Thursday 23 April 2015

ဖုန်ကြားရှင်အဖွဲ့နှင့် အပေါင်းအပါများ တိုင်းရင်းသားညီလာခံတက်မှာကို တာဝန်ရှိသူအားလုံးက ကန့်ကွက် ရှုတ်ချသင့်

လက်နက်ကိုင် တိုင်းရင်းသားများညီလာခံကို “၀” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA ဌာနချုပ် တည်ရှိရာ ရှမ်းပြည်နယ် ပန်ဆန်းဒေသတွင် မေလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပပြုလုပ် မည်ဟု သိရ ပါသည်။ UNFC အကြံအစည်နဲ့ ပြုလုပ်တဲ့ဒီညီလာခံအနေနဲ့ အမှန်တကယ်ရိုးရိုးသားသားနဲ့ ပြုလုပ် မယ် ဆိုရင်တော့ ငြိမ်းချမ်းရေး အတွက် အထောက်အကူဖြစ်မှာသေချာပေမယ့်လည်း ညီလာခံကို တက်ရောက်ဖို့ ဖိတ်ကြားတဲ့အဖွဲ့တွေထဲမှာ ငြိမ်းချမ်းရေးကို အနှောင့်အယှက်ဖြစ်အောင် တိုက်ပွဲများ ဖန်တီးနေတဲ့ ဖုန်ကြားရှင် ခေါင်းဆောင်သော ကိုးကန့်သောင်းကျန်းသူအဖွဲ့ (MNDAA)၊ ရခိုင်တပ်မတော် (AA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကို ညီလာခံတက်ရောက်ဖို့ ဖိတ်ကြားခဲ့ တာကတော့ ဒီညီလာခံကို ဦးဆောင်ကျင်းပမယ့် UNFC အပေါ် ယုံကြည်မှုတွေလျော့ ပါးစေသည်ဟု မြင်ပါသည်။

တကယ်တမ်းတွင် UNFC ကို အစိုးရမှ အသိအမှတ်ပြုခြင်းမရှိသဖြင့် နားလှည့်ပါးရိုက်သည့်သဘောနှင့် NCCT ကို ဖွဲ့စည်းပြီး အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းများ ပြုလုပ်နေခြင်းအပေါ် ငြိမ်းချမ်းရေးကို ရှေးရှု၍ နားလည် ပေးနိုင်သော်လည်း လက်ရှိတွင် NCA အတွက် သဘောတူညီချက်မူကြမ်းကို လက်မှတ် ရေးထိုးပြီးကာမှ NCCT ကို ပယ်ကာ UNFC အနေဖြင့် နေရာယူလိုက်သည့်သဘော၊ မင်းသားကြီး ၀င်လုပ် လိုက်သည့်သဘောကို အစိုးရအနေဖြင့် သတိရှိသင့်ပါသည်။ 

အဆိုပါ လက်နက်ကိုင်တိုင်းရင်းသားညီလာခံမှာ ငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားတွေရဲ့ သဘော ထားကို ဆွေးနွေးကြမှာဖြစ်သည့်အတွက် ညီလာခံကို တက်မယ့် အဖွဲ့အစည်းတွေအနေနဲ့လည်း ငြိမ်းချမ်း ရေးကို အမှန်တကယ် လိုလားသူတွေသာ ဖြစ်သင့်ပါသည်။ 

“ `၀´ မှာကျင်းပပြုလုပ်မယ့် တိုင်းရင်းသားညီလာခံမှာ ကိုးကန့်သောင်းကျန်းသူအဖွဲ့၊ AA နဲ့ TNLA တို့လို အဖွဲ့တွေကို UNFC က ဖိတ်ကြားထားတယ်လို့ သိရပါတယ်၊ အဲဒီအဖွဲ့တွေဟာ ဒီကနေ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေကို အခက်အခဲဖြစ်အောင် လုပ်ဆောင်နေတဲ့ အဖွဲ့တွေဖြစ်တဲ့အတွက် အဲဒီလို ဖိတ်ကြား ထားမှုအပေါ်အစိုးရ၊ တပ်မတော်တို့အနေနဲ့ ကန့်ကွက်ရှုတ်ချ သင့်ပါတယ်” ဟု ငြိမ်းချမ်းရေး လေ့လာ သုံး သပ်သူ သတင်း ထောက်တစ်ဦးက ပြောသည်။ 

ထို့ကြောင့် ငြိမ်းချမ်းရေးပျက်ပြားအောင်၊ ဒေသခံပြည်သူလူထုတွေ ဒုက္ခရောက်အောင် ဖန်တီး လုပ်ဆောင် နေတဲ့ ဖုန်ကြားရှင် ခေါင်းဆောင်သော ကိုးကန့်သောင်းကျန်းသူအဖွဲ့နှင့် အပေါင်းအပါတွေကို ဒီညီလာခံထဲ ဆွဲထည့်လိုက်တာကိုတော့ ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်စရာအကြောင်း မရှိသလို ဒေသခံများကလည်း UNFC အဖွဲ့အား ထိုသို့လုပ်ဆောင်မှုအတွက် ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချသွားမည်ဟု သိရသည်။

“ ဖုန်ကြားရှင် အဖွဲ့ကို အဲဒီညီလာခံတက်ဖို့ ဖိတ်တဲ့ကိစ္စ ကျွန်တော်တို့ ဒေသခံတွေအနေနဲ့ လုံးဝ ကန့်ကွက် ပါတယ်၊ အစကတည်းက ငြိမ်းချမ်းရေး မလိုချင်လို့ ကိုးကန့်ဒေသကို ပြန်တိုက် ခဲ့တာမဟုတ်ဘူးလား၊ အဲဒီ အဖွဲ့ကြောင့် ကိုးကန့်ဒေသဟာ စစ်တလင်းဖြစ်ခဲ့ရတယ်၊ ဒါကြောင့် ဖုန်ကြားရှင်အဖွဲ့အပါအ၀င် သူ့ကို ကူညီ တိုက်ခိုက်ပေးခဲ့တဲ့ AA နဲ့ TNLA အဖွဲ့တွေကိုလည်း ဖိတ်ကြားတာ လက်ခံနိုင်စရာအကြောင်းမရှိပါဘူး။ တကယ်တော့ အဲဒီအဖွဲ့တွေဟာ ငြိမ်းချမ်းရေးနဲ့ မတန်တဲ့အဖွဲ့ပါ” ဟု လောက်ကိုင် ဒေသခံ တစ်ဦးကလည်း ပြောကြားသွားသည်။

“၀” ဒေသတွင် ပြုလုပ်မည့် တိုင်းရင်းသားညီလာခံသို့ ကိုးကန့်သောင်းကျန်းသူအဖွဲ့၊ AA၊ TNLA အဖွဲ့တွေကို ဖိတ်ကြားထားမှုနဲ့ပတ်သက်ပြီး UPWC မှ ဦးအောင်မင်းအနေနဲ့လည်း လက်မခံသင့်ကြောင်းနှင့် ၎င်းအတွက် နိုင်ငံရေး Popular ဖြစ်ဖို့အရေး တစ်ခုတည်းကိုမကြည့်ပဲ အမျိုးသားရေးကိုကြည့်ပြီး လုပ်ဆောင်စေလိုကြောင်း ငြိမ်းချမ်းရေးလိုလားသော ပြည်သူအများစု ကလည်း ပြောဆိုမှုများရှိနေသည်။

“ဦးအောင်မင်းအနေနဲ့ စစ်သားဟောင်းတစ်ယောက်ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါး စော်ကားတဲ့ ဖုန်ကြားရှင်ဦးဆောင်တဲ့ ဘိန်းဓါးပြအဖွဲ့အား တိုင်းရင်းသားအစည်းအဝေးကို ဘယ်လို နည်းနဲ့မှ တက်ခွင့် မပြုသင့်ပါဘူး၊ ဖုန်ကြားရှင်အဖွဲ့ဟာ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ထိပါး စော်ကားတာ ဖြစ်တဲ့ အတွက် လုံးဝအလျှော့ပေးမှာမဟုတ်ဘူးလို့ တပ်မတော်ဘက်က ပြတ်ပြတ်သားသား ပြောဆို ထားပြီး ဖြစ်ပါတယ်၊ ဒါကြောင့် ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် ဖုန်ကြားရှင်အဖွဲ့ ညီလာခံတက်မယ့် ကိစ္စကို ဦးအောင်မင်း အနေနဲ့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ကန့်ကွက်ဖို့လိုပါတယ်၊ UNFC ရဲ့ ကြိုးဆွဲရာက မနေ သင့်ပါဘူး” ဟု ငြိမ်းချမ်းရေး လိုလားသူ ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ တိုင်းရင်းသားညီလာခံအား လက်ခံကျင်းပပေးသော UWSA အဖွဲ့အနေနဲ့လည်း ငြိမ်းချမ်းရေးကို လိုလား၍ ဆောင်ရွက်ပေးခြင်းဖြစ်သော်လည်း ငြိမ်းချမ်းရေးမလိုလားသော ကိုးကန့်သောင်းကျန်းသူအဖွဲ့၊ AA၊ TNLA ကဲ့သို့ ဦးတည်ချက်မတူသည့်အဖွဲ့များကို လက်မခံသင့်ကြောင်း၊ သို့အတွက် ယင်းအဖွဲ့များအား ဖိတ်ကြားထားသော UNFC လုပ်ရပ်ကို ဒီအတိုင်းကြည့် မနေသင့်ကြောင်းနှင့် UWSA အဖွဲ့သည်လည်း ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါလျှင် မျက်နှာပြောင်မတိုက်သင့်ကြောင်း ရေးသားလိုက်ရပါသည်။

နေ၀န်းသစ်
Credit >>> နေ့စဉ်သတင်း 

No comments:

Post a Comment