Thursday 23 April 2015

မောင်တောခရိုင်တွင် ဧပြီ ၂၁ ရက်အထိ ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) တစ်သိန်းခွဲကျော် လာရောက်အပ်နှံပြီး ဖြစ်

သင်္ကြန်ကာလ လာရောက်အပ်နှံမှု နည်းပါးခဲ့သည့် မောင်တောခရိုင်တွင် ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) လာရောက်အပ်နှံမှု ပြန်လည်စတင်နေပြီး ဧပြီ ၂၁ ရက်အထိ ယာယီသက်သေခံလက်မှတ် တစ်သိန်းခွဲကျော် လာရောက်အပ်နှံပြီးဖြစ်ကြောင်း မောင်တောခရိုင် လ၀ကရုံးမှ သတင်းရရှိသည်။

သက်တမ်းကုန် ၀ှိုက်ကတ်များအား ဧပြီ ၁ ရက်မှ စတင်အပ်နှံကြရာတွင် သင်္ကြန်မတိုင်မီက လာရောက် အပ်နှံသူ တစ်သိန်းခွဲအထိ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင်က “ဧပြီ ၂၁ ရက်အထိဆိုရင် တစ်ခရိုင်လုံး အတိုင်းအတာ အနေနဲ့ဆိုရင် ၁၅၇၇၄၇ ကတ် လက်ခံရပြီ။ မောင်တောမှာ ၇၃၅၁၆ ကတ်၊ ဘူးသီးတောင်မှာ ၇၄၀၅၆ ကတ်၊ တောင်ပြို ၁၀၁၁၇ ကတ် အပ်နှံခဲ့တာဖြစ်တယ်။ သင်္ကြန်ကာလမှာတော့ ဘင်္ဂါလီတွေက သူတို့ရွာတွေမှာပဲ နေနေ ကြတော့ အပ်နှံတာနည်းတယ်။ အခုပြန်ပြီး အပ်နှံလာကြပြီ။ မောင်တောမှာက သင်္ကြန်ကာလ ခုနစ်ရက် လောက် ကြာတော့ အဲဒီကာလ အတွင်းမှာတော့ အပ်နှံမှု အားနည်းတယ်။ မနက်ဖြန်ကစပြီး မောင်တော တောင်ပိုင်းကို ကွင်းဆင်းကြည့်ရှု အားပေးဖို့ ရှိတယ်” ဟုဆိုသည်။

မောင်တောခရိုင် တစ်ခုလုံးတွင် ၀ှိုက်ကတ်ကိုင်ဆောင်သူ ၅၀၀၃၆၇ ဦးရှိပြီး မောင်တောတစ်မြို့နယ်တွင် ၀ှိုက်ကတ်ကိုင်ဆောင်သူ ၃၀၅၇၀၀ ဦး၊ ဘူးသီးတောင်တွင် ၁၇၉၃၅၀ ဦးနှင့် တောင်ပြိုလက်ဝဲမြို့နယ်တွင် ၁၅၃၁၇ ဦးရှိကြောင်း သိရသည်။

မောင်တောခရိုင်အတွင်း မောင်တောမြို့နယ်တွင် စုရပ် ငါးရပ်၊ ဘူးသီးတောင်တွင် လေးရပ်၊ တောင်ပြိုတွင် နှစ်ရပ် စုစုပေါင်း ၁၁ ရပ်ဖြင့်လက်ခံနေပြီး တစ်နေ့လျှင် လူဦးရေ တစ်သောင်းခန့် လာရောက် အပ်နှံ နေခြင်းဖြစ်ကြောင်း သိရသည်။

ဝှိုက်ကတ်လာအပ်သူများအား ထုတ်ပေးသည့် အထောက်အထားစာရွက် ကျောဘက်တွင် သတိပြုရန် အချက်များအဖြစ် အထောက်အထားစာရွက်သည် ယာယီသက်သေခံလက်မှတ် လာရောက်အပ်နှံ ပြီးသူအား လက်ခံရရှိကြောင်း ထုတ်ပေးသည့် အထောက်အထား စာရွက်သာဖြစ်ပြီး သက်သေခံလက်မှတ် မဟုတ်ကြောင်း၊ သက်သေခံလက်မှတ် တစ်မျိုးမျိုး ပြန်လည်ထုတ်ပေးချိန်တွင် အထောက်အထားစာရွက် အား ပြန်လည်ပေးအပ်ရမည် ဖြစ်ကြောင်းနှင့် တာဝန်ရှိသူများက တောင်းဆိုပါက အထောက်အထား စာရွက်အား ပြသရမည်ဖြစ်ကြောင်းနှင့် အထောက်အထားစာရွက်အား အခြားသူတစ်ဦးဦးသို့ လွှဲပြောင်း ကိုင်ဆောင်စေခြင်း မပြုရကြောင်းပါရှိသည်။ သို့ရာတွင် အဆိုပါ အထောက်အထားစာရွက်တွင် လူမျိုး အမည် မပါရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းတွင် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်သည့် အမိန့်ကြော်ငြာစာတွင် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ အချို့သို့ လိုအပ်ချက်အရ ကိုင်ဆောင်ရန် ထုတ်ပေးခဲ့သည့် ယာယီ သက်သေခံ လက်မှတ်များ၏ သက်တမ်းကုန်ဆုံးသည့်ရက်အား မတ် ၃၁ ရက်ကို သတ်မှတ်ကြောင်း ဖော်ပြ ထားသည်။

Eleven Media Group 

No comments:

Post a Comment