Thursday 23 April 2015

ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့ချုပ် ပထမဆုံး အကြိမ်ညီလာခံ ကျင်းပမည်

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့ချုပ် (ယာယီ) က ဦးဆောင်ပြီး ပထမဆုံးအကြိမ် ညီလာခံကို လာမယ့် မေလဆန်းမှာ မန္တလေးမြို့မှာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

အဲဒီညီလာခံမှာ ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းမှာ ဖြစ်ပြီး အမျိုးသား ပညာရေး ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အရေးကို ဆွေးနွေးမှာဖြစ်တယ်လို့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ သမဂ္ဂအဖွဲ့ချုပ် (ယာယီ)ရဲ့ ဥက္ကဌ ဆရာ ဦးသုတက ပြောပါတယ်။

"ကျနော်တို့အဖွဲ့ချုပ် ယာယီဖွဲ့ထားတယ်၊ အခုကျနော်တို့ အတည်ဖွဲ့ဖြစ်သွား မှာပေါ့နော်၊ ပထမရက်မှာတော့ လက်ရှိမြန်မာနိုင်ငံရဲ့မပြောင်းလဲနိုင်တဲ့ ပညာရေးစနစ်ကို ဆွေးနွေး မယ်၊ ဒုတိယအချက်ဆရာ၊ ဆရာမတွေ ရဲ့အဖိနှိပ်ခံဘဝပေါ့နော်၊ တတိယအချက်က တော့ ကျန်တဲ့အမျိုးသား ပညာရေးဥပဒေနဲ့ လက်ပံတန်း ကိစ္စတွေကို ကျနော်တို့အဓိကထား ဆွေးနွေးသွားမယ်"

အဲဒီ ညီလာခံကို ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER၊ အလုပ်သမား ဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ တက္ကသိုလ်၊ ကောလိပ် နဲ့ အခြေခံ ပညာအဆင့် ကိုယ်စားပြု ဆရာ၊ ဆရာမတွေအပြင် ပုဂ္ဂလိက စာသင်ကျောင်းတွေက ဆရာ၊ ဆရာမတွေနဲ့ မြန်မာနိုင်ငံ ပညာရေးစနစ်နဲ့ ပတ်သက်ပြီး ပါဝင်ဆွေးနွေးလိုသူတွေ အားလုံးတက်ရောက်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

လက်ရှိ ဖွဲ့စည်းထားတဲ့ ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့ချုပ် (ယာယီ) ကို ပြီးခဲ့တဲ့နှစ်က စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အဖွဲ့ဝင် အင်အား ၇ဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။

RFA Burmese 

No comments:

Post a Comment