းက စစ်တပ်ဂိတ် ၂၀ လောက် ဖြတ်ရတယ်။ စိန်လုံ-လွယ်ဂျယ်က ခုနစ်ဂိတ် ဖြတ်ရတယ်။ ပါဂျဲရိုးက နေ့တိုင်းဖြတ်တယ်။ မိုးကာအုပ်ပြီး ခရီးသည်ကားလိုပေါ့။ ၁၂ ဘီးကားက လမ်းကြေး သိန်း၂၀၀ ၀န်းကျင် ၊ ခြောက်ဘီးကားက သိန်း ၁၅၀ ၀န်းကျင်၊ လေးလုံးထိုးကားက သိန်း ၇၀ ၀န်းကျင်၊ ပါဂျဲရိုးက သိန်း ၃၀ လောက် လမ်းကြေးကုန်တယ်။ ကားကြီးတွေက နေ့တိုင်းမထွက်ဘူး။ ထွက်ရင် အုပ်စုဖွဲ့ပြီး ထွက်ကြတာ။ တစ်ရာတန်ရာဂဏန်းတော့ ပျှမ်းမျှရှိမှာပါ။ ဒီလမ်းကြောင်းလည်း ဒီလိုမှောင်ခိုသယ်နေတာ လချီနေပြီ။ ကေအိုင်အေနဲ့ ပိုင်တဲ့လူက တောထဲ မှာသယ်တယ်။ တပ်တွေ၊ ရဲစခန်းတွေနဲ့ ပိုင်တဲ့လူက တရားဝင် လမ်းကြောင်း ပေါ် သယ်တယ်” ဟု The Daily Eleven သတင်းစာသို့ မေ ၁၉ ရက် ညနေပိုင်းက ပြောကြားသည်။
မိုးမောက်ဒေသခံ တစ်ဦးက “မေ ၁၆ ရက် ညပိုင်း ၁၂ နာရီလောက်မှာ မိုးမောက်ကနေ သစ်ကားတွေ အများကြီးထွက်တော့ ကချင်ပြည်နယ် အစိုးရအဖွဲ့ကို လှမ်းတိုင်တော့ လာဖမ်းကြတယ်။ ဒါပေမဲ့ မေ ၁၇ ရက်မှာ လာဖမ်းတယ်။ မိုးမောက်-လွယ်ဂျယ်က သုံးနာရီပဲ မောင်းရတော့ ဒီမှာလာဖမ်းချိန်မှာ ဟိုမှာက သစ်တောင်ရောင်းပြီးလောက်ပြီ။ မိုးမောက်-လွယ်ဂျယ်က သုံးနာရီပဲ မောင်းရတာ” ဟုဆိုသည်။
တရုတ်နိုင်ငံအတွင်း ကျွန်းသစ်၊ ပိတောက် တစ်တန် ကျပ်သိန်း ၅၀ ကျော်၊ သံမလန်းတစ်တန် ကျပ်သိန်း ၆၀ အထက် ရှိနေပြီး တရုတ်ငွေဈေးတက်ချိန် ရောက်သဖြင့် မြန်မာနိုင်ငံမှ မှောင်ခိုသစ်များ အ၀င်များကြောင်း ဒေသခံများက ဆိုသည်။
ယင်းသစ်မှောင်ခို ကိစ္စဖြင့် မိုးမောက်မြို့ နယ်အုပ်ချုပ်ရေးအဖွဲ့သို့ ကချင်ပြည်နယ် အစိုးရအဖွဲ့မှပေးသော ဖုန်းနံပါတ်ဖြင့် ဆက်သွယ်သော် လည်း ဆက်သွယ်၍ မရခဲ့ပေ။
ကချင်ပြည်နယ် အစိုးရအဖွဲ့မှ အရာရှိတစ်ဦးက “ကျွန်တော်တို့ဆီလည်း တိုင်တဲ့လူ ရှိ တယ်။ သွားဖမ်းတော့ တုန်ဖုန်းကား နှစ်စီးမိတယ်။ မိုးမောက်အုပ်ချုပ်ရေးဌာနကို ဆက်သွယ်ပါ” ဟု ဆိုသည်။
ကချင်ပြည်နယ်တွင် သစ်တောကြိုးဝိုင်းပေါင်း ၇၁ ခု၊ ဧကပေါင်း ၁၂၄၆၂၇၉ ဧက၊ ကြိုးပြင်ကာကွယ်တောပေါင်း ၃၄ ခု၊ ဧကပေါင်း ၃၁၉၄၈၅၈ ဧက၊ အမျိုးသားဥယျာဉ်နှင့် ဘေးမဲ့တောပေါင်း ခုနစ်ခု၊ ဧကပေါင်း ၄၉၄၅၁၅၁ ဧကရှိကြောင်း သိရသည်။ ယခုအချိန်တွင် ကချင်ပြည်နယ်အတွင်း ကုမ္ပဏီကြီးများမှ စိုက်ပျိုးမြေဧကပေါင်းများစွာ ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လာခြင်း၊ ဒေသခံများ တောင်ယာခုတ်ခြင်း၊ တရုတ်နိုင်ငံသို့ ဆယ်စုနှစ်သုံးခုနီးပါးကြာ မှောင်ခိုသစ်များတင်ပို့ခြင်း၊ ထင်းလောင်စာအဖြစ် အသုံးများခြင်း၊ တရုတ်နိုင်ငံမှ သဘာဝတောရိုင်း တိရစ္ဆာန်များကို ပရဆေးများဖော်စပ်ရန် ဈေးကောင်းပေး ၀ယ်ယူ နေခြင်းကြောင့် သစ်တောသယံဇာတများမှာ ရှားပါးပျောက်ကွယ် နေပြီဖြစ်သည်။
ကချင်ပြည်နယ်ရှိ တရုတ်နယ်စပ် သစ်တောများမှာ ၂၀၀၀ ပြည့်နှစ်နောက် ပိုင်းမှ စတင်ကာ တရုတ်နိုင်ငံဘက်သို့ သစ်တောသယံဇာတ အလွန်အကျွံ မှောင်ခိုထုတ်ယူခဲ့ကြပြီး ယခုအချိန်တွင် နယ်စပ်တောင်တန်း အများစုမှာ တောင်ကတုံးနီးပါးအဆင့်သာ ရှိတော့ကြောင်း ဒေသခံများက ဝေဖန်နေကြ သည်။
Eleven Media Group

No comments:

Post a Comment