Wednesday 22 April 2015

ရွေးကောက်ပွဲဝင်မည့် ကြံ့ခိုင်ရေး ပါတီဝင်စာရင်း ဇွန်တွင်ထုတ်ပြန်မည်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစီးကျင်းပသော တောင်သူ လယ်သမား၊ အလုပ်သမားနှင့် လူငယ် ဖိုရမ်ကို  ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်တွင် ပြုလုပ် ကျင်းပစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လာမည့်ဇွန်လအတွင်း ပါတီ ဗဟိုကော်မတီ အစည်းအဝေး သို့မဟုတ် ပါတီညီလာခံခေါ်ယူကာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စား လောင်းများအား အတည်ပြုပေးမည်ဟု နေပြည်တော်ရှိ အဆိုပါ ပါတီဌာနချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဒီတစ်ခေါက် လွှတ်တော်ပြီးရင် ပါတီညီလာခံ ဒါမှမဟုတ် ဗဟိုကော်မတီ အစည်းအဝေးခေါ်ပြီး ကိုယ်စား လှယ်စာရင်း အတည်ပြုထုတ်ပြန်ဖို့ ရှိပါတယ်" ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးတင့်ဇော်က ပြောသည်။

ပထမအကြိမ်၊ ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးကို လာမည့် မေလ ၁၁ ရက်တွင် ပြန်လည်စတင်မည်ဖြစ်ပြီး တစ်လခန့် ကြာမြင့်နိုင်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ခန့်မှန်း ထားသည်။

ပါတီသည် လာမည့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် လောင်း ရွေးချယ်မှု ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်သော်လည်း အတည်ပြုထုတ်ပြန်မှုကို မေလ ၁၁ ရက်တွင် စတင်ကာ လာမည့်ဇွန်လတွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည့် လွှတ်တော်အစည်းအဝေးအပြီး ထုတ်ပြန်မည်ဟုလည်း ဆိုသည်။

ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများအနက် ယခုလက်ရှိ တာဝန်ထမ်းဆောင်နေသည့် အစိုးရ အဖွဲ့ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လက်ရှိကိုယ်စားလှယ်များကို ဦးစားပေးရွေးချယ်မည်ဟုလည်း ဆိုသည်။

"ကျန်းမာရေးအရ ဆက်လက်တာဝန်မထမ်းဆောင်လိုတော့တဲ့ လူကြီးတွေရဲ့  နေရာမှာတော့ သူတို့ ထောက်ခံတဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်မှာပါ"ဟု ဆိုသည်။

ထို့အပြင် မျိုးဆက်သစ်လူငယ်များ၊ အမျိုးသမီးများနှင့် တိုင်းရင်းသားများကိုလည်း ထိုက်သင့်သည့် ရွေးချယ်မှု ပြုလုပ်သွားမည်ဟုလည်း ဦးတင့်ဇော်က ဆက်လက်ပြောကြားသည်။

ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဆိုထားကာ မိတ်ဖက်ပါတီအချို့နှင့် ညှိနှိုင်း မှုများရှိနိုင်သည်ဟု ဆိုသော်လည်း မည်သည့်ပါတီများဖြစ်သည်ကို မပြောကြားပေ။

Mizzima - News in Burmese​ 

No comments:

Post a Comment