Friday 3 April 2015

၂၀၂၀ ၌ မြန်မာ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့် ဘဏ်လုပ်ငန်းနှင့် ချိတ်လုပ်ကိုင်နိုင်ရန် ဆောင်ရွက်မည်

ပြည်တွင်းဘဏ် တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)ဘဏ်လုပ်ငန်းများနှင့် ချိတ်ဆက်သည့် နိုင်ငံသားအားလုံးပါဝင်သော ငွေကြေးဝန်ဆောင်မှုကို ၂၀၂၀ ပြည့် နှစ်တွင် လူဦးရေ၏ ၂၀ ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲရေး ဆောင်ရွက်သွားမည်ဟု ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဦးမောင်မောင်သိမ်းက ပြောသည်။ 

မြန်မာနိုင်ငံတွင် နိုင်ငံသားအားလုံးပါဝင်နိုင်သော ငွေကြေးကဏ္ဍ တည်ဆောက်ရေးအတွက် လမ်းပြ မြေပုံတစ်ရပ်ဖြင့် ဆောင်ရွက်ရန် စီစဉ်နေခြင်းဖြစ်သည်။ ၎င်းလမ်းပြမြေပုံ စတင်ခြင်း အခမ်းအနားကိုလည်း ဧပြီ ၁ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ( MICC- 1)၌ ကျင်းပစဉ် ပြောခဲ့ သည်ဟု ဧပြီ ၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ''ဒီလမ်းပြမြေပုံကို ဘဏ္ဍာရေး ကဏ္ဍ ခိုင်မာစေရန် တည်ဆောက်ခြင်းနှင့် ဦးစားပေးကဏ္ဍများကို ရွေးချယ်ဆောင်ရွက်ခြင်း ဆိုတဲ့ အခြေခံအုတ် မြစ်နှစ်ခုနဲ့ စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ပြောခဲ့သည်။

ထို့အပြင် တရားဝင်ငွေကြေး ဝန်ဆောင်မှုများကို တစ်ခုထက် ပိုမိုသုံးစွဲသူ ဦးရေကိုလည်း ယခု ၂၀၁၅မှ ၂၀၂၀ အထိ ငါးနှစ်အတွင်း ၆ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးတက်လာရေး ဆောင်ရွက်သွားရန် ရည်ရွယ် ချက်ချခဲ့သည်ဟု သတင်းဖော်ပြချက်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် နယ်သာလန်နိုင်ငံမှ မိဖုရား မက်ဆီမာကလည်း ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားများနှင့် တွေ့ဆုံစဉ် နိုင်ငံသားအားလုံး ပါဝင်နိုင်သော ငွေကြေးဝန်ဆောင်မှု လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ၎င်းဘဏ္ဍာရေး ဆောင်ရွက်မှုများမှာလည်း တိုးတက်မှုတစ်ရပ် ရှိလာနေ သည်ဟု နေပြည်တော်၌ ကျင်းပသည့် လမ်းပြပုံစတင်ခြင်း အခမ်းအနားတွင် ထပ်မံပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

၎င်းလမ်းပြမြေပုံ စတင်ဆောင်ရွက်ရာတွင် အဖွဲ့အစည်းဆိုင်ရာတည်ဆောက်ခြင်း၊ ဈေးကွက်တည် ဆောက်ခြင်း၊ စိုက်ပျိုးရေးကဏ္ဍ ငွေကြေးဝန်ဆောင်မှုပေးခြင်း၊ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများကို ငွေကြေးဝန်ဆာင်မှုပေးခြင်းနှင့် ဝင်ငွေနည်းပြည်သူများကို ငွေကြေး ဝန်ဆောင်မှု ပေးခြင်းဖြင့် ဆောင်ရွက်သွားမည်ဟုလည်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ငွေကြေးဝန်ဆောင်မှုများကို တရားဝင် ဘဏ်လုပ်ငန်းများနှင့် ချိတ်ဆက် ဆောင်ရွက်နေသည့် ဦးရေသည် နိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိနေသေးခြင်းဖြစ်သည်ဟု ပြည် တွင်း ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်များ အသိုင်းအဝိုင်းက ပြောထားသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment