Thursday 23 April 2015

မျက်နှာဖုံးစွပ် ဆန္ဒထုတ်ဖော်သူအဖွဲ့တွင် ဖမ်းဝရမ်းထုတ်ထားသည့် ကျောင်းသားခေါင်းဆောင်များ ပါဝင်ဟုဆို

ရန်ကုန်မြို့တော်ရှိ လူစည်ကားရာ နေရာများတွင် လျှပ်တစ်ပြက် ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့သည့် မျက်နှာဖုံးစွပ် ဆန္ဒထုတ်ဖော်သူအဖွဲ့ (Anonymous-Burma) တွင် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက်ဆန္ဒပြပွဲမှ ဖမ်းဝရမ်းထုတ်ခံထားရသည့် ကျောင်းသားခေါင်းဆောင်များ ပါဝင်နေသည်ကို စုံစမ်းသိရှိရကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“မျက်နှာဖုံးစွပ်ပြီး ဆန္ဒဖော်ထုတ်တာကို ရဲတပ်ဖွဲ့အပြင် စရဖနဲ့ SB အဖွဲ့တွေ ပူးပေါင်းစုံစမ်းခဲ့တဲ့အခါမှာ ဖမ်းမိထားတဲ့ ကျောင်းသားခေါင်းဆောင် အချို့ရဲ့ စစ်ဆေးထွက်ဆိုချက်အရ မျက်နှာဖုံးစွပ်အဖွဲ့မှာ ဖမ်းဝရမ်းထုတ်ထားတဲ့ ကျောင်းသားခေါင်းဆောင်တွေ ပါဝင်နေတယ်လို့ သိရတယ်။ ခိုင်လုံတဲ့ သက်သေ ရအောင် ရဲတပ်ဖွဲ့က တည်ဆောက်နေပြီး လွတ်နေတဲ့ ကျောင်းသားခေါင်းဆောင်တွေကိုလည်း ဖမ်းမိဖို့ စုံစမ်းနေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ မျက်နှာဖုံးစွပ် ဆန္ဒထုတ်ဖော်နေသူများမှာ (Anonymous-Burma) အဖွဲ့ အမည်ဖြင့် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်လှုပ်ရှားခဲ့ကြောင်း၊ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ကျောင်းသားသပိတ် စတင်မလှုပ်ရှားခင် လူငယ်အချို့က တူညီသည့် အနက်ရောင်တီရှပ်များ ဝတ်ဆင်ကာ မျက်နှာဖုံးစွပ်၍ မြို့လယ်ကောင် လူစည်ကားရာ နေရာများတွင် အစိုးရအပေါ် အယုံအကြည်မရှိကြောင်း၊ လက်ရှိ ပညာရေး ဥပဒေကို ကန့်ကွက်ကြောင်း ရေးသားထားသည့် စာရွက်များ ဖြန့်ဝေခဲ့ပြီး လျှပ်တစ်ပြက် ဆန္ဒထုတ်ဖော် မှုများ ပြုလုပ်ခဲ့ကြောင်း စမ်းချောင်းနှင့် ဗဟန်းမြို့နယ် ရဲစခန်းများထံမှ သိရှိရသည်။

“ကျောင်းသားသပိတ်ကို ဖြိုခွဲခံရပြီး သပိတ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်း ထုတ်လိုက်ချိန်မှာ လျှပ်တစ်ပြက် ဆန္ဒထုတ်ဖော်တဲ့ မျက်နှာဖုံးစွပ်အဖွဲ့ ပျောက်သွားသလို သူတို့ဝါဒဖြန့်နေတဲ့ (Anonymous-Burma) အဖွဲ့ အမည်နဲ့ ဖေ့စ်ဘွတ်ခ်လည်း အလုပ်ဆက်မလုပ်တော့တာကို စစ်ဆေးတွေ့ရှိရတယ်။ ဒီအဖွဲ့ရဲ့ နောက် ကွယ်မှာ နိုင်ငံရေးလှုပ်ရှားသူ ခေါင်းဆောင်ပိုင်း အချို့ပါ ပါဝင်ပတ်သက်နေတာကို သိထားပေမယ့် သက်သေ မခိုင်လုံသေးလို့ သတင်းမထုတ်ပြန်ပေးသေးဘူး” ဟု အရှေ့ပိုင်းခရိုင် အတွင်းရှိ ရဲအရာရှိတစ်ဦး က ပြောဆိုသည်။

မျက်နှာဖုံးစွပ် ဆန္ဒပြသူ လူငယ်များ၏ လူထုဆူပူအုံကြွစေရန် လှုံ့ဆော်ရေးသားမှု ဆန္ဒဖော်ထုတ်မှု များကြောင့် ယင်းအဖွဲ့ကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး နယ်စပ် ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များထံသို့ ညွှန်ကြားစေခိုင်း ထားသည်။

မျက်နှာဖုံးစွပ် ဆန္ဒပြသူအဖွဲ့မှာ ဗကသအဖွဲ့ချုပ်မှ ဆန္ဒထုတ်ဖော်နေသူများ ဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ ပြောဆို မှုနှင့် ပတ်သက်၍ မျက်နှာဖုံးစွပ် ဆန္ဒထုတ်ဖော်သူများကို မည်သူမည်ဝါ ဖြစ်ကြောင်း မသိရှိရသောကြောင့် ဗကသအဖွဲ့ဝင်များ ဟုတ်မဟုတ်ကို အတည်မပြုပေးနိုင်ကြောင်း ကျောင်းသားသပိတ် ဖြိုခွဲခံရစဉ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရာမှ ပြန်လည်လွတ်မြောက်လာသည့် ဗကသအဖွဲ့ဝင် ကျောင်းသားများထံမှ သိရှိရ သည်။

The Voice Weekly 

No comments:

Post a Comment