Thursday 23 April 2015

ဒေသခံရွာသား(၂)ဦးအား RCSS/SSA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကာလိမြို့နယ်ခွဲ၊ ၀မ်လွိုင်ဟကျေးရွာသို့ ဧပြီလ ၂၀ ရက်နေ့တွင် ရှမ်းပြည် ပြန် လည် ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည် တပ်မတော်(RCSS/SSA)အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ဒေသခံ ရွာသား(၂)ဦးအား လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းရွာသားများထံမှ သတင်းရရှိသည်။

“သူတို့အဖွဲ့တွေ ဆိုင်ကယ် ၄ စီးနဲ့ ရွာကို ရောက်လာတာ။ ရွာကို ရောက်ရောက်ချင်း သူတို့ ဖမ်းချင်တဲ့ လူ ၂ ယောက်ရဲ့ နာမည်ကို မေးတယ်။ ညနေပိုင်းမှာ အဲ့ဒီ ၂ ယောက်ကို ဖမ်းသွားတယ်။ ဘာအကြောင်းမှ မရှိဘဲနဲ့ ဖမ်းတာဆိုတော့ လူသစ်လုပ်ခိုင်းဖို့ ဖြစ်မယ်” ဟု အဆိုပါကျေးရွာနေ ရပ်မိရပ်ဖတစ်ဦးက ဆိုသည်။

RCSS/SSA အဖွဲ့သည် မတ်လအတွင်း၌ ကာလိမြို့နယ်ခွဲအတွင်းရှိ ပန်အင်ကျေးရွာ၊ ပါဟုတ်ကျေးရွာ၊ နမ့်ပါမန်း ကျေးရွာ၊ ဆဟန်ကျေးရွာနှင့် အခြားကျေးရွာများရှိ ဒေသခံရွာသားများအား လူသစ်အဖြစ် အများအပြား ဖမ်းဆီးခေါ်ဆောင်ထားကြောင်း သိရှိရသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ လူသစ်အဖြစ် ဖမ်းဆီးခြင်းခံရသူတစ်ဦး၏ ဖခင်အားမေးမြန်းရာ “သားက မိုင်းရှူးကနေ ပြန်လာတာ မကြာသေးဘူး။ သူတို့အဖွဲ့တွေ သားဆီက ကျောက်တွေကို အတင်းတောင်း တယ်။ မပေးရင် ဖမ်းမယ်လို့ ပြောတယ်။ မရှိဘူးလို့ ပြောတာကို လက်မခံဘဲ ဖမ်းသွားတယ်။ သူတို့တွေက ဒီနယ် မြေမှာ လုပ်ချင်တာလုပ်တာ။ သေနတ်လည်း ရှိတယ်။ သူတို့ဖမ်းချင်တဲ့လူကို ဖမ်းတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ရှမ်းပြည်နယ်အတွင်း RCSS/SSA အဖွဲ့များ၏ အရှိန်အဟုန်မြှင့် အတင်းအကြပ် လူသစ်စုဆောင်းမှုများ ကြောင့် ဒေသခံရွာသားများ အများ အပြား ဖမ်းဆီးခံနေရကြောင်းနှင့် ဒေသခံရွာသားများ၏ ဘ၀လုံခြုံရေး အတွက် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ရှမ်းပြည်နယ်လွတ်တော် ကိုယ်စားလှယ်တစ်ဦးကပြောကြားသွားသည်။

နန်းနော်ခမ်း
Credit >>> Shan News

No comments:

Post a Comment