Thursday 23 April 2015

KIA အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဒေသခံလူငယ် ၂ ဦး ထိခိုက် ဒဏ်ရာရရှိ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာမှ ဒေသခံလူငယ် ၂ ဦးသည် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ၊ အောင်သီရိရပ် ကွက်(၄)နေ၊ မောင်ဝေ ယံအောင်၊ အသက် ၁၃ နှစ်၊ သတ္တမတန်းကျောင်းသားနှင့် သီရိဇေယျာ ရပ်ကွက်(၃)နေ၊ မောင်ကျော်ဌေး၊ အသက် ၂၅ နှစ် တို့သည် ဆားမှော်ကျေး ရွာ အရှေ့မြောက်ဘက် ၁၁ မိုင်ခန့်အကွာ၊ ဆွတ်လျံဒေသ လက်ပံကွင်းတွင် ခုတ်ထားသော ထင်းများအား နွာလှည်း ၂ စီးဖြင့် သွားတိုက်ရန် ဧပြီလ ၂၁ရက်နေ့၊ မနက် ၈ နာရီခွဲတွင် လက်ပံကွင်းအနီး လှည်းလမ်း၌ KIA ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ရာ မောင်ဝေယံအောင် နှင့် မောင်ကျော်ဌေးတို့ ၂ ဦးသည် ဦးခေါင်း၊ လက်မောင်းနှင့် ခြေထောက်နေရာများတွင် မိုင်းစများထိမှန်ကာ အသီးသီး ဒဏ်ရာရရှိ ခဲ့ပြီး နွား ၄ ကောင်အနက် ၃ ကောင်မှာ မိုင်းကွဲသည့်နေရာတွင်ပင် သေဆုံး ခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူ ၂ ဦးအား ဆားမှော်ကျေးရွာ၊ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဆားမှော် ဒေသခံတစ်ဦး မှ ပြောသည်။

“ထင်းသွားတိုက်တဲ့လှည်းလမ်းပေါ်မှာထောင်ထားတာ၊ လှည်းကနှစ်စီး သွားတာဆိုတော့ နှစ်စီးလုံးကို ထိတာပဲ၊ လှည်းကြိတ်ပြီးကွဲတာ၊ ကျွန်တော်တို့ကတော့ KIA အဖွဲ့ ထောင်တဲ့မိုင်းလို့ယူဆရတာပဲ၊ သင်္ကြန် မတိုင်ခင် ကလည်း မိုင်းနင်းမိလို့ တစ်ယောက်သေပြီးပြီ၊ လျော်ကြေး မရတဲ့အပြင် KIA က မိုင်းတန်ဖိုး လာတောင်းလို့ ပေးလိုက်ရတယ်တဲ့၊ အခုလည်း ဘယ်လောက် လာတောင်းအုံးမလဲမသိဘူး”ဟု ဒဏ်ရာရရှိခဲ့သူ ဒေသခံ တစ်ဦး၏ ဖခင်ဖြစ်သူမှလည်း ပြောပြပါသည်။

ကချင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်အတွင်း KIA အဖွဲ၏ မိုင်းထောင်ဖောက်ခွဲ မှုများကြောင့် မိုင်းဒဏ်ရာရရှိသူ များမှာ ဖားကန့်ဒေသတွင် အများဆုံးဖြစ်ပေါ် ခဲ့ပြီး မိုင်းပေါက်ကွဲမှု (၂၂) ကြိမ်၊ လက်ပစ်ဗုံး(၂၄) ကြိမ်၊ ဒဏ်ရာ ရရှိသူ (၂၃) ဦးထက်မနည်းရှိခဲ့ပြီး (၄) ဦးထက်မနည်း သေဆုံး ခဲ့ကြောင်း ပြည်နယ်ရဲ စခန်းနှင့် ဒေသခံ မှတ်တမ်း များအရ သိရသည်။

စိုင်းအောင်ကျော်( မိုးကောင်း)
Credit >>> နေ့စဉ်သတင်း 

No comments:

Post a Comment