Friday 3 April 2015

ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ပေးရေး ဆန္ဒပြခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးနှင့် တက်ကြွလှုပ်ရှားသူ တစ်ဦးကို စတင်ရုံးထုတ်သည့် နေ့မှာပင် ပြည်မြို့နယ် ဒုတိယတရားသူကြီး ဦးသောင်းထွန်းက အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးလ ချမှတ်

ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး ပြည်မြို့မှ တရားလွှတ်တော်ရှေနေ့ ဦးမြင့်အေးနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ကိုမျိုးသူထွဋ်တို့ နှစ်ဦးအား ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ရုံးတင်စစ်ဆေးသည့် နေ့မှာပင် ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံသဖြင့် ဒုမြို့ နယ် တရားသူကြီး ဦးသောင်းထွန်းက အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးလအမိန့် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ အမိန့်ချမှတ်ခံရသူနှစ်ဦးမှာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၅ ရက် နံနက်က ပြုလုပ်ခဲ့သည့် ဦးသန့် နှစ် ၄၀ ပြည့် ကျောင်းသားသမဂ္ဂ အဆောက်အုံ ပြန်လည်တည်ဆောက်ပေးရေး ဆန္ဒ ဖော်ထုတ်ခဲ့မှုအတွက် ခွင့်ပြုချက်မရဘဲ လုပ်ဆောင်ခြင်းကြောင့် ပြည်မြို့အမှတ် (၁) ရဲစခန်းမှူး ဦးမျိုးဝင်းက တရားလို ပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ကာ စတင်ရုံးတင် စစ်ဆေးသည့် ဧပြီ ၂ ရက် မွန်းလွဲ ၂ နာရီတွင် ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့စမ်းကြည့်လိုက်တာ။ အထက်အမိန့်အရ ချတာလား ဥပဒေအရ ချတာလားလို့ မေးလိုက်တယ်။ ငါကတော့ အထက်အမိန့်အရ ချတာလို့ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက ဒဏ်ငွေတစ်သောင်း ရိုက်လို့ လည်းရတယ်။ ၀န်ခံမယ် စမ်းကြည့်မယ်ဆိုပြီး လုပ်တာ။ နောက်လူတွေလည်း ကျဦးမှာပဲ။ ငါက အသက်ကြီးပြီ။ အများကြီးလုပ်သွားမယ်။ စွန့်လွှတ်သွားမယ်။ အထက်အမိန့်အရ ဆိုတာသိနေတယ်။ မြန်မာ တစ်နိုင်ငံလုံးမှာ ဥပဒေမရှိဘူးဆိုတာ ပြောလိုက်မယ်” ဟု အမိန့်ချမှတ်ခံရသည့် တရားလွှတ်တော် ရှေ့နေဦးမြင့်အေးက ပြောကြားသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး အမိန့်ချမှတ် ခံရသူနှစ်ဦး၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးသန္တာက ၎င်းရှေ့နေလိုက်သက် ၁၀ နှစ်ခန့်တွင် ပုဒ်မ ၁၈ အမှုများ ကို ၂၀၁၂ ခုနှစ်ခန့်မှလိုက်ခဲ့ပြီး ယခုလို ရုံးတင်သည့်နေ့မှာပင် အမိန့်ချမှတ်ခြင်းကို ယခုတစ်ကြိမ်သာ ကြုံတွေ့ဖူးကြောင်း၊ တရားသူကြီးမှ စစ်ဆေးရာတွင် စွဲဆိုထားသည့်အမှုကို ကျူးလွန်သလားဟု မေးရာတွင် ၀န်ခံလိုက်ခြင်းကြောင့် အမိန့်ချမှတ် ခဲ့ခြင်းဖြစ်ပြီး ပါဝါတင်ပြီး တရားခွင် အရောက်မှာပင် အမိန့်ချမှတ်လိုက်သည့် အတွက် မှတ်ချက်ပေးစရာ မရှိတော့ကြောင်း ဆိုသည်။

“ယုံကြည်ချက်အတွက်၊ အများအတွက် ကျွန်တော်အလုပ်လုပ်နေတာ။ အဲဒီအတွက် ထောင်လေးလ ချလိုက်တယ် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ပျော်ပျော်ကြီးသွားမယ်။ နောက်တစ်ခုက ကျွန်တော်တို့က လက်ပံတန်းမှာ အကြမ်းဖက်ဖြိုခွင်း ခံရတုန်းက လွတ်လာတယ်။ ကျောင်းသားတွေကို လိုက်ပါကူညီ ဆောင်ရွက်ပေးတဲ့အတွက် အခုလိုရှာကြံ အမှုဖွင့်တယ်။ ထောင်ချတယ်လို့မြင်တယ်” ဟု အမိန့်ချမှတ်ခံရသူ ကိုမျိုးသူထွဋ်က ပြောကြားသည်။

တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးအား အမိန့်ချမှတ်မည့်နေ့တွင်ပင် ကျောင်းသားထုကို မသတ်ရန်နှင့် မတားရန်ဆန္ဒ ထုတ်ဖော်ခဲ့မှုအတွက် ပုဒ်မ ၁၈ ဖြင့်တစ်မှုကိုလည်း ရုံးတင်ထားကြောင်း၊ ကိုမျိုးသူထွဋ် မှာလည်း ပုဒ်မ ၁၈ ဖြင့် တရားရင်ဆိုင်နေဆဲ အမှုများရှိနေပြီး မတ် ၃၁ ရက်က ပုဒ်မ ၁၈ တစ်မှု၊ ဧပြီ ၁ ရက်က ပုဒ်မ ၁၈ နှစ်မှုတို့ဖြင့် တရားစွဲဆို ရုံးတင်ထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment