Thursday 21 May 2015

ငွေကြေးစစ်ပွဲစတင်တော့မှာလား


စီးပွားရေးဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ဖွံ့ဖြိုးစနိုင်ငံအများအပြား၌ ပြည်တွင်းဝယ်လိုအားကျဆင်းနေချိန်တွင် ပြည်ပပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ခြင်းဖြင့် စီးပွားရေးတိုးတက်စေရန် မူဝါဒချမှတ်သူများ သွေးဆောင်ခံနေရသည်။ ထိုသို့လုပ်ဆောင်ခြင်းမှာ ငွေကြေးအားနည်းနေရန် လိုအပ်ပြီး ငွေကြေးတန်ဖိုးကျဆင်းစေရန် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော ငွေကြေးမူဝါဒများ ချမှတ်ရန် လိုအပ်ပါသည်။

ယခုနှစ်ဦးမှစ၍ ကမ္ဘာတစ်ဝန်းဗဟိုဘဏ်ပေါင်း ၂၀ ကျော်က ငွေကြေးမူဝါဒများ လျှော့ပေါ့ခဲ့ကြသည်။ ယင်းမှာ ဥရောပဗဟိုဘဏ်နှင့် ဂျပန်ဗဟိုဘဏ်တို့၏ ဦးဆောင်မှုနောက်လိုက်ခြင်းဖြစ်သည်။ ယူရိုဇုန်အတွင်းရှိ နိုင်ငံများမှာ ၎င်းတို့၏ ကုန်သွယ်မှုလိုငွေလျှော့ချရန် နှင့် ဖွံ့ဖြိုးတိုးတက်မှုတွန်းနှိုးရန် ငွေကြေးတန်ဖိုးကျဆင်းမှု လိုအပ်သည်။ သို့သော် အရေအတွက်အားဖြင့် သက်သာရာရစေခြင်း အစီအစဉ်ကြောင့် ဖြစ်ပေါ်လာသော ငွေကြေးတန်ဖိုးကျဆင်းမှုမှနေ၍ ဂျာမနီနိုင်ငံ၏ စာရင်းရှင် ဘတ်ဂျက်ပိုငွေကို ထပ်မံမြင့်တက်သွားစေခဲ့သည်။ ထိုသို့ ကုန်သွယ်မှုပိုငွေမှာ အခြားယူရိုဇုန်နိုင်ငံကြီးများတွင်လည်း မြင့်တက်နေရာ ယူရိုဇုန်ငွေကြေးအဖွဲ့၏ ငွေကြေးမျှခြေမညီမျှမှု ကြီးမားကျယ်ပြန့်လာနေသည်။
ဂျပန်နိုင်ငံတွင် အရေအတွက်အားဖြင့် သက်သာရာရစေခြင်း(QE) မှာ ၀န်ကြီးချုပ်ရှင်ဇိုအာဘေး၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုအစီအစဉ် (Abenomisc)၏ ပထမဆုံးပစ်လွှတ်လိုက်သော မြားဖြစ်သည်။ ယင်းအစီအစဉ်စတင်လိုက်ခြင်းမှာ ယန်းငွေတန်ဖိုးကျဆင်းသွားစေခဲ့ပြီး ယခုအခါ ကုန်သွယ်ရေးပိုငွေများဆီ ဦးတည်နေသည်။
ဥရောပဗဟိုဘဏ် (ECB) နှင့် ဂျပန်ဗဟိုဘဏ် (BOJ) တို့က ယင်းသို့ အရေအတွက်အရ သက်သာရာရစေခြင်း (QE) အား ကျင့်သုံးလိုက်ခြင်းမှာ အမေရိကန်ဒေါ်လာတန်ဖိုးတက်ရန် ဖိအားများ ဖြစ်ပေါ်လာစေခဲ့သည်။ ထို့အပြင် အမေရိကန်ဒေါ်လာတန်ဖိုးမှာ သြစတြေးလျ၊ ကနေဒါကဲ့သို့ ကုန်ပစ္စည်းများ အဓိကတင်ပို့သော ဖွံ့ဖြိုးပြီးနိုင်ငံများ၊ အခြားစီးပွားရေးထွန်းသစ်စနိုင်ငံများ၏ ငွေကြေးများနှင့် နှိုင်းယှဉ်လျှင် တန်ဖိုးတက်လာခဲ့သည်။ ယင်းနိုင်ငံများတွင် ရေနံနှင့် အခြားကုန်ပစ္စည်းတန်ဖိုးများ ကျဆင်းမှုများမှနေ၍ ငွေကြေးတန်ဖိုးကျဆင်းမှုများ ဖြစ်လာစေခဲ့ပြီး တစ်ဖန် ထိုသို့ငွေကြေးတန်ဖိုးကျဆင်းမှုက နိုင်ငံခြားတင်ပို့မှုလျော့ကျ၍ ဖြစ်ပေါ်လာသော ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်ထိခိုက်မှုများကို အကာအကွယ်ပေးထားသည်။
အခြားနိုင်ငံရေးမတည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးခြင်း၊ ငွေကြေးဖောင်းပွမှုမြင့်တက်ခြင်း၊ ဘဏ္ဍာရေးနှင့် လက်ရှိငွေစာရင်း မညီမမျှဖြစ်နေသော နိုင်ငံများ၏ ငွေကြေးများနှင့် နှိုင်းယှဉ်လျှင်လည်း အမေရိကန်ဒေါ်လာတန်ဖိုးက မြင့်နေပါသည်။
တရုတ်နိုင်ငံကပင် ပြီးခဲ့သည့်နှစ်အတွင်း ကန်ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့၏ ငွေကြေးတန်ဖိုးကို ခေတ္တခဏကျဆင်းခွင့်ပြုခဲ့သည်။ ကုန်ပစ္စည်းထုတ်လုပ်မှု ဖွံ့ဖြိုးခြင်း ဆက်လက်နှေးကွေးနေခဲ့ပါက တရုတ်အစိုးရအနေဖြင့် ယွမ်ငွေကို ထပ်မံတန်ဖိုးကျဆင်းရေး ခွင့်ပြုကောင်းခွင့်ပြုနိုင်ပါသည်။ ထိုအတောအတွင်း တရုတ်တို့၏ ကုန်သွယ်ရေးပိုငွေမှာ ပြန်လည်မြင့်တက်လာခဲ့ပါသည်။ ယင်းမှာ ၎င်းတို့တွင် ပိုလျှံနေသော သံမဏိကဲ့သို့ ကုန်ပစ္စည်းများကို တရုတ်က ကမ္ဘာ့ဈေးကွက်တွင် ဈေးပေါပေါဖြင့် ရောင်းချနေခြင်းကြောင့်လည်းဖြစ်သည်။
မကြာသေးမီအချိန်အထိ အမေရိကန်မူဝါဒချမှတ်သူများမှာ ဒေါ်လာတန်ဖိုးမြင့်တက်မှုကို အလွန်အမင်းစိုးရိမ်ပူပန်ခြင်းမဖြစ်ကြပေ။ ယင်းမှာ ဥရောပနှင့် ဂျပန်ထက်စာလျှင် အမေရိကန်၏ ဖွံ့ ဖြိုးတိုးတက်မှု အလားအလာကောင်းနေ၍ ဖြစ်သည်။ တကယ်တမ်းလည်း ဒေါ်လာတန်ဖိုး မြင့်တက်နေလင့်ကစား အမေရိကန်ပြည်တွင်းဝယ်လိုအားမှာ နိုင်ငံ၏ ဂျီဒီပီ ၃ ရာခိုင်နှုန်း တိုးတက်လောက်အောင် ခိုင်မာခဲ့သည်ဟု ယခုနှစ်စပိုင်းက မျှော်လင့်ခဲ့ကြသည်။ ရေနံဈေးနှုန်းကျဆင်းမှုနှင့် အလုပ်အကိုင်များ ဖန်တီးနိုင်မှုက စားသုံးသူများ သုံးစွဲနိုင်သော ငွေကြေးနှင့် သုံးစွဲမှုကို အင်အားပြည့်စေလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။ ဖွံ့ဖြိုးတိုးတက်မှုအရှိန်ရလာ၍ ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် လူနေအိမ်ရာ ရင်းနှီးမြှုပ်နှံမှုခိုင်မာလာမည်ဟု မှတ်ယူခဲ့ကြသည်။
သို့သော် လက်ရှိအခြေအနေမှာ ယခင်ကနှင့်မတူတော့ပေ။ ငွေကြေးလဲလှယ်မှုနှုန်းထားအပေါ် အမေရိကန်အရာရှိများ၏ စိတ်တိုင်းမကျမှုမှာ ပိုမိုထင်ရှားလာသည်။ လူတိုင်းမျှော်လင့်ထားသည်ထက် ကန်ဒေါ်လာတန်ဖိုး ပိုမိုမြင့်တက်ခဲ့သည်။ ၂၀၁၅ ပထမသုံးလပတ်တွင် အထင်အရှား မြင်တွေ့ရသည်။ နိုင်ငံခြားတင်ပို့မှု၊ ငွေကြေးဖောင်းပွမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိခိုက်မှုများမှာ မူဝါဒချမှတ်သူများ ခန့်မှန်းတွက်ချက်ထားသော ပုံစံထက်ပို၍ ကြီးမား၊ ပိုမိုလျင်မြန်လာခဲ့သည်။
ပြည်တွင်းဝယ်လိုအားခိုင်မာမှုမှာလည်း လက်တွေ့ဖြစ်မလာခဲ့ပေ။ ပထမသုံးလပတ်တွင် စားသုံးသူ သုံးစွဲမှုအားနည်းခဲ့ပြီး ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် လူနေအိမ်ရာ ရင်းနှီးမြှုပ်နှံမှုများမှာ ပို၍ပင် အားနည်းခဲ့သည်။
ယင်းအတွက်ကြောင့် ဒေါ်လာတန်ဖိုးထပ်မံကျဆင်းမှု မဖြစ်စေရန် အမေရိကန်နိုင်ငံသည်လည်း ငွေကြေးစစ်ပွဲတွင် ပါဝင်လာခဲ့သည်။ ဒေါ်လာတန်ဖိုးမြင့်တက်မှုမှာ နိုင်ငံခြားတင်ပို့မှု၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်သော အကြောင်းရင်းတစ်ခုအဖြစ် အမေရိကန်အာဏာပိုင်များက စတင်ပြောဆိုလာခဲ့ကြသည်။ ထို့အပြင် ပြည်တွင်းဝယ်လိုအားကို အားကောင်းစေနိုင်သော ယာယီဘဏ္ဍာရေးနှိုးဆွမှုနှင့် လုပ်ခလစာများ တိုးမြှင့်ပေးရေးတို့ လုပ်ဆောင်မည့်အစား ယူရိုငွေတန်ဖိုးကို ကျဆင်းသွားစေသည့် မူဝါဒများကို ကျင့်သုံးခဲ့သော ယူရိုဇုန်နှင့် ဂျာမနီအား အမေရိကန်အာဏာပိုင်များက ပိုမိုဝေဖန်ပြောဆိုလာခဲ့သည်။ ဝေဖန်ပြောဆိုမှုများနောက်ကွယ်တွင် မူဝါဒပိုင်းအရေးယူမှုများ ရှိလာပါလိမ့်မည်။
ငွေကြေးပွတ်တိုက်မှုများမှနေ၍ ကုန်သွယ်ရေးပွတ်တိုက်မှုများဆီ ဦးတည်နိုင်ပါသည်။ ငွေကြေးစစ်ပွဲမှ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်နိုင်ပါသည်။ ယင်းအတွက် အာရှနိုင်ငံများနှင့် ကြီးမားသော ကုန်သွယ်ရေးသဘောတူညီချက် ပစိဖိတ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှု(TPP)ကို အပြီးသတ်ရန် အမေရိကန်၏ ကြိုးပမ်းမှုမှာ ဒုက္ခတွေ့နိုင်ပါသည်။ TPP အပြီးသတ်နိုင်ရေး အိုဘားမားအစိုးရက လွှတ်တော်တွင် ထောက်ခံမဲ အလုံအလောက်ရရှိရန် ခက်ခဲစွာ လုပ်ဆောင်ရမည်အချိန်မှာပင် ငွေကြေးခြယ်လှယ်ကစားသော နိုင်ငံများအား အခွန်အကောက်များ ချမှတ်ရေး အဆိုပြုထားသော ဥပဒေမှာ TPP စာချုပ်ကို ပိုမိုရှုပ်ထွေးသွားစေခဲ့သည်။ အကယ်၍ ငွေကြေးမူဝါဒနှင့် ကုန်သွယ်ရေး ချိတ်ဆက်မှုကိုသာ အတင်းအကျပ်ထည့်သွင်းခဲ့ပါက အာရှနိုင်ငံများက TPP တွင် ပါဝင်ကြမည်မဟုတ်ပေ။
ပြည်တွင်းဝယ်လိုအား ခိုင်မာစေပြီး ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေးမူဝါဒများကို အစိုးရအဖွဲ့အများစုက လိုက်နာကြပြီး အိမ်နီးချင်းများကို ဆင်းရဲစေသော ပြည်ပပို့ကုန်ဦးဆောင်သော ဖွံ့ဖြိုးမှုကိုရှောင်လွှဲလျှင် ကမ္ဘာကြီးအတွက် ပိုမိုကောင်းမွန်ပါလိမ့်မည်။ သို့သော်လည်း ထိုသို့လုပ်ဆောင်နိုင်ရေးအတွက် ငွေကြေးမူဝါဒထက် သင့်တင့်သော ဘဏ္ဍာရေးမူဝါဒများကို ပိုမိုအားကိုးအားထားပြုရပါလိမ့်မည်။ ငွေကြေးတန်ဖိုး ကျဆင်းစေခြင်းထက် ပြည်တွင်းဝယ်လိုအားကို အားပေးသော အလုပ်သမားဝင်ငွေနှင့် စားသုံးမှုတိုးတက်ရေး၊ လုပ်ခလစာတိုးမြှင့်ရေး မူဝါဒများကိုပင် ကျင့်သုံးရပါလိမ့်မည်။
ကမ္ဘာ့ကုန်သွယ်ရေးမျှခြေအားလုံး၏ နောက်ဆုံးအဖြေမှာ သုညဖြစ်ပါသည်။ ယင်းမှာ နိုင်ငံအားလုံး ပြည်ပပို့ကုန်ကို အားကိုးသော နိုင်ငံများမဖြစ်နိုင်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ ငွေကြေးစစ်ပွဲများ၏ အပြီးသတ်ရလဒ်မှာလည်း သုညအဖြေထွက်သော ကစားပွဲပင်ဖြစ်သည်။ ထို့အတွက် မကြာမီ အမေရိကန်နိုင်ငံလည်း ယင်းကစားပွဲတွင် ပါဝင်လာနိုင်ပါသည်။
ကြည်နေဝင်းမင်း
7day
—Ref:The Dollar Joins the Currency Wars

No comments:

Post a Comment