Thursday 23 April 2015

မူးယစ်ဆေးဝါး၊ လက်နက်နှင့် ကျောက်စိမ်းအရိုင်းတုံးများ တာချီလိတ်တွင် ဖမ်းမိ

မူးယစ်ဆေးဝါး၊ လက်နက်များနှင့် ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိသည့် ဖြစ်စဉ်တစ်ခု ဧပြီ ၂၂ ရက်၊ နံနက် ၇ နာရီခွဲခန့်က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု သက်ဆိုင်ရာ မူးယစ် တပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့မရဲစခန်းနှင့် ခရိုင်အထူး မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ ဝင်များပါဝင်သည့် ပူးပေါင်း အဖွဲ့သည် တာချီလိတ်မြို့နယ်၊ ပါဆပ်ရပ်ကွက်၊ လွန်းကျိုင်းကျေးရွာတွင် နေထိုင်သည့် အသက် ၄၃ နှစ် အရွယ် အိုက်ရှဲန်(ခ) အိုက်ရှဲန်အွန်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ ရှာဖွေရာ နေအိမ်အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၁၈၅ ပြား၊ အိုက်စ် ၄၂၀ ဂရမ်၊ ပန်းရောင် စိတ်ကြွဆေးမှုန့် ၆ ဂရမ်၊ စပိန်နိုင်ငံထုတ် လေသေနတ်အရှည်၊ အမေရိကန်နိုင်ငံထုတ် ခြောက်လုံးပြူးသေနတ်၊ သြစတြေးလျနိုင်ငံထုတ် ပစ္စတိုသေနတ် တစ်လက်နှင့် အဆိုပါ သေနတ်များ၏ ကျည်ဆံတောင့်များ၊ ကျောက်စိမ်းအရိုင်တုံးဟု ယူဆရသည့် ကျောက်တုံး ငါးတုံးတို့ကို သိမ်းဆည်းရမိခဲ့ သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ အိုက်ရှဲန် (ခ) အိုက်ရှဲန်အွန်ကို တာချီလိတ်မြို့ မရဲစခန်းက မူးယစ်(ပ) ၅၆/ ၂၀၁၅၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၂(ခ)၊ (ပ) ၈၄/၂၀၁၅၊ ကျောက်မျက်ဥပဒေပုဒ်မ ၄၂(က)၊ ရှမ်းလက်နက် အက်ဥပဒေ ပုဒ်မ ၁၂(က) စသည့် ပုဒ်မ များဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment