Friday 3 April 2015

KIA အဖွဲ့မှ မူးယစ်ဆေးဝါးဖြတ်ပေးမည်ဟု အကြောင်းပြ၍ ဒေသခံ လူငယ်များအား လူသစ်စုဆောင်း

ကချင်ပြည်နယ်၊ ရွှေကူ၊ ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ အူလန်ပါ၊ လွယ်ဂျယ်နှင့် ဒေါ့ဖုန်းယန်စသည့် မြို့နယ် များရှိ ဒေသခံ လူငယ်များအား KIA အဖွဲ့မှ မူးယစ်ဆေးဖြတ်ပေးမည်ဟု အကြောင်းပြကာ လူသစ် စုဆောင်းမှုများ ပြုလုပ်နေကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ ယင်းမြို့နယ်များအတွင်းရှိ လူငယ်များအား မူးယစ်ဆေးဖြတ်ပေးမည်ဟု အကြောင်းပြ၍ KIAအဖွဲ့မှ မတ်လ ၂၉ ရက်နေ့တွင် လိုင်ဇာဌာနချုပ်သို့ လူသစ်အဖြစ် ခေါ်ဆောင်သွားခဲ့ကြောင်း ထွတ်ပြေးလွတ်မြောက်လာသူ ရွှေကူ မြို့နယ်မှ ဒေသခံ လူငယ်တစ်ဦးမှ ပြောပြသည်။

“ ကျွန်တော်တို့ကို လိုင်ဇာမှာ မူးယစ်ဆေးဖြတ်ပေးမယ် ဆိုပြီး ခေါ်သွားတာ၊ ဟိုရောက်တော့ လူငယ်တွေချည်းဘဲသပ်သပ် ခွဲထုတ်ပြီး စစ်သင်တန်းသင် ခိုင်းတယ်၊ မလုပ်ချင်ဘူး ပြောလဲမရဘူး၊ အိပ်တော့ လဲ ကြုံသလိုအိပ်ရတယ် အစားအသောက် ကြတော့လဲ ငတ်ငတ်ပြတ်ပြတ် စားသောက်ရတယ်၊ သူတို့အဖွဲ့ဝင်တွေကမှ မူးယစ်ဆေးစွဲနေတဲ့လူတွေပါ၊ ကျွန်တော် တို့က မူးယစ်ဆေးမသုံးစွဲဘူး ” ဟု ယင်း လူငယ်မှ ဆက်လက်ပြောပြသည်။

KIAအဖွဲ့မှ စစ်သင်တန်းတက်ရောက်ရန် ဒေသခံလူငယ်များအား လိုက်လံစုဆောင်းလျက်ရှိပြီး ယခင် KIA အဖွဲ့ အတွင်း တာဝန် ထမ်းဆောင်လိုစိတ်မရှိဘဲ ထွတ်ပြေး တိမ်းရှောင်နေသော ဒေသခံ ရွာသားများကို လည်း လိုက်လံရှာဖွေဖမ်းဆီး လျက်ရှိကြောင်း ရွှေကူ မြို့နယ် ကျေးရွာအုပ်ချူပ်ရေးမှူးတစ်ဦးထံမှ သိရှိရ သည်။

KIAအဖွဲ့၏ ယခုကဲ့သို့ လူအင်အားများ ပြန်လည်စုဆောင်းနေခြင်းသည် မတ်လအတွင်း တစ်ဖက်နိုင်ငံသို့ သစ်ခိုး ထုတ်ရာမှ အစိုးရတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်မှုရှိနိုင်ကြောင်း၊ တိုက်ပွဲများ ပြန် လည် ဖြစ်ပွားလာမည် ကို စိုးရိမ်မိကြောင်းနှင့် ယင်းလုပ်ရပ်များသည် ငြိမ်းချမ်းရေးကို များစွာ ထိခိုက် နိုင်ကြောင်း ရွှေကူမြို့နယ် ဒေသခံစီးပွားရေး သမားတစ်ဦးမှ ပြောပြသွားခဲ့သည်။

ဖိုးဇော်(ရွှေကူ)
Credit >>> Kachin Daily News 

No comments:

Post a Comment