Thursday 21 May 2015

အခွန်ရှောင်နေသူများကို စောင့်ကြည့်စာရင်းပြုစုမည့် အခွန်အထောက်အကူ ပြုအဖွဲ့များ ဖွဲ့စည်းမည်

အခွန်ရှောင်နေသော ကုမ္ပဏီများ၊ ၀င်ငွေခွန်မဆောင်သူများ၊ ကုန်စုံဆိုင်များ၊ကုန်သွယ်  လုပ်ငန်းခွန် မဆောင်သူများနှင့် အိမ်ခြံမြေ ငှားရမ်းခရသူများ၊ ပွဲစားခ၀င်ငွေ ရသူများ၏ စာရင်း ပြုစုရန် မြို့နယ်များတွင် အခွန်အ ထောက်အကူပြုအဖွဲ့ စတင်ဖွဲ့ စည်းမည်ဖြစ်ကြောင်းသတင်းရရှိသည်။

ယခုဘဏ္ဍာနှစ်မှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအ ဆင့်မှ တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်အထိ အခွန်အထောက် အကူပြုအဖွဲ့များဖွဲ့စည်းမည်ဖြစ်ပြီး အခွန်ဌာန၊ အုပ်ချုပ်ရေးနှင့် ရပ်မိရပ်ဖများ ပါဝင် မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးမှူး ဦးကျော်သန့်လွင် ကပြောသည်။

‘‘အခွန်ကောက်ရင် ဒီပုံစံအ တိုင်းကောက်လို့မရဘူး။ အခွန် ဆောင်ဖို့ စာရွက်သွားပေးရင် တောင် မောင်း ထုတ်ခံခဲ့ရတာတွေရှိတယ်။ ဒါကြောင့် အုပ်ချုပ်ရေးပိုင်းက အကူအညီကိုရယူရတာပါ’’ဟု ၎င်းကဆိုသည်။

အခွန်အထောက်အကူပြုအ ဖွဲ့ ဖွဲ့စည်းရန်ပြည်ထောင်စုအစိုးရ အဖွဲ့၏ ခွင့်ပြုမိန့်ရထားပြီး မကြာမီ တိုင်း ဒေသကြီးနှင့် ပြည်နယ်အလိုက် ပြည်ထဲရေး၊ ဘဏ္ဍာရေးဆိုင်ရာ အစိုးရအဖွဲ့များ ဦးစီး၍ ဖွဲ့စည်းမည်ဖြစ် ကြောင်း အခွန်ဦး စီးမှူးကပြောသည်။

အခွန်အထောက်အကူပြုအ ဖွဲ့သည် အခွန်ရှောင်နေသူများစာ ရင်းကို အခွန်ဌာနသို့ တင်ပြရမည် ဖြစ်ပြီး အခွန်ဌာနသည် အဆိုပါ စာရင်းအပေါ် အခြေခံ၍ အခွန် စည်းကြပ်ဆောင်ရွက်မည်ဖြစ် ကြောင်း ပြည်တွင်း အခွန်များဦးစီး ဌာနကဆိုသည်။

‘‘အခုလို အထောက်အကူအ ဖွဲ့ ဖွဲ့တာရည်ရွယ်ချက်ကောင်း ပါတယ်။ နိုင်ငံအတွက် အခွန်ငွေ ပိုရတာပေါ့။ ဒါကို ကိုယ်ကျိုးအတွက် အသုံးချတာတွေဖြစ်လာနိုင်တယ်’’ဟု ရန်ကင်းမြို့နယ်မှ အိမ်ခန်းငှားထားသူ ဦးစိုးမြင့်က ပြောသည်။

အခွန်ဥပဒေအရ အခွန်မ ဆောင်သူများ၏ ပိုင်ဆိုင်မှုကို ချိပ်ပိတ်၍ လေလံတင်ရောင်းချ နိုင်သည်အထိ အရေးယူနိုင်သော်လည်း လက်ရှိအထိအရေးယူဦးမည်မဟုတ်သေးကြောင်း ဦးကျော်သန့်လွင်က ပြော သည်။

မြန်မာနိုင်ငံသည် အာဆီယံ နိုင်ငံများတွင် အခွန်နှင့်ဂျီဒီပီအချိုး အနည်းဆုံးဖြစ်ပြီး ၂၀၁၄ အတွင်း တစ်နိုင်ငံ လုံး၌ ၀င်ငွေခွန်ဆောင် သူသုံးသိန်းနှစ်သောင်းကျော်သာ ရှိသည်။ ထို့ပြင်အခွန်ဆောင်ရန် ဆက်သွယ်၍ မရသောကြောင့် စာရင်းဖျက်သိမ်းရန်ကုမ္ပဏီ ၃၀၀ ကျော်စာရင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီစုစုပေါင်း ၄၇,၀၀၀ ကျော်ရှိပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ် အတွင်း အခွန်ဆောင်သည့်ကုမ္ပဏီ ရှစ်ထောင်ကျော်သာရှိကြောင်း အခွန်ကောက်ခံမှုကြီးကြပ်ရေးအဖွဲ့ကဆိုသည်။

7Day DAILY 

No comments:

Post a Comment