Thursday 21 May 2015

တောင်ကြီး-မိုင်းရှူးသွားကားလမ်းပေါ်တွင် SPPP/SSA အဖွဲ့မှ ခရီးသွား ယာဉ်များအား ဆက်ကြေးကောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်၊ မိုင်းရဲကျေးရွာအုပ်စု၊ ဟိုက်ရှန်ကျေးရွာအနီးကားလမ်းပေါ်တွင် မေလ ၁၈ ရက်နေ့၌ SSPP/SSA အဖွဲ့မှ ဆက်ကြေးငွေကောက်ခံသွားကြောင်း ယင်းဒေသခံ ရွာသား များထံမှ သိရသည်။

အဆိုပါအဖွဲ့သည် မိုင်းရဲကျေးရွာအုပ်စု၊ ဟိုက်ရှန်ကျေးရွာသို့ ရောက်ရှိလာပြီး တောင်ကြီး-မိုင်းရှူး သွားကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်တစ်စီးအား တား၍ ဆက်ကြေးငွေ ကောက်ခံသွားကြောင်း သိရသည်။

“ဒီနားဝန်းကျင်မှာတော့ ခဏခဏဖြတ်ပြီးတောင်းနေတာပဲ၊ အစိုးရတပ်တွေ လာတဲ့အချိန်ဆိုမတောင်းဘူး၊ အစိုးရတပ်တွေ မရှိတော့တဲ့အချိန်ဆို တောင်းလေ့တောင်းထရှိတယ်”ဟု ရှမ်းတံခွန်ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးမှ ပြောသည်။

အဆိုပါဖြစ်စဉ်တွင် ယာဉ်ပေါ်တွင် ပါလာသော အမျိုးသမီး ၂ ဦးထံမှ ပစ္စည်းနှင့်ငွေသား စုစုပေါင်း ကာလ တန်ဖိုး ၇ သိန်းကျော်ကို ဆက်ကြေးအဖြစ် ယူဆောင်သွားကြောင်း ၎င်းအမျိုးသမီး၏ပြောပြချက်အရ သိရသည်။ 

“ရွာကိုလာပြီး ဆက်ကြေးလည်း ခဏခဏလာကောက်တယ်၊ ဆက်ကြေးကောက်ရင်းနဲ့ လမ်းပေါ်မှာရှိတဲ့ ကားတွေကို တားပြီး ကောက်သွားလေ့ရှိတယ်၊ လမ်းပေါ်ကမော်တော်ယာဉ်တွေကို ဆက်ကြေး ကောက် တော့ ခရီးသွားပြည်သူတွေ ဒုက္ခရောက်ရတာပေါ့”ဟု ယင်းဒေသခံရွာသားတစ်ဦးမှပြောသည်။

SSPP/SSA အဖွဲ့အနေဖြင့် ယခုကဲ့သို့ ခရီးသွားပြည်သူများထံမှ ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံနေခြင်းသည် ခရီးသွားလာရာ၌ အဆင်မပြေမှုများဖြစ်ပေါ်လျက်ရှိပြီး ခရီးသွားပြည်သူများ အနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရ ကြောင်း မိုင်းရှူးမြို့ခံပြည်သူတစ်ဦးက ပြောကြားသွားသည်။

စိုင်းဇော်လင်း
Shan News 

No comments:

Post a Comment