Thursday 23 April 2015

ရှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်တွင် အစိုးရတပ်မတော်ယာဉ် မတော်တဆဖြစ်၊ ၁၈ ဦးသေဆုံး

အစိုးရတပ် စစ်ကြောင်းကားများ တွေ့ရစဉ် (ဓာတ်ပုံ - Myanmar Military)
ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းပြင်းမြို့နယ်ထဲမှာ ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းက တပ်မတော် ယာဉ်တန်းက ကားတစ်စီး မတော်တဆထိခိုက်မှုဖြစ်ပွားပြီး ၁၈ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားပါတယ်။

ကျိုင်းတုံမြို့နယ် လွယ်မွေဘက်ကနေလာတဲ့ အဲဒီအစိုးရယာဉ်တန်းဟာ မိုင်းပျဉ်းမြို့နယ် ပန်ပေါင်းရွာနဲ့ ဟိုနားကျောင်းရွာကြား တောင်ပေါ်လမ်းမှာ မတော်တဆထိခိုက်မှုဖြစ်ပြီး သေဆုံးသူနဲ့ လူနာတွေ ဆေးရုံကို ရောက်လာတယ်လို့ မိုင်းပြင်းဆေးရုံတာဝန်ကျ ၀န်ထမ်းတစ်ဦးက ဒီဗွီဘီ ကို ပြောပါတယ်။

“သေဆုံးသူ ၁၈ ဦးနဲ့ လူနာ ၃ ဦး မနေ့ညနေက ဆေးရုံကိုရောက်လာပါတယ်။ အကုန်လုံး အစိုးရတပ်က ချည်းပါပဲ၊ ဗိုလ်မှူးတွေ ဗိုလ်ကြီးတွေလဲပါတယ်လို့ပြောတယ်၊ နာမည်တွေ ရာထူးတွေတော့ အတိအကျ မသိရ ပါဘူးရှင့် ၊ ဒဏ်ရာရသူ ၃ ဦးက ဒဏ်ရာပြင်းလို့ ကျိုင်းတုံဆေးရုံကို လွှဲလိုက်ပြီး သေဆုံးသူတွေ ကိုတော့ မနက်ဖြန် သဂြိုဟ်မယ်လို့ ပြောပါတယ်။”

ယာဉ်မတော်တဆဖြစ်ပွားရတဲ့အကြောင်းရင်းကို မသိရပေမယ့်လည်း ကားဟာချောက်နက်ထဲကို ပြုတ်ကျ သွားတာဖြစ်ပြီး အဲဒီအချိန်က မိုင်းပြင်းမှာ မိုးရောလေပါ တိုက်ခတ်နေတယ်လို့ ဆေးရုံဝန်ထမ်းက ပြောသွား ပါတယ်။

DVB

No comments:

Post a Comment