Thursday 21 May 2015

ပြည်မြို့မှာလည်း လိင်တူချစ်သူနေ့ ကျင်းပ

ဓာတ်ပုံများ - ကောင်းမြတ်မင်း/ The Irrawaddy
ပြည်မြို့က လိင်တူချစ်သူတွေကလည်း မေလ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လိင်တူ ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် မေလ ၂၀ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်တဲ့။


ပထမကတော့ မေလ ၁၇ ရက်နေ့မှာ ပွဲကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ခန်းမအခက်အခဲရှိခဲ့တဲ့အတွက် မေလ ၂၀ ရက်နေ့ကို ပြောင်းလဲစီစဉ်ခဲ့ရတာလို့ သိရပါတယ်။ လိင်တူချစ်သူများအပေါ် ပတ်ဝန်းကျင်အသိုင်းအဝိုင်းက လက်ခံနားလည်ပေးနိုင်မှုတွေ ရရှိနိုင်ဖို့ ကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း ခေတ္တရာစွယ်တော်ဦး(လူမှု/ ကျန်းမာရေး)အဖွဲ့က ဘဏ္ဍာရေးမှူး ဦးမောင်မောင်ကြီးက ပြောပါတယ်။

“အဓိကပတ်ဝန်းကျင်က လိင်တူချစ်သူတွေအပေါ် လက်ခံနားလည်ပေးနိုင်ဖို့အတွက် လုပ်တာပါ။ မာမီတို့က စည်းစိမ်းဥစ္စာတွေပုံပေးပြီး ဒီဘဝကိုစွန့်လွှတ်ပါဆိုရင်တောင် မစွန့်လွှတ်နိုင်ဘူး၊ အမေမွေးကတည်းက ပါလာတဲ့ ဗီဇလေ၊ ဒါကို ပတ်ဝန်းကျင်က နားလည်လက်ခံပေးနိုင်ဖို့ အများကြီးလိုအပ်ပါတယ်။ အစိုးရဘက်ကတော့ နားလည်မှုရှိလာတဲ့ပုံစံမျိုးတော့ ရှိပေမယ့် ပုဒ်မ ၃၇၇ လိုဟာမျိုး ပြဌာန်းထားတာ ကိုတော့ ပြင်နိုင်ဖို့ မာမီတို့ ကြိုးစားနေရပါတယ်။ ပြည်သူလူထုထက်ဝက်ကျော်လောက်ကတော့ ဒါကိုနားလည်ပေးနိုင်နေပါပြီ။ အပြည့်အဝရဖို့ ကြိုးစားရပါအုံးမယ်။” လို့ ဦးမောင်မောင်ကြီးက ပြောပါတယ်။

ပုဒ်မ ၃၇၇ သဘာဝမကျတဲ့ လိင်ဆက်ဆံပြုမူခြင်း ဆိုတဲ့ ပုဒ်မဟာလည်း လိင်တူချစ်သူတွေအတွက် အတားအဆီးတခုဖြစ်ခဲ့ပေမယ့် ဒီပုဒ်မနဲ့ တရားစွဲခံရတဲ့ လိင်တူချစ်သူ မရှိသလောက်ပါပဲ။ 

ဒါ့ထက် မြန်မာနိုင်ငံက ဗွီဒီယိုလောကသားတွေအနေနဲ့ မိန်းမလျှာတွေအပေါ် ခွဲခြားဆက်ဆံတဲ့ ဇာတ်လမ်း မျိုးတွေ ထုတ်လုပ်နေမှုကိုလည်း သူကအခုလို ဆက်ပြောပါတယ်။

“ပတ်ဝန်းကျင်က နာလည်ပေးနိုင်မှုအတွက် ကြိုးစားနေရချိန်မှာ ဗွီဒီယိုဇာတ်လမ်းတွေထဲမှာ မိန်းမလျှာ တွေဆိုရင် တကယ့်အပြင်လောကက မာမီတွေကိုသုံးလို့ရပါရက်နဲ့ လူရွှင်တော်တွေကို အစားထိုး သုံးတယ်။ ပြီးရင် လူတွေအမြင်မှာ တဆင့်နိမ့်တဲ့ဇာတ်ဆောင်မျိုးနဲ့ ဟာသလုပ်ဖို့ အလှောင်ခံရဖို့ပဲ အသုံးပြုနေကြ တယ်။ သူတို့ ရိုက်လိုက်တာက သူတို့အတွက် ဘာမှမဟုတ်ပေမယ့် ပြင်ပလောကမှာရှိတဲ့ မာမီတို့အပေါ် လူတွေက အဲဒီလို ဆက်ဆံလာကြတယ်။ ဒါမျိုးလေးတွေကိုလည်း ဂရုစိုက်ပြုပြင်ပေးသင့်ပါတယ်။” လို့ သူက ဆက် ပြောပါတယ်။

ပြည်မြို့မှာရှိတဲ့ MSM (Men Who have Sex with Men) အဖွဲ့ထဲက အသက် ၆၀ ကျော်တွေကို ပူဇော်ကန်တော့တဲ့ သက်ကြီး ပူဇော်ပွဲနဲ့အတူ HIV/AIDS ရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲကိုပါ ပူးတွဲ ပြုလုပ်ခဲ့ကြပါတယ်။

ခေတ္တရာစွယ်တော်ဦး (လူမှု/ကျန်းမာရေး)အဖွဲ့မှာ အဖွဲ့ဝင် မိန်းမလျှာ(၈၀)ကျော်ရှိပြီး၊ ပြည်မြို့နယ် အနီးတဝိုက် ဘာသာရေး၊ သာရေး၊ နာရေး၊ လူမှုရေး အပြင် HIV/AIDS ရောဂါဝေဒနာရှင်များအတွက် ART ဆေးဝါး ထောက်ပံ့မှုရရှိရေး၊ အားပေးနှစ်သိမ့်ဆွေးနွေးမှုတွေကိုပါ ပူတွဲလုပ်ကိုင်ပေးနေတဲ့ NGO တခု လည်းဖြစ်ပါတယ်။

ကောင်းမြတ်မင်း
ဧရာဝတီ

No comments:

Post a Comment