Thursday 21 May 2015

ပေးပေး၊မပေးပေး ဖြတ်တောက်ခံရမည့် ဖုန်းဘီလ်အခွန်ငွေ

မိုဘိုင်းဖုန်းသုံးစွဲနေသူများ-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ) 
ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်ဆက်သွယ်ရေးဝန်ကြီးဌာနတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် မီဒီယာများအား အကြောင်းကြားခဲ့သည်။ ထုံးစံအတိုင်း အော်ပရေတာသုံးခုပါဝင်မည်ဆိုသည်မှလွဲ၍ မည် သည့် သတင်းစာရှင်းလင်းပွဲဟူသည်ကို ကြိုတင်အသိမပေးခဲ့။ မေလ ၁၈ ရက် သတင်းစာရှင်းလင်းပွဲ ကျင်းပချိန်မှသာ မိုဘိုင်းဖုန်းသုံးစွဲသူများ၏ ဖုန်းငွေဖြည့်သွင်းမှုမှ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ဖြတ် တောက်မည်ဆိုသည်ကို သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် မီဒီယာအချို့ကမေးခွန်းအ ချို့မေးမြန်းခဲ့သည်။ အဆိုပါပွဲတွင် သတင်း မီဒီယာအချို့က ရရှိလာသည့်အခွန်များကို နိုင်ငံတော်အားပေးဆောင်မည့်ပုံစံနှင့် အခွန်မည်မျှ ပေးဆောင် သည်ကို သိနိုင်ရန် ထုတ်ပြန်ပေးမည့်ပုံစံများ စသည့်အသေးစိတ်မေးခွန်းများ မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူများ ဖြေကြား ခြင်းမပြုခဲ့ပေ။

သတင်းစာရှင်းလင်းပွဲအပြီး တွင် သက်ဆိုင်ရာတာဝန်ရှိသူများ ထံအထက်ပါမေးခွန်းများကို 7 Day Daily သတင်းစာက သီးသန့် မေးမြန်းခဲ့ရာ တိကျစွာဖြေကြားခဲ့ခြင်းမရှိပေ။ အော်ပရေတာသုံးခုမှ အခွန် ကောက်ခံမှုအပေါ် ရှင်းလင်းမှုများပြုလုပ်ခဲ့ရာတွင် သုံးစွဲသူများထံမှ ကောက်ယူသွားမည့် ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင် နှုန်းကို နိုင်ငံတော်၏အခြားလိုအပ်သော ကဏ္ဍများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး စသည်တို့အတွက် အသုံးပြုသွားမည်ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။ အလားတူ အခွန်ဦးစီးဌာနလက် အောက်ရှိ တာဝန်ရှိသူထံ ဆက် သွယ်မေးမြန်းသော်လည်း အ ဆက်အသွယ်မရရှိခဲ့ပေ။

သတင်းစာရှင်းလင်းပွဲအပြီး သက်ဆိုင်ရာ အော်ပရေတာအသီးသီး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာများ၌ ဖုန်းဘီလ်မှ အခွန်ငွေ ၅ ရာ ခိုင်နှုန်းဖြတ်တောက်မည့် သတင်းများတစ်မုဟုတ်ချင်းပျံ့နှံ့လာခဲ့သည်။ ယင်းသို့ ပျံ့နှံ့ခဲ့ပြီးနောက် သန်းနှင့်ချီသော ဖုန်းသုံးစွဲသူများထံမှ ဝေဖန်မှုများ အများအပြား ထွက်ပေါ်လာခဲ့သည်။

အခွန်ကောက်ခံမည့်အပေါ် ဥပဒေပညာရှင်များ၊ နည်းပညာ ကျွမ်းကျင်သူများနှင့် မိုင်ဘိုင်းဖုန်း သုံးစွဲသူ ပြည်သူများက ကောင်း မွန်မှုမရှိသေးကာ ၀န်ဆောင်မှုပေါ် အခွန်ကောက်ယူခြင်းနှင့် ကောက်ယူမည့် စနစ်များကို တိ ကျစွာဖော်ပြခြင်းတို့ မရှိသည့်အ တွက် ပြင်းထန်စွာဝေဖန်ခဲ့ကြသည်။

‘‘အခွန်ဆောင်ဆိုလည်း ဆောင်ရမှာပေါ့။ လိုင်းတော့ ကောင်းအောင်လုပ်မပေးဘဲ အခွန်ကောက် မယ်ဆိုတော့ နည်း နည်းအံ့သြမိတယ်။ အခုအထိတော့  ဖုန်းဆက်ရင် ခေါ်မကြား၊ အော်မကြား ၊ အင်တာနက်သုံးရင် အ၀ိုင်းလေး လည်နေတုန်းပဲ’’ဟု မိုဘိုင်းဖုန်းသုံးစွဲသူ  မအေးသန္တာ က ပြောသည်။

‘‘ငွေသိန်းနဲ့ချီပေးရတဲ့ မိုဘိုင်းဖုန်းတွေကို ပြည်သူတွေအ တွက်ဆိုပြီးချပေးလိုက်တယ်။ ပြီးမှ တစ်ဖက်လှည့်နဲ့ အခွန်ပြန် ကောက်မယ်ဆိုရင် နားလှည့်ပြီး ပါးရိုက်သလိုပဲ’’ဟု တရားရုံးချုပ် ရှေ့နေ ဦးခင်ဇော်က ထောက်ပြသည်။ အခွန်အကောက်ဥပဒေအ  သစ်တွင် ကျောက်မျက်ကဲ့သို့ လုပ်ငန်းကြီးများအတွက် ကုန် သွယ်လုပ်ငန်းခွန်များကို ထက်ဝက်ကျော်ခန့် လျှော့ချလိုက်သည်ကို တွေ့ရပြီး ယခုမှအခြေခံလူ တန်းစား များ အသုံးပြုစဖြစ်သည့် မိုဘိုင်းဖုန်းအသုံးပြုခြင်းအပေါ် အခွန်စတင်ကောက်ခံခြင်းမှာ သဘာဝ မကျ ကြောင်း ဥပဒေရေးရာ ပညာရှင်များက ဆိုသည်။

‘‘အရင်က အိမ်ခြံမြေအ ရောင်းအ၀ယ် လုပ်ငန်းတွေမှာ ငွေဖြူပြနိုင်ရင် ကုန်သွယ်လုပ်ငန်းခွန် လျှော့ပေါ့ ခွင့်ဆိုတာ ရတယ်။ အခုဖုန်းအခွန်အတွက်ကျ တကယ့်အခြေခံလူတန်းစားတွေရော အားလုံး တစ်ပြေးညီကောက် ခံမယ်ဆိုရင်တော့ မသင့်တော်ဘူး’’  ဟု ဦးခင်ဇော်က သုံးသပ်သည်။ လက်ရှိတွင် နိုင်ငံတော်၏ အခွန်ကောက်ခံမှုစနစ်မှာ လစ်ဟာမှုများရှိနေပြီး အခွန်မဆောင်ဘဲနေသည့် လုပ်ငန်းရှင် အများအပြားရှိနေသည်ကိုတွေ့ရကာ ၎င်းတို့ကို ဦးစွာစနစ်တကျစိစစ်ခြင်းများ ပြုလုပ်သင့်ကြောင်း နည်းပညာလုပ် ငန်းရှင်များက အကြံပြုသည်။

‘‘တချို့လုပ်ငန်းတွေမှာ အခွန်မဆောင်တဲ့လူတွေ အများကြီးရှိတယ်။ ဒီမှာအခွန်ဆောင်တဲ့ အလေ့အထက ခေတ်မစားသေးတော့ အခုလိုကောက်တဲ့အပေါ် အပိုသက်သက်ပေးနေရတယ်လို့ ခံစားရတာပေါ့’’ဟု လူကြီးမင်း စီးပွားရေးလုပ်ငန်းစုမှ မန်နေဂျင်းဒါရိုက်တာကို ပြည်စိုးထွန်းက ပြောသည်။ အခွန်ကောက်ခံခြင်း များကို နိုင်ငံတကာတွင် အသုံးပြုနေသော စနစ်များအတိုင်းကောက် ခံမှုပြုလုပ်မည်ဟုဆိုသော်လည်း လက်ရှိပြည်တွင်း၌ အခြေခံလူတန်းစားများ၏ လူနေမှုဘ၀နှင့် အော်ပရေတာများမှပေးနေသည့် ၀န်ဆောင်မှုများကို နိုင်ငံတကာ အဆင့်မီအနေဖြင့် ဦးစွာအဆင့် မြှင့်တင်ပေးရန် လိုအပ်နေကြောင်း မြန်မာ နိုင်ငံကွန်ပျူတာ လုပ်ငန်း များအသင်း အတွင်းရေးမှူး ဦးမျိုး မြင့်ထွန်းက အကြံပြုသည်။

‘‘နိုင်ငံတကာမှာ အခုလိုမျိုး အခွန်ကောက်ပေမယ့် သူတို့ဆီ က အော်ပရေတာအများစုက ကြားထဲကနေ စိုက်ပြီး ဆောင်ပေးတာများတယ်။ ဥပမာ ထိုင်းမှာဆိုရင် ဘတ်ငွေတစ်ရာဖိုးဘီလ် ဖြည့်ရင် တစ်ရာဖိုး အပြည့်သုံးလို့ ရတယ်။ ပြီးတော့အခွန်ဆောင်ပြီး သားဆိုတာလည်း ဖော်ပြထားတယ်။ အဲဒီလိုမျိုးလုပ်ပေး နိုင်ရင် တော့ ကောင်းမယ်’’ဟု ဦးမျိုးမြင့် ထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာများက သုံးစွဲသူများကိုယ်စားကြားက ကျခံစိုက် ထုတ်ပေး မည်ဆိုလျှင်ပင် ခွင့်ပြုထားခြင်းမရှိကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင် က ပြောသည်။

လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ အော်ပရေတာသုံးခုမှ မိုဘိုင်းဖုန်း အသုံးပြုသူပေါင်း ၂၁ သန်းကျော် အထိ ရှိကြောင်း နိုင်ငံပိုင်မီဒီယာများမှ သတင်းထုတ်ပြန်ထားသည်။ အဆိုပါအသုံးပြုသူအရေအတွက်အရ မိုဘိုင်းဖုန်းသုံးသူတစ်ဦးလျှင် ငွေကျပ်တစ်ထောင်စီ ဖြည့်သွင်းပါက အခွန်ငွေ ၄၈ ကျပ် ပေးဆောင် ရမည်ဖြစ်သောကြောင့် နိုင်ငံတော်က အခွန်ငွေကျပ်သန်း တစ်ထောင်ကျော် ရရှိမည်ဖြစ် သည်။

သို့သော် လက်ရှိ ၅ ရာခိုင် နှုန်းကောက်ခံမည့်ပမာဏတွင် ငွေတစ်ထောင်ကျပ်တန်ဖုန်း ဘီလ်အတွက် ၅ ရာခိုင်နှုန်းအတိအကျကောက်ခံမည်ဆိုပါက ၄၇ ဒသမ ၆၀ ကျပ်သာကျသင့်မည် ဖြစ်သော်လည်း ၄၈ ကျပ်သတ်မှတ်ထားသဖြင့် ပုံမှန်ကျသင့်ရမည့် ပမာဏထက်ပြား ၄၀ ပိုကာ ရယူထားကြောင်း ဖေ့စ်ဘွတ်ခ် သုံးစွဲသူတစ်ဦးက ထောက်ပြဝေဖန် ထားသည်။

‘‘တစ်ထောင်တန်ငွေဖြည့် ကတ်ရဲ့ ၅ ရာခိုင်နှုန်းက ၄၇ ကျပ် ၆၀ ပြားဖြစ်ရမှာကို ဘာလို့ ၄၈ ကျပ်ဆိုပြီး ပြားလေးဆယ်ပို ကောက်ရတာလဲ။ ဒီအပိုကောက်တာက ဥပဒေမဲ့ပါ။ နောက်တစ်ချက်က တစ်ထောင်တန် ငွေဖြည့် ကတ်ကို ၉၅၂  ကျပ်ပဲသုံးခွင့်ရတာလည်း ကုန်စည်ပေါ်မမှန်မကန်ဖော်ပြပြီး ရောင်းတာမို့ စားသုံးသူကာကွယ်ရေးဥပဒေနဲ့ ငြိစွန်းပါတယ်’’ဟု ကိုမောင်မောင်ညွန့်ဆို သူက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် ဝေဖန်ရေးသားခဲ့သည်။ ယင်းအချက်မှာလည်း အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ အသား မကျသေးသော ပြည်သူများအတွက် သက်ဆိုင်ရာမှ တိကျစွာဆောင်ရွက်မှုမရှိခြင်းကို ထောက်ပြ နေခြင်းဖြစ်သည်။

ငွေကျပ်တစ်သောင်းစီဖြည့် သွင်းပါက အခွန် ၄၇၆ ကျပ်စီပေး ဆောင်ရမည်ဖြစ်သည့်အတွက် နိုင်ငံတော်က အခွန်ငွေကျပ်သန်း တစ်သောင်းခန့် ရရှိမည်ဖြစ်သည်။ လက်ရှိပမာဏမှာ ခန့်မှန်းတွက် ချက်ထားခြင်းသာ ဖြစ်ပြီး အော်ပရေတာအနေဖြင့် တစ်လတာအတွက် ဖုန်းဘီလ်ဖြည့်သွင်းမှုမှရရှိသည့် အခွန်ပမာဏ မည်မျှကို အစိုးရသို့ ပေးသွင်းခဲ့သည့်ဟူသည်ကို ပြည်သူလူထုသို့ ထုတ်ပြန်ပေးခွင့် မရှိကြောင်း အူရီးဒူး မြန်မာ၏ ပြန်ကြားရေးတာဝန်ခံ  ဒေါ်သီရိကြာညိုကပြောသည်။

ယင်းပြဿနာမှာ ဖုန်းဘီလ် အခွန်ဆောင်သည့် ပြည်သူများထံမှ ရရှိသည့်အခွန်ငွေမည်မျှကို အစိုးရက ရရှိသည်ကို သိရှိခွင့်မပေး ထားခြင်းဖြစ်သည်။

၂၀၁၅ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ၂၀၁၅ -၁၆ ဘဏ္ဍာနှစ်၌ ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းမှ အခွန် ငွေကျပ် သန်းပေါင်းငါးသိန်းကျော် ရရှိမည်ဟု မျှော်မှန်းထားသည်။ ယင်းငါးသိန်းတွင် ငွေဖြည့်ကတ်များ၊ ဆင်းမ်ကတ်ရောင်းချမှုများ နှင့် အော်ပရေတာများထံမှကောက် ခံခြင်းများပါဝင်သည်။

ဝေဖန်ထောက်ပြသူများက နိုင်ငံတကာတွင် ကောက်ခံနေသည့် အခြေအနေများနှင့်လည်း နှိုင်းယှဉ်ဝေဖန် ခြင်းများ ရှိခဲ့သည်။

‘‘စင်ကာပူမှာတောင် မိုဘိုင်းဖုန်းဘီလ်အတွက်အခွန်စကောက် တုန်းက ၃ ရာခိုင်နှုန်းပဲ ကောက်ခဲ့တယ်။ အခုမှ ၇ ရာခိုင်နှုန်းကို ပြောင်းသွားတာ၊ အဲဒါကို မြန်မာနိုင်ငံက စကောက်တဲ့ အချိန်မှာ တင် ၅ ရာခိုင်နှုန်းနဲ့ ကောက်မယ်ဆိုတော့ ဒီနိုင်ငံရဲ့အခြေအနေနဲ့ များနေပါတယ်’’ဟု မန္တလေးတိုင်း ကွန်ပျူတာလုပ်ငန်းရှင် အသင်း နာယက ဦးရဲမြတ်သူက တွက်ပြသည်။  ပြည်သူများပေးဆောင်လိုက်သည့် အခွန်များကို နိုင်ငံ တော်အား မည်ကဲ့သို့ပေးဆောင်သွားမည်နှင့် သုံးစွဲသူများက ပေးဆောင်သည့် အခွန်ပမာဏများ ထုတ်ပြန် သွားမည့်ပုံစံများကို ၀န်ကြီးဌာနက တိကျစွာဖော်ပြ ပေးရန်လိုအပ်ကြောင်း ပညာရှင်များက အကြံပြုသည်။

‘‘စားသောက်ဆိုင်မှာ တစ်ခုခုစားရင် အခွန်ဆောင်ကြောင်းအသိအမှတ်ပြုတဲ့အနေနဲ့ ဖြတ်ပိုင်း တစ်ခု ရတယ်။ အခုဖုန်းအသုံးပြုတဲ့ ပြည်သူတွေကို အခွန်ကောက်မယ်ဆိုရင် အခွန်ဆောင်ပြီးကြောင်း အထောက် အထားဘယ် လိုပေးမှာလဲ၊ ဘယ်လောက် ဆောင်ထားတယ်ဆိုတာ ဘယ်လိုထုတ်ပေးမှာလဲ မသေချာတဲ့ ပြဿနာတွေရှိနေတယ်’’ဟု တရား ရုံးချုပ်ရှေ့နေ ဦးခင်ဇော်က ထောက်ပြသည်။

ဥပဒေအရ နိုင်ငံသားတိုင်း အခွန်ဆောင်ရခြင်းဖြစ်သော် လည်း မြန်မာနိုင်ငံ၏ လက်ရှိအ ခြေအနေအရ ၅ ရာခိုင်နှုန်း အခွန်ကောက်ခြင်းသည်များနေပြီး ရရှိလာမည့်အခွန်များကိုလည်း အကျိုးရှိရှိအသုံးချရန် လိုအပ်ကာ စီမံခန့်ခွဲမှုညံ့နေမည်ဆိုပါက အခွန်ဆောင်သည့် ပြည်သူများအတွက် အကျိုးရှိမည် မဟုတ် ကြောင်း ဦးရဲမြတ်သူကပြောသည်။ ‘‘အရေးကြီးတာက အခွန်ကောက်မယ်ဆိုရင် ဘယ်လောက် ဆောင်ပြီး ပြီဆိုတာ ပြည်သူတွေသိအောင်လုပ်ပေးဖို့ပဲ။ ဘယ်လောက်ယူမှန်းလည်းမသိ၊ ပြေစာလည်းမပေးဘူး ဆိုရင်  နိုင်ငံတော်က အခွန်ကောက်တာနဲ့မတူဘဲ  မတရားယူတာနဲ့တူနေမယ်’’ဟု ဦးခင်ဇော်က ပြောသည်။

7Day DAILY 

No comments:

Post a Comment