Thursday 23 April 2015

ပုဂံဒေသရှိ ယဉ်ကျေးမှု အမွေအနှစ်နှင့် ငြိစွန်းသည့် ဟိုတယ်ခြောက်လုံးကို အရေးယူရန် ဒုသမ္မတဦးဆောင်သည့်အဖွဲ့ ဆုံးဖြတ်မည်

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရန် ကြိုးစားနေသည့် ပုဂံယဉ်ကျေးမှုနယ်မြေရှိ ဟိုတယ် ခြောက် လုံးကို ယဉ်ကျေးမှု အမွေအနှစ်အပေါ် အကျိုးသက်ရောက်မှု စံနှုန်းများနှင့် ငြိစွန်းနေသည့်အတွက် အရေး ယူရန် ဒုတိယသမ္မတ ဦးဆောင်သည့် အမျိုးသားခရီးသွားလာရေး ဗဟိုကော်မတီအဖွဲ့က ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးစိုင်းအုန်းကျော် က ပြောကြားသည်။

ပုဂံယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ရှေးဟောင်းအမွေအနှစ် ဘုရားများနှင့် နီးကပ်စွာ ရှိနေသော ဟိုတယ် ၂၂ လုံးကို အမွေအနှစ်ပေါ် အကျိုးသက်ရောက်မှု အကဲဖြတ်အဖွဲ့ (Heritage Impact Assessment) က ဇန်နဝါရီလတွင်း စစ်ဆေးခဲ့ရာ အဆိုပါ ဟိုတယ်များကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ဟိုတယ်အမည်များကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ ဟိုတယ်ခြောက်လုံးသည် နိုင်ငံတကာတွင် သတ်မှတ်ထားသော အမွေအနှစ်အပေါ် အကျိုး သက်ရောက်မှု စံနှုန်းများအနက် ယဉ်ကျေးမှု အမွေအနှစ်များနှင့် နီးကပ်စွာ ရှိနေခြင်း၊ မြင်ကွင်း ကွယ်နေ ခြင်းနှင့် ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများနှင့် ထိစပ်၍သော် လည်းကောင်း စသည့် အချက်များ နှင့် ငြိစွန်းကာ ဆောက်လုပ်ထားခြင်း ဖြစ်သည်။

“ဒါတွေကို ဒုသမ္မတ ခေါင်းဆောင်တဲ့ ညှိနှိုင်းရေးအဖွဲ့က ဘယ်လိုဆက်လုပ်သွားမယ် ဆိုတာ ဆုံးဖြတ်မှာပါ။ ဌာနကတော့ အမြဲတင်ပြနေတာပဲ” ဟု ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဆိုသည်။

ယင်းအပြင် “စစ်ဆေးရေးအဖွဲ့က တွေ့ရှိချက်ကို ဟိုတယ်ခရီး ဝန်ကြီးဌာနကလည်း ဒါကို ဆုံးဖြတ်မပေးနိုင် ဘူး၊ ဒီဟိုတယ်တွေနဲ့ ပတ်သက်ပြီး ဒုသမ္မတ ဦးဉာဏ်ထွန်း ခေါင်းဆောင်တဲ့ အဖွဲ့ကပဲ ဆွေးနွေးဆုံးဖြတ် မယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုင်းကျော်အုန်းက ဆိုသည်။

အမွေအနှစ်ပေါ်အကျိုးသက်ရောက်မှု အကဲဖြတ်အဖွဲ့ (Heritage Impact Assessment) သည် ယင်း ဟိုတယ် များနှင့် ပတ်သက်၍ အမွေအနှစ် စံနှုန်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိကိုသာ ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စများကို သက်ဆိုင်ရာ အစိုးရအဖွဲ့ကသာလျှင် ဆုံးဖြတ် ဆောင် ရွက်မည် ဖြစ်ကြောင်း ယင်းစစ်ဆေးရေးအဖွဲ့ကို ငှားရမ်းပေးသည့် မြန်မာနိုင်ငံဆိုင်ရာ ယူနက်စကိုရုံးထံမှ သိရသည်။

The Voice Weekly 

No comments:

Post a Comment