Thursday 23 April 2015

၁၁ ရက်ကြာ ရုံးပိတ်ပြီးနောက် ဘဏ်များစဖွင့်သည်နှင့် ငွေအထုတ်အသွင်း ပြုလုပ်မှု များပြားနေပြီး နိုင်ငံကူးလက်မှတ် ပြုလုပ်သူများလည်း အများ အပြား ရှိနေ

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရှေ့တွင် စောင့်ဆိုင်းနေသူများကို ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းက တွေ့ရ စဉ် (ဓာတ်ပုံ-သက်မင်း) 
ဧပြီ ၁၁ ရက်မှ ၂၁ ရက်အထိ ၁၁ ရက်ကြာ အစိုးရရုံးပိတ်ရက်ရှည် ပြီးသည့် နောက် ပြန်ဖွင့်သော ဘဏ် များနှင့် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသို့ လာရောက်သူပြည်သူများ များပြားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ထဲရှိ အစိုးရဘဏ်များတွင်သာမကပဲ ပုဂ္ဂလိက ဘဏ်များတွင်လည်း ငွေလွှဲသူ၊ ငွေထုတ်သူများ ဖြင့် ပြည့်နှက်ခဲ့ကြောင်း သိရသည်။

“ဒီနေ့မှ ဘဏ်ပြန်ဖွင့်တော့ ဒီနေ့မှ လာရတာပေါ့။ နယ်ကအမျိုးတွေက ငွေလိုလို့ ငွေလွှဲပေးချင်နေတာ။ သင်္ကြန်တည်းက။ ဒါပေမဲ့ ဘဏ်မဖွင့်သေးတော့ မလွှဲရသေးဘူး။ သင်္ကြန်ပြီးပြီးချင်း ပြန်ဖွင့်ရင်တော့ အကောင်းဆုံးပေါ့။ ၀န်ထမ်းတွေ အနားရတာ မှန်ပေမယ့် ဘဏ်တွေ၊ ရုံးတွေ ရက်ရှည်ပိတ်နေတော့ လုပ်ရ ကိုင်ရတာ ကြန့်ကြာတာပေါ့” ဟု ပုဂ္ဂလိက ဘဏ်တစ်ခုသို့ ငွေလွှဲလာရောက် လုပ်ဆောင်သည့် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ဘဏ်များတွင်သာမကဘဲ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင်လည်း နိုင်ငံကူးလက်မှတ် လာရောက် လုပ်ဆောင်သူများ ပြည့်နှက်နေပြီး အဆိုပါရုံး၏ နံဘေးရှိ ပန်းခြံတွင်ပါ နိုင်ငံကူးလက်မှတ်လုပ်ရန် စောင့် ဆိုင်း နေကြရသည်ကို တွေ့ရသည်။

“ဒီနေ့မှ ပြန်ဖွင့်တာဆိုတော့ မနက် ၈ နာရီခွဲလောက်တည်းက လာစောင့်နေတာ။ ကိုယ့်အလှည့် မရောက် သေးလို့ စောင့်နေရတုန်းပဲ။ ရုံးရက်ရှည်ပိတ်ပြီးမှ ပြန်ဖွင့်တာဆိုတော့ ဒီလိုပဲ စောင့်ရမှာပဲလေ။ မြန်မြန် ဆန်ဆန် မရှိတော့ဘူးပေါ့။ ညနေအထိ စောင့်ရမယ် ထင်ပါတယ်” ဟု မလေးရှားနိုင်ငံသို့ သွားရောက်ရန် နိုင်ငံကူးလက်မှတ် သက်တမ်းလာတိုးသည့် အမျိုးသားတစ်ဦးက ပြောကြားသည်။

ဧပြီလ တစ်လလုံးတွင် အစိုးရရုံးပိတ်ရက်များမှာ မဟာသင်္ကြန်ပိတ်ရက်နှင့် စနေ၊ တနင်္ဂနွေရက်များ ပေါင်းပါက နှစ်စဉ် ၁၃ ရက်နှင့် ၁၇ ရက်ကြားတွင် ရှိနေပြီး ယခုနှစ်တွင်လည်း အစိုးရရုံးပိတ်ရက်မှာ ၁၅ ရက်အထိ ရှိနေကြောင်း သိရသည်။

ထိုသို့ အစိုးရရုံးပိတ်ရက် များပြားသည့်အတွက် ရုံးလုပ်ငန်းဆိုင်ရာ လုပ်ဆောင်မှုများမှာ ဘဏ္ဍာနှစ် တစ်နှစ် ၏ အစဖြစ်သော ဧပြီလအတွက် နှောင်းနှေးမှုများစွာ ဖြစ်ပေါ်စေနိုင်ကြောင်း အစိုးရရုံးပိတ်ရက် မူဝါဒပိုင်း ဆိုင်ရာနှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိနေသည်။

Eleven Medai Group 

No comments:

Post a Comment