Thursday 23 April 2015

တပ်မတော် ဗိုလ်ကြီးအဆင့်ရှိယူနီဖောင်းအားဝတ်ဆင်၍ ကားအရောင်း စင်တာ များ မှယာဉ်များ ယူဆောင်သွားသူကို ဖမ်းဆီးရမိ

၁၈.၄.၂၀၁၅ ရက်နေ့ ၂၃၃၀ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ မင်းခန့် ကားအရောင်းစင်တာသို့ တပ်မတော်ဗိုလ်ကြီးအဆင့်ရှိ ယူနီဖောင်းအား ၀တ်ဆင်ထားသူအမျိုးသား တစ်ဦး မှ 4J ---- နံပါတ်တပ်ဆင် ထားသည့် SUZUKI SWIFT ယာဉ်ဖြင့် ရောက်ရှိလာပြီး ကားတစ်စီး လဲစီး သွားမည် ဟု ၀န်ထမ်းများအားပြောဆိုကာ သေနတ်ဟုထင်ရသောအရာအား ထုတ်ပြပြီး အရောင်းစင်တာရှိ TOYOTA COROLLA AXIO ယာဉ်၏သော့ ကိုတောင်းယူကာ ၎င်းစီးနင်းလာသော SUZUKI SWIFT ယာဉ်မှ နံပါတ်ပြား ဖြင့် ပြောင်းလဲတပ်ဆင်၍ မောင်းနှင်ယူဆောင်သွားသဖြင့် ဘုရင့်နောင် နယ်မြေရဲစခန်း (ပ)၁၉၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ စုံစမ်း ဖော်ထုတ်ခဲ့ပါသည်။


ယင်းသို့ ကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ရဲစခန်းများမှတပ်ဖွဲ့ဝင်များက အခြားတိုင်းဒေသကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့များနှင့် ချိတ်ဆက်၍ လိုက်လံစုံစမ်းဖော်ထုတ်ရှာဖွေခဲ့ရာ အမှုမှပါဆုံးသွားသည့် TOYOTA COROLLA AXIO ယာဉ်မှာ မော်လမြိုင်မြို့တွင်ရောက်ရှိနေကြောင်း သိရှိရပြီး ၂၁.၄.၂၀၁၅ ရက်နေ့တွင် ပြန်လည်သိမ်းဆည်း နိုင်ခဲ့ ပါသည်။

ဆက်လက်၍ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိစဉ် ၂၁.၄.၂၀၁၅ ရက်နေ့နံနက်တွင် စခတ(၉)တပ်မှ စစ်သည်များက မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဈေးတောင်ကျေးရွာ၊ ကံ့ကော်လမ်းဝအနီး၌ NISSAN LAUREL ယာဉ်တစ်စီးဖြင့် တပ်မတော် ယူနီဖောင်းဝတ်ဆင်ထားသူ မသင်္ကာဖွယ် အမျိုးသား တစ်ဦးအား တွေ့ရှိခဲ့၍စစ်ဆေးခဲ့ရာ ၎င်းမှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်နေ သူရိန်စိုး၊ (၂၈)နှစ် ဖြစ် ကြောင်း နှင့် ပြစ်မှုများကျူးလွန်ထားကြောင်း သိရှိခဲ့ရသဖြင့်သထုံမြို့မရဲစခန်းသို့လွှဲပြောင်းပေး အပ်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက အမှုနှင့်ပတ်သက်၍ စစ်ဆေး အတည်ပြုဆောင် ရွက်ခဲ့ပါသည်။

၎င်းအားစစ်ဆေးရာ အဆိုပါ ပြစ်မှုကိုကျူးလွန်ခဲ့ကြောင်းနှင့် အခင်းဖြစ်စဉ်က ဗိုလ်ကြီးအဆင့်ရှိ တပ်မတော် ယူနီဖောင်းအား ၀တ်ဆင်ပြီး ခြောက်လုံးပြူး အတု(ဂက်စ်မီးခြစ်)သေနတ်အား ကိုင်ဆောင်ကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်းပေါ်ပေါက်ခဲ့ပြီး ၎င်းနှင့်အတူတွေ့ရှိသည့် NISSAN LAURELယာဉ်မှာ အမှုမှပါဆုံးသွား
သည့် TOYOTA COROLLA AXIO ယာဉ်နှင့် အလဲအထပ်လုပ်ကာရယူထားသည့် ယာဉ်ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ ၁၂.၄.၂၀၁၅ ရက်နေ့တွင် သမိုင်းလမ်းဆုံ၊ ကုလားကျောင်းမှတ်တိုင် အနီးရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ရှေ့မှ Probox ယာဉ်အား ခိုးယူမောင်းနှင်လာစဉ် လှိုင်သာယာမြို့နယ်၊ FMI အိမ်ရာ ရှေ့၌ ဓါတ်တိုင်အားတိုက်မိခဲ့သဖြင့် ၎င်းယာဉ်ကိုထားခဲ့ကြောင်း ပေါ်ပေါက်ခဲ့ရာ အဆိုပါယာဉ်အား ယာဉ်ထိန်းရဲတပ်ဖွဲ့မှတွေ့ရှိ၍ ပိုင်ရှင်ဖြစ်သူထံ ပြန်လည်အပ်နှံပေးခဲ့ ကြောင်း၊ ၁၃.၄.၂၀၁၅ ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်၊ စက်မှုဇုန်ရှိ ၀ပ်ရှော့ရှေ့မှ TOYOTA FIELDER ယာဉ်အားခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်း(ပ)၁၆၈/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၇၉(ကား)အမှုကိုလည်းကောင်း၊ ၁၇.၄.၂၀၁၅ ရက်နေ့တွင် ယူနီဖောင်းဝတ်ဆင်လျက် ဂက်စ်မီးခြစ်သေနတ်ကိုင်ဆောင်၍ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားလမ်းရှိ မိဘရိပ်မွန် အိမ်ရာတွင် ရပ်တန့်ထားသော မတ်တူးအဖြူရောင်ယာဉ်အား လုံခြုံရေးဝန်ထမ်းကို လိမ်လည်ပြောဆို ကာ ၎င်းခိုးယူထားသည့် TOYOTA FIELDER ယာဉ်ဖြင့် လဲလှယ်ရယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ပုဇွန်တောင် မြို့မရဲစခန်း(ပ)၈၆/၂၀၁၅၊ ပြစ်မှု ပုဒ်မ-၄၂၀/၁၄၀ အမှုကိုလည်းကောင်း၊ ယင်းနောက် သာကေတမြို့နယ်၊ ၇/အနောက်ရပ်ကွက်ရှိ ကားဆားဗစ်ကုမ္ပဏီသို့သွားရောက်ကာ မတ်တူး ယာဉ်အား ပြင်လို၍ ထားခဲ့ပြီး ၎င်းဆားဗစ်ကုမ္ပဏီမှ SUZUKI SWIFT ယာဉ် အား ထပ်မံလဲလှယ်ယူဆောင် ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် သာကေတ မြို့မရဲစခန်း(ပ)၃၃၇/၂၀၁၅၊ ပြစ်မှုပုဒ်မ-၄၂၀ အမှုကို လည်းကောင်း အသီးသီးဖော်ထုတ်နိုင်ခဲ့ပါသည်။

ယင်းသို့ ပြစ်မှုများကျူးလွန်ခဲ့သူ သူရိန်စိုးအား သက်ဆိုင်ရာ မြို့နယ်ရဲစခန်း များတွင် ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိပြီး သက်သေခံမော်တော်ယာဉ်များအား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Yangon police

No comments:

Post a Comment