Thursday 21 May 2015

မူးယစ်ဆေးဝါးသုံးစွဲသည်ဟုဆိုကာ ရွှေတူးဖော်လုပ်ကိုင်နေသူ ၁၄ ဦးအား KIA အဖွဲ့မှ လူသစ်အဖြစ်ဖမ်းဆီး

ကချင်ပြည်နယ်၊ ချီဗွေမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းနှင့် ရွှေတူးဖော် လုပ်ကိုင်နေသူ ၁၄ ဦးအား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 

ချီဗွေမြို့နယ်၊ ရစ်လော်ရပ်ကွက်ရှိ စစ်ရှောင်စခန်းသို့ မေလ ၁၈ ရက်၊ ည ၁၀ နာရီဝန်းကျင်အချိန်ခန့်တွင် KIA အဖွဲ့များရောက်ရှိလာပြီး မောင်ဂျယ်ရယ် အသက် ၂၅ နှစ်၊ ထွေ/အုပ်စာရေး၊ မောင်ဒေါင်လွမ်း အသက် ၂၂ နှစ်၊ မောင်ဒေါင်ဇောင်း၊ အသက် ၂၀ နှစ်၊ ဇန်နောင်ယန်ကျေးရွာနေသူတို့နှင့် မုတ်သုန်တော အနီးတစ်ဝိုက်တွင် ရွှေတူးဖော်လုပ်ကိုင်နေသူများအပါအ၀င် ဒေသခံလူငယ် ၁၄ ဦးအား မူးယစ်ဆေးဝါး သုံးစွဲသည်ဟု အကြောင်းပြကာ ၀ဆီးရွာအနီးရှိ KIA စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွှေလုပ်သား တစ်ဦး၏ ဇနီးဖြစ်သူ မလုရာ မှပြောပြပါသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မောင်ဂျယ်ရယ် ပြန်လည်လွတ်မြောက်ရန် အတွက် ဖခင်ဖြစ်သူ ဦးဇယ်ဂျယ် အပါအ၀င် သင်းအုပ်ဆရာ ဦးခေါင်ဇောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခေါင်ဇယ်တို့ ၃ ဦးသည် ၀ဆီးကျေးရွာ အနီးရှိ KIA စခန်းသို့သွားရောက်ပြီး ၎င်း၏သားမှာ မူးယစ်ဆေးဝါးသုံးစွဲခြင်း မရှိကြောင်းနှင့် ၀န်ထမ်းတစ်ဦးဖြစ်သည့်အတွက် ပြန်လွှတ်ပေးရန် တောင်းပန်ခဲ့သဖြင့် မေလ ၁၉ ရက်နေ့ ညနေတွင် ပြန်လွှတ် ပေးခဲ့ကြောင်း ဦးဇယ်ဂျယ်မှ ပြောသည်။ 

“သူတို့ကို မူးယစ်ဆေးဝါးဖြတ်ပေးမယ်ဆိုပြီး ဖမ်းသွားတယ်၊ ဒါပေမယ့် KIA စခန်းမှာ ထင်းခုတ်၊ မြက်ရှင်း၊ မြေကျင်းတူးခိုင်းတာတွေစတဲ့ အလုပ်ကြမ်းတွေကို ခိုင်းနေတာတွေ့ခဲ့တယ်၊ အရင်တစ်ခေါက်တုန်းကလည်း မူးယစ်ဆေးဝါးဖြတ်ပေးမယ်ဆိုပြီး ဖမ်းလာတဲ့သူတွေကို စစ်သင်တန်း တက်ခိုင်း တာဘဲ၊ အခုလည်း အဲဒီလို လုပ်မှာသေချာတယ် ဆိုပြီး KIA စစ်သားတွေ အချင်းချင်း ပြောနေတာလည်းကြားခဲ့ရတယ်၊ ကျန်ခဲ့တဲ့ သူတွေ အတွက်တော့ စိတ်မကောင်းဖြစ်ရတာပေါ့ဗျာ” ဟု ၎င်းမှ ဆက်လက် ပြောပြခဲ့ပါသည်။

လဆမ်အောင်(မြစ်ကြီးနား)
Kachin Daily News 

No comments:

Post a Comment