Friday 3 April 2015

တရားမမှုများ သီးသန့်စစ်ဆေးသည့် တရားရုံးများ ဖွဲ့စည်းရန် အစီအစဉ်မရှိဟုဆို

နှစ်နှင့်ချီ၍ ရင်ဆိုင်နေကြရသော တရားမမှုများကို သီးသန့်စစ်ဆေးစီရင်ရသည့် တရားရုံးများ ဖွဲ့စည်း ဆောင်ရွက်ရန် မရှိသေးကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူ ကြီး ဦးစိုးညွန့်က ပြောကြား သည်။

‘‘တရားမမှုများကို သီးသန့် စစ်ဆေးရသော သီးခြားတရားရုံး များ ဖွဲ့စည်းဆောင်ရွက်ရင် တရားသူကြီး များရဲ့ ပြစ်မှုနဲ့ တရားမမှု နှစ်မျိုးစလုံး စစ်ဆေးစီရင်နိုင်တဲ့ အရည်အချင်း ထိခိုက်လာနိုင်ပါတယ်’’ဟု ဦးစိုးညွန့်က ဆိုသည်။

ဧပြီ ၂ ရက်တွင် ပြုလုပ်သည့် အမျိုးသားလွှတ်တော်၌ ကိုယ်စားလှယ် ဦးလှဆွေက တရားမမှုများ လျင်မြန်စွာ စီရင်ဆုံးဖြတ်နိုင်ရန် တရားမမှု သီးသန့်စစ်ဆေးသော တရားရုံးများဖွင့်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းကို အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ် သည်။

‘‘တရားမမှုတွေမှာ နှစ်နဲ့ချီ ပြီးကြာနေတဲ့ အမှုမျိုးတွေ ရှိပါ တယ်။ ယခင်က မြန်မာနိုင်ငံမှာ တရားမမှုကိုသာ သီးသန့်စီရင်ဆုံးဖြတ်တဲ့ တရားမရုံးတွေလည်း ရှိခဲ့ဖူးပါတယ်’’ဟု ဦးလှဆွေက ထောက်ပြပြောကြားသည်။

ယခင်က တရားမမှုခင်းများ သီးသန့်စစ်ဆေး စီရင်နိုင်ရန် ရန်ကုန်တိုင်းရှိ မြို့နယ် ၂၀ နှင့် မန္တလေးတိုင်းရှိ လေးမြို့နယ်တို့တွင် ဆောင်ရွက်ခဲ့သော်လည်း ပိုမိုထူးခြားလာမှု မရှိသဖြင့် တရားမမှု သီးခြားတရားရုံး များဖြင့် စစ်ဆေးသည့်စနစ်ကို ၁၉၈၈ တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်ဟု ဦးစိုးညွန့်က ဆိုသည်။ 

တရားမမှုခင်းများကို သီး သန့်စစ်ဆေး စီရင်ဆောင်ရွက်နိုင် ပါက တရားမမှုများကို ရင်ဆိုင်နေ ရသော ပြည်သူများအနေဖြင့် ပိုမိုမြန်ဆန်စေပြီး အချိန်ကုန်၊ ခရီး စရိတ် သက်သာစေမည်ဖြစ် ကြောင်း ဦးလှဆွေက ပြောကြားသည်။

7Day Daily

No comments:

Post a Comment