Friday 3 April 2015

အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သော ပညာရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ၄၈ ချက် ထပ်မံပြင်ဆင်

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက် ၁၀၅ ချက် ဖြည့်စွက်၍ အတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ ဆက်လက် ပေးပို့ထားသော အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ချက် ၄၈ ချက် ပါရှိသော အစီရင်ခံစာကို ဧပြီလ ၂ ရက် ပြည်သူ့ လွှတ် တော် အစည်းအဝေးတွင် တင်သွင်းခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

အမျိုးသားလွှတ်တော်က ပယ်ဖျက်ထားသည့် ကျောင်းသားကိုယ်စားလှယ်နှင့် NNER ကိုယ်စားလှယ်များ၏ တောင်းဆိုချက် အများစုကို ယင်းအစီရင်ခံစာတွင် ထည့်သွင်းထားကြောင်း အဆိုပါ အစီရင်ခံစာအရ သိရ သည်။

အမျိုးသားပညာရေး မူဝါဒ ကော်မရှင် ဖွဲ့စည်းခြင်း အခန်း၏ ဆရာသမဂ္ဂနှင့် ကျောင်းသားသမဂ္ဂတို့နှင့် သက်ဆိုင်သော ပုဒ်မခွဲနှစ်ခု အပါအဝင် အမျိုးသားလွှတ်တော်က အတည်ပြုထားသော ဥပဒေကြမ်းထဲမှ ၂၃ ချက်ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ပယ်ဖျက်ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ဆိုသည်။

အဆိုပါ ပြင်ဆင်ဖြည့်စွက်ထားသော အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်း က ဧပြီလ ၂ ရက်တွင် ပြည်သူ့လွှတ်တော်သို့ ဥပဒေကြမ်းကော်မတီ ကိုယ်စား တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ပညာရေး ဥပဒေကြမ်း အစီရင်ခံစာကို ပြည်သူ့လွှတ်တော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပညာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ချမ်းငြိမ်း ပညာရေး ဝန်ကြီးဌာနနှင့် ဥပဒေကြမ်း ကော်မတီဝင်များက မတ်လ ၃၀ ရက်မှ ဧပြီလ ၁ ရက်အထိ ဆွေးနွေးညှိနှိုင်းပြီး ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ သိရှိရသည်။

အမျိုးသားပညာရေး မူဝါဒ ကော်မရှင် ဖွဲ့စည်းရာတွင် ဆရာနှင့် ကျောင်းသားသမဂ္ဂများ ရွေးချယ်သူများ မထည့်သွင်းရခြင်းနှင့် ပတ်သက်၍ ပညာရေးမူဝါဒများ ရေးဆွဲရာတွင် အငြိမ်းစားဆရာကြီးများနှင့် နိုင်ငံတော် အဆင့် ပုဂ္ဂိုလ်များ၏ ဆုံးဖြတ်ချက်သာ အဓိကကျ၍ အဆိုပါ ပုဒ်မခွဲကို ပယ်ဖျက်ခြင်း ဖြစ်ကြောင်း ဦးစောလှထွန်းက ရှင်းပြသည်။ 

အဆိုပါ အစီရင်ခံစာတွင် ကျောင်းသားကိုယ်စားလှယ်များ တောင်းဆိုထားသော ပညာရေး အသုံးစရိတ်ကို ၂၀ ရာခိုင်နှုန်းထိ တိုးမြှင့်ပေးရန် ထည့်သွင်းထားသလို အခြေခံပညာအဆင့်တွင် တိုင်းရင်းသား ဘာသာစကားကို မြန်မာဘာသာစကားနှင့်အတူ တွဲဖက်သင်ကြားနိုင်ကြောင်း ထည့်သွင်းထားသည်။
ပညာရေး အသုံးစရိတ်ကို ၂၀ ရာခိုင်နှုန်း တိုမြှင့်ရန် ထည့်သွင်းခဲ့သော်လည်း အခမဲ့အလယ်တန်း ပညာရေး စနစ်အထိ တိုးမြှင့်ရန်ကိုမူ ထည့်သွင်းထားခြင်း မရှိချေ။

အမျိုးသားလွှတ်တော်က မိခင်တိုင်းရင်းသား ဘာသာစကား သင်ကြားခွင့်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ဆုံးဖြတ်ရန် ထည့်သွင်းထားပြီး ကျောင်းအလိုက် ဆုံးဖြတ်ခွင့် မပေးခဲ့ခြင်းအပေါ် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) က မတ်လ ၁ ရက်တွင် ကန့်ကွက်ခဲ့သည်။

လေးပွင့်ဆိုင် ဆွေးနွေးပွဲအရ ကျောင်းသားအရေးအခင်းကြောင့် ကျောင်းထုတ်ခံခဲ့ရသူများကို ပညာ ဆက်လက်သင်ကြားခွင့်ပေးရန် သဘောတူညီခဲ့သောကြောင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အကြောင်းအမျိုးမျိုးကြောင့် သင်ကြားမှု ရပ်တန့်ခဲ့သော ကျောင်းသားများ ပညာဆက်လက်သင်ယူရန် လိုအပ်သော အစီအမံများပေးမည် ဖြစ်ကြောင်း ထည့်သွင်းခဲ့သေးသည်။

ယင်းကြောင့် အမျိုးသားလွှတ်တော်က ပယ်ဖျက်ခဲ့သော ကျောင်းသားကိုယ်စားလှယ်များ တောင်းဆို ချက်များကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ရပ်တည်ပေးမည်ဟု မျှော်လင့်ကြောင်း NNER က တောင်းဆိုခဲ့သည်။

“ပြည်သူ့လွှတ်တော်က ကျောင်းသားနှင့် ပြည်သူလူထု၏ လိုလားချက်များအတိုင်း ဆောင်ရွက်မည်ဟု မျှော်လင့်ပါသည်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဧပြီလ ၂ ရက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေးအကြံပြုလိုသော ကိုယ်စားလှယ်များကို ဧပြီလ ၅ ရက် နောက်ဆုံးထားကာ နာမည်စာရင်း ပေးသွင်းရန် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ပြောကြားသည်။

“တကယ်ရှိသင့်တာက လွတ်လပ်စွာ ဖွဲ့စည်းခွင့်။ ဘာဖြစ်လို့မပါလဲ ဆိုတော့ အန္တရာယ် ရှိတယ်လို့ ထင်နေ ကြလို့ မပါတာ။ ဘယ်လိုအန္တရာယ် ဆိုတော့ အလုပ်ပြုတ်နိုင်တယ်။ နယ်ပို့ခံရတာမျိုးတေ ဖြစ်နိုင်တယ် စသည်ဖြင့် ဒါမျိုးတွေ လုပ်ခံရနိုင်တယ် ဆိုပြီးတော့ စိုးရိမ်ကြောက်လန့်နေရလို့သာ ဆရာသမဂ္ဂထဲ မပါကြ တာ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးလှိုင်က သုံးသပ်သည်။

The Voice Weekly 

No comments:

Post a Comment