Thursday 23 April 2015

ရခိုင်စစ်ဘေး ဒုက္ခသည်များထံ သွားရောက် ကူညီနိုင်ရေး နယ်/လုံ ဝန်ကြီးနဲ့ တွေ့ဆုံရန် ကြိုးပမ်းမှု အဆင်မပြေသေး ဟုဆို

အစိုးရတပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် နေရသည့် ရခိုင်တိုင်းရင်းသား ဒေသခံများထံ သွားရောက် ကူညီခွင့်ရရေးအတွက် ရခိုင်ပြည်နယ်  နယ်/လုံ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းမှု အဆင်မပြေသေးဟု တွေ့ဆုံခွင့်ရရေး ကြိုး ပမ်းနေသူ စစ်ဘေးဒဏ်သင့်ပြည်သူများထောက်ပံရေးကော်မတီအဖွဲ့ဝင် ကိုဇော်ဝင်းကမဇ္ဈိမကိုပြောသည်။
ကျောက်တော်မြို့နယ်နှင့် ၁၄ မိုင်ခန့်အကွာ စစ်ဘေးဒဏ်သင့် ပြည်သူများ ခိုလုံနေသည့် စပါးဆိပ်ကျေးရွာ သို့  စားနပ်ရိက္ခာများ ကူညီရန် သွားရောက်မှု တားမြစ်ပိတ်ပင်ခံရသဖြင့် ကူညီပေးရန် နယ်/လုံ ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခွင့် ကြိုးပမ်းနေရခြင်းဖြစ်သည်ဟု ဦးဇော်ဝင်းက ဆိုသည်။

စားနပ်ရိက္ခာများ ကူညီရန် ကျောက်တော်မြို့မှ စစ်ဘေးဒဏ်သင့်ပြည်သူများ ထောက်ပံရေးကော်မတီ အဖွဲ့ဝင်များ စားနပ်ရိက္ခာများဖြင့် ထွက်လာစဉ် ဝလာရွာအရောက် အစိုးရ တပ်မတော် ဂိတ်က တိုက်ပွဲများ ဖြစ်ပွားနေ၍ အထက်အရာရှိ၏ ညွန်ကြားချက်အရ ဖြတ်သန်းခွင့် မပြုခဲ့ဟု ၎င်းက ဆိုသည်။

ဦးဇော်ဝင်းက “ဝန်ကြီး ဖုန်းနံပါတ်ကို အကြိမ်ကြိမ် အခါခါ ဆက်တယ်။ သူ့ PA  (ကိုယ်ရေး အရာရှိ) က ကိုင်တယ်။ ဝန်ကြီး အစည်းအဝေး လုပ်နေတယ်လို့ ပြောတယ် ။ ကျွန်တော်တို့က စစ်ဘေးဒုက္ခသည်တွေကို ကူညီခွင့်ပြုဖို့ နယ်လုံဝန်ကြီးနဲ့ ဆွေးနွေးချင်တယ်။ ဒါပေမယ့် ခုထိ အဆင်မပြေသေးဘူး” ဟု ပြောသည်။

စပါးဆိပ်ကျေးရွာတွင် စစ်ဘေးဒဏ်သင့်ခဲ့သည့် ရွာ လေးရွာမှ စစ်ဘေးဒုက္ခသည် ၄၅၀ ခန့် ရောက်ရှိနေပြီး စားနပ်ရိက္ခာ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကာ စားနပ်ရိက္ခာအဖြစ် စစ်ဘေးဒဏ်သင့်ပြည်သူများ ထောက်ပံရေး ကော်မတီက ဆန်၊ဆီ၊ ဆား၊ ငါးခြောက်၊ အာလူး၊ သခွားသီး၊ ခြင်ထောင် အစရှိသည့် လူ့အသုံး အဆောင်ပစ္စည်းများ သယ်ဆောင်လာစဉ် တားမြစ်ခံခဲ့ရခြင်း ဖြစ်သည်။

စစ်ဘေးဒဏ်သင့် ပြည်သူများကို ကူညီရာတွင် တစ်ဆင့်စကားဖြင့် ကူညီနေရခြင်း ဖြစ်ပြီး ယင်းဒေသသို့ ကိုယ်တိုင်သွားရောက်ခွင့်ရမှာသာ လိုအပ်သည့် အကူအညီများကို ပိုမိုပေးအပ်နိုင်မည်ဖြစ်ကြောင်း၊ အဝေးမှကူညီလိုသည့် အလှူရှင်များကိုလည်း စစ်ဘေးဒုက္ခသည် အခြေအနေများကို ရှင်းလင်းပြောဆို နိုင်မည် ဖြစ်သည့်အတွက် ကိုယ်တိုင် သွားရောက်ကူညီခွင့်ကို တောင်းခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍  ရခိုင်ပြည်နယ် နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းထံ  မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကို လက်ခံဖြေကြားခြင်း မရှိချေ။

ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ  ဦးတင့်ထူးအောင်က “ နိုင်ငံခြားကနေရော ပြည်တွင်းကနေရော ကူညီမယ့် သူတွေ ရှိတယ်။ ပိုပြီး အဆင်ပြေအောင် ဦးဇော်ဝင်းတို့နဲ့ ကျွန်တော်က တိုက်ရိုက်ချိတ်ဆက်ပေး လိုက်တာ မျိုး ရှိပါတယ်” ဟု ပြောသည်။

စစ်ဘေးဒဏ်သင့် ပြည်သူများ ထောက်ပံရေး ကော်မတီကို  ဧပြီလ ၂၁ ရက်က ကျောက်တော်မြို့နယ် ဒေသခံ ပရဟိတ တက်ကြွလှုပ်ရှားသူ ဦးရေ ၂၀ ခန့်ဖြင့် အရေးပေါ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment