Thursday 23 April 2015

မိုင်းလားဥက္ကဌ စိုင်းလင်းနှင့် တန်ပေါင်းထောင်ချီသောမူးယစ်ဆေးဝါးများ

မကြာသေးမီက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ ဦးစိုင်းလင်း ပိုင်ဆိုင်သော တန်ပေါင်းထောင်ချီသည့်မူးယစ်ဆေးဝါးမြောက်မြားစွာတို့သည် တရုတ်နိုင်ငံမှတဆင့် နယ် စပ် သို့ ဖြတ်ကျော်ကာရောက်ရှိလာခဲ့ကြောင်း သတင်းရရှိခဲ့သည်။

မိုင်းလားဒေသ၏ ဥက္ကဌဖြစ်သူဦးစိုင်းလင်းအနေဖြင့် သူ၏ဒေသအတွင်း ကာစီနိုလောင်းကစားရုံများ၊ KTV ခန်းမများ၊ အမျိုးသမီးငယ်ပေါင်းမြောက်များစွာရှိသည့်ပျော်ပွဲစားရုံများစွာဖွင့်လှစ်ထားလျက်ရှိပြီး မူးယစ် ဆေးဝါး နှင့် စိတ်ကြွဆေးဖြန့်ဖြူးရောင်းချခြင်းများကိုလည်း တွင်ကျယ်စွာလုပ်ကိုင်လျှက်ရှိပေသည်။

ယခုအခါတွင် တရုတ်၊ထိုင်း အစရှိသည့် အိမ်နီးချင်းနိုင်ငံများ၏ အစိုးရများက ၎င်းတို့နိုင်ငံများအတွင်းသို့ မူးယစ် ဆေးဝါးများဝင်ရောက်လာမှုကို တင်းတင်းကြပ်ကြပ်ပြင်းပြင်းထန်ထန်ပိတ်ဆို့ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ် လျက်ရှိနေကြသည့်အတွက် ဦးစိုင်းလင်းပိုင်ဆိုင်သော မူးယစ်ဆေးဝါးပေါင်းမြောက်မြားစွာတို့သည် တစ်ဖက် နိုင်ငံများထံသို့ ရောင်းချရခြင်းမရှိတော့ဘဲ မိုင်းလားဒေသသို့တဖန်ပြန်လည် ၀င်ရောက် လာခြင်းဖြစ်နိုင်ပေသည်။

လက်ရှိအခြေအနေတွင် ဦးစိုင်းလင်း၏ ယောက်ခမတော်စပ်သူဖုန်ကြားရှင်နှင့် မြန်မာတပ်မတော်တို့ အကြား တိုက်ပွဲများပြင်းထန်လျက်ရှိနေပြီး ဖုန်ကြားရှင်အား လူအင်အား၊ လက်နက်အင်အား၊ ရိက္ခာနှင့်၊ အခြားသော ထောက်ပံ့မှုများကို သမက်ဖြစ်သူဦးစိုင်းလင်းက အဓိကထောက်ပံ့ပေးလျက် ရှိနေကြောင်း ကိုလည်း သိရှိရသည်။

ဖုန်ကြားရှင်၏တပ်များအနေဖြင့် စစ်ပွဲကြာမြင့်လာသည်နှင့်အမျှ စစ်သုံးစားရိတ်မြင့်မားလာသဖြင့် ဦးစိုင်းလင်း ရှာဖွေထောက်ပံ့ပေးလျက်ရှိနေသော မှောင်ခိုလုပ်ငန်းများနှင့် လောင်းကစားရုံလုပ်ငန်းများမှ ရရှိသည့်ဝင်ငွေများသည် မလောက်မငှဖြစ်ပေါ်လျက်ရှိရာ ယခုကဲ့သို့ မူးယစ်ဆေးဝါးများနှင့် စိတ်ကြွ ဆေးပြားများအား အိမ်နီးချင်း နိုင်ငံများသို့ တန်ပေါင်းထောင်ချီ၍ ပို့ဆောင်ရောင်းချရန် လုပ်ဆောင် ခြင်းဖြစ်နိုင်ကြောင်းကိုလည်း လားရှိုးမြို့တွင် နေထိုင်သောအလွတ်တန်း သတင်းထောက် တစ်ဦးက ပြော သည်။

“လောလောဆယ်တော့ ဖုန်ကြားရှင်တပ်တွေရှမ်းမြောက်မှာ တော်တော်ခံနေရပြီလို့ပြောတယ်၊ အစိုးရတပ်တွေ ကလည်း တောင်ကုန်းတွေဆက်တိုက်သိမ်းနေတယ်၊ ဖုန်ကြားရှင်ဘက်မှာလည်း စစ်ပွဲကြာလာတာနဲ့အမျှ စစ်ရှုံးတာရော စစ်သုံးစားရိတ်ရောပိုများလာတယ်ကြားတယ်၊ သူတို့ဆီကကြားတဲ့ သတင်းတစ်ခုအရဆိုရင် ဒေါ်လာ ၁.၅ သန်းလောက်ရှိပြီထင်တယ်။ ဒါတွေအားလုံးက မိုင်းလားကပဲထောက်ပံ့တာပဲလေ၊ ၂၀၀၉ ကတည်းက ဖုန်ကြားရှင်ကမိုင်းလားမှာပဲနေနေတာ၊ အခုပြန် တိုက်တော့လဲ ဦးစိုင်းလင်းထောက်ပံ့မှုနဲ့ ပြန်တိုက် တာပဲ။ ဦးစိုင်းလင်းကလည်း မိုင်းလားမှာလောင်း ကစားရုံတွေ၊ အပျော်အပျက်နေရာတွေအများကြီး ဖွင့်ထားတာ၊ မိုင်းလားနားက ၀မ်လျှိုရွာဆိုရင် လောင်းကစား ရွာလို့ ခေါ်တယ်၊ အဲဒီကနေ၀င်ငွေအများကြီးရတာ၊ အခု ဒါတွေ တင်မကဘဲ မူးယစ် ဆေးဝါးတွေ တန်ကိုထောင်နဲ့ချီပြီး ရောင်းနေတယ်ဆိုတော့ ဖုန်ကြားရှင်ကိုထောက်ပံ့ဖို့ ပိုက်ဆံလို နေတယ်လို့ ထင်တယ်” ဟု ၎င်းက ပြောသည်။

“ဦးစိုင်းလင်းမူးယစ်ဆေးဝါးရောင်းတာခုမှမဟုတ်ဘူး၊ ဟိုးအရင်ကတည်းက ဒီမူးယစ်ဆေးဝါးနဲ့ စိတ်ကြွဆေးတွေ ရောင်းပြီး ကြီးပွားနေတာပဲလေ၊ သူ့လောင်းကစားရုံတွေ၊ ပျော်ပွဲစားရုံတွေ၊ KTV ခန်းမတွေ အားလုံးမှာ မူးယစ် ဆေးဝါးနဲ့ပတ်သက်ရင် လိုချင်တာအားလုံးရတယ်၊ အခုတစ်ကြိမ် ရောင်းတာ ကတော့ တော်တော်များတာပေါ့၊ ဒါတွေက သူ့ယောက်ခမကိုထောက်ပံ့ဖို့အတွက်ပဲဖြစ်မှာပေါ့၊ ဘာလို့လဲ ဆိုတော့ ဖုန်ကြားရှင်က အခုအချိန်မှာ စစ်ရှုံးပြီး ငွေတအားလိုနေတယ်လေ” ဟု မိုင်းလားဒေသခံတစ်ဦး ကဆိုသည်။

ယခုအခါတွင် ဖုန်ကြားရှင်၏သောင်းကျန်းသူတပ်များအား မြန်မာတပ်မတော်မှ ပြင်းထန်စွာတိုက်ခိုက်လျက် ရှိရာ ဖုန်ကြားရှင်အနေဖြင့် မကြာခင်အချိန်အတွင်းမှာပင် အရေးနိမ့်တော့မည်လားဟုခန့်မှန်းပြောဆိုမှုများ ရှိနေသည်။ ပြည်သူအများစုကလည်း ကျူးကျော်သောင်းကျန်းသူဖုန်ကြားရှင်တပ်များကို အမြစ်ပြတ် တိုက်ခိုက်ရန်အတွက် အစိုးရအားတောင်းဆိုမှုများရှိနေပြီး၊ ဖုန်ကြားရှင် ဇာတ်သိမ်းသွားပါကလည်း သူ့အား နောက်ကွယ်မှ အဓိကထောက်ပံ့ပေးခဲ့သူ မူးယစ်ရာဇာဦးစိုင်းလင်းအား ထပ်မံရှင်းလင်း သုတ်သင် ပေးစေ လိုကြောင်း ပြောဆိုမှု များလည်းရှိနေကြသည်။

စိုင်းနော်စစ်
Credit >>> Today Myanmar 

No comments:

Post a Comment