Thursday 23 April 2015

ဂျာနယ်လစ်များ ကာကွယ်ရေးကော်မတီ CPJ က ထုတ်ပြန်သော ဆင်ဆာအဆိုးရွားဆုံး ကမ္ဘာ့ ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံက အဆင့်ကိုး ရရှိ

ဂျာနယ်လစ်များ ကာကွယ်ရေးကော်မတီ CPJ က ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်မည့် ဆင်ဆာအဆိုးရွားဆုံး ကမ္ဘာ့ ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံက အဆင့်ကိုးရရှိခဲ့ကြောင်း သိရသည်။ ဂျာနယ်လစ်များကို အကျဉ်းချ ထားမှု၊ ဂျာနယ်လစ်များကို ခြိမ်းခြောက်ရန် ဖိနှိပ်သည့် ဥပဒေများ ထားရှိမှု၊ အင်တာနက် ချိတ်ဆက်ခွင့်ကို တင်းကျပ်မှု စသည့် ဆင်ဆာတင်းကျပ်မှု နည်းဗျူဟာအမျိုးမျိုး သုံးစွဲမှုအား သုတေသန ပြုလုပ်ခဲ့သော ရလဒ်များကို အခြေခံထုတ်ပြန်သည့် စာရင်းတွင် အီရစ်ထရီးယားနိုင်ငံက အဆင့် (၁) ရရှိခဲ့သည်။ အီရစ်ထရီးယားသမ္မတ အိုင်ဆာအီအက်စ်အာဖိဝါကီသည် နိုင်ငံပိုင် ရုပ်သံများတွင် လုပ်ကိုင်နေသော ဂျာနယ်လစ်များပင် ဖမ်းဆီးခံရမှုအတွက် ကြောက်ရွံ့နေရသည်အထိ ဖိနှိပ်သော မီဒီယာပတ်ဝန်းကျင်ကို အောင်မြင်စွာ ဖန်တီးထားနိုင်ခဲ့ကြောင်း ယင်းအစီရင်ခံစာက ဖော်ပြခဲ့သည်။

ဆင်ဆာအဆိုးရွားဆုံး ၁၀ နိုင်ငံတွင် အဆင့်ကိုး ရရှိခဲ့သော မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် စိစစ်ရေးသို့ ကြိုတင် တင်ပြပြီးထုတ်ရသည့် စိစစ်မှုကို နိဂုံးချုပ်ခဲ့သော်လည်း မြန်မာမီဒီယာသည် တင်းကျပ်စွာ ထိန်းချုပ်ခံထားရဆဲဖြစ်ကြောင်း အစီရင်ခံစာက သုံးသပ်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် အာဏာသက်ဝင် ခဲ့သော ပုံနှိပ်သူ မှတ်ပုံတင်ဥပဒေသည် ဘာသာရေးကို စော်ကားသည်ဟု ယူဆသော သတင်းများကို တားမြစ်ထားပြီး ဥပဒေစိုးမိုးမှုကို ထိခိုက်စေသော၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေသည်ဟု ယူဆရသော သတင်းများကိုလည်း တားမြစ်ထားသည်။ အရေးကြီးသော စစ်ရေးသတင်းများနှင့် ပတ်သက်သည့် သတင်းများကို ရေးသားသော ဂျာနယ်လစ်များကို ခြိမ်းခြောက်ရန်၊ အကျဉ်းချရန်အတွက် ကိုလိုနီခေတ် ၁၉၂၃ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ အပါအ၀င် အမျိုးသားလုံခြုံရေးနှင့် ဆက်နွှယ်သည့် ဥပဒေများကို မြန်မာအစိုးရက အသုံးပြုကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။ ထို့ပြင် တိုင်းရင်းသားလူမျိုးစုများနှင့် ပတ်သက်သည့် ပဋိပက္ခများတွင် စစ်ဘက်၏ သတင်းများကို ဂျာနယ်လစ် များက တင်ပြခွင့် တားမြစ်ခံထားရကြောင်း အစီရင်ခံစာက ဆိုသည်။ ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင်သည် သူပုန်တပ်ဖွဲ့ဝင်များနှင့် လိုက်ပါလျက် သတင်း ယူနေစဉ် အစိုးရတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သေဆုံးခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။

ဆင်ဆာအဆိုးရွာဆုံး ၁၀ နိုင်ငံတွင်ပါဝင်သော ခုနစ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် ဂျာနယ်လစ်များကို အကျဉ်းချ ထားမှု၌ အဆိုးရွားဆုံး ၁၀ နိုင်ငံ စာရင်းဝင်ကြောင်းလည်း အစီရင်ခံစာက ဖော်ပြခဲ့သည်။ ယင်း ခုနစ်နိုင်ငံတွင် အီရစ်ထရီးယား၊ အီသီယိုးပီးယား၊ အဇာဘိုင်ဂျန်၊ ဗီယက်နမ်၊ အီရန်၊ တရုတ်နှင့် မြန်မာ နိုင်ငံတို့ ပါဝင်ကြသည်။ ထို့ပြင် ကွန်မြူ နစ်ပါတီ အုပ်ချုပ်သော မြောက်ကိုရီးယာ၊ ဗီယက်နမ်၊ တရုတ်နှင့် ကျူးဘားတို့တွင် အင်တာနက်ချိတ်ဆက်ခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။

Eleven Media Group 

No comments:

Post a Comment