Friday 3 April 2015

ငြိမ်းချမ်းရေး အလင်းတန်း ဘယ်လောက် လင်းနိုင်မလဲ

"ငြိမ်းချမ်းရေး အလင်းရောင်သာမက ငြိမ်းချမ်းရေး အလင်းတန်းတွေပါ လင်းလာပါပြီ" မတ်လ ၃၁ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်စာချုပ်မူကြမ်း NCA တွင်ပါရှိမည့် အချက်များကို နှစ်ဘက် သဘောတူ လက်မှတ်ထိုးပြီးနောက် သမ္မတ ဦးသိန်းစိန် ပြောဆိုခဲ့သည့် စကားဖြစ်သည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး ဗဟိုဋ္ဌာန MPC တွင် မတ်လ ၃၁ ရက်က ပြုလုပ်သည့် လက်မှတ်ထိုးပွဲသို့ သမ္မတကိုယ်တိုင် တက်ရောက် လာခဲ့ခြင်းသည် လက်မှတ်ထိုးမှုကို အထူးတလည် အလေးထားကြောင်း ထင်ရှားသည်။ 

သုံးနှစ်ကျော်ကြာ ဆွေးနွေးခဲ့ပြီး အကြိမ်ရေများစွာ ဆွေးနွေးခဲ့ကြသည့် NCA ကို လက်မှတ်ထိုးနိုင်ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခုနှစ်ရပ်၏ ပထမဆုံးအဆင့်ကို အောင်မြင်ခဲ့ခြင်းလည်းဖြစ်သည်။ သို့သော် ထိုရလာဒ်များ၊ အောင်မြင်မှုများ ခိုင်မာရန် ပြင်ဆင်မှုမှာမူ မေးခွန်းထုတ်စရာများ ရှိနေသည်။

NCA စာချုပ်ပါ အချက်အလက်များကို ဖေါက်ဖျက်ခြင်း၊ NCA စာချုပ် လက်မှတ်မထိုးနိုင်သေးခင် အပစ် အခတ် ရပ်စဲရန် အာမခံချက် မရှိသေးခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပေါ်ပေါက်လာပါက မည်ကဲ့သို့ ဖြေရှင်းမည် စသည့် နည်းလမ်းများကို နှစ်ဖက် ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပါ။ သို့အတွက် ယခု အောင်မြင်မှုသည် ရေရှည်တည်တံ့သော အောင်မြင်မှု၊ တွန်းအားဖြစ်စေမည့် အောင်မြင်မှု ဖြစ်နိုင်ရန် အလားအလာ နည်းပါးလှသည်။ 

"လက်မှတ်မထိုးခင်မှာ NCA ကို ဖောက်ဖျက်ရင် ဘယ်လို တာဝန်ယူရမယ်ဆိုတာ ဆွေးနွေးမထားဘူး၊ တကယ်လို့ ဖောက်ဖျက်ခဲ့ရင်တော့ နောက်ထပ်ဆွေးနွေးမယ့် ပွဲတွေမှာ ဖောက်ဖျက်တဲ့အဖွဲ့က မျက်နှာပျက် ရမှာ ပေါ့" ဟု NCCT ၏ ပထမခေါင်းဆောင် နိုင်ဟံသာ က မဇ္ဈိမကိုပြောသည်။

၂၀၁၂ ခုနှစ်အတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေ ချိန်တွင် သမ္မတ ဦးသိန်းစိန်က တိုက်ပွဲများ မဖြစ်ရန် ညွှန်ကြားခဲ့သော်လည်း သေနတ်သံများ မစဲခဲ့သည့် သာဓကများ ရှိခဲ့သည်။ အလားတူပင် ၁၉၉၄ ဖေဖော်ဝါရီ ၂၄ တွင် အပစ်အခတ်ရပ်စဲရန် ကချင်လွတ်လပ် ရေးအဖွဲ့နှင့် KIO နှင့် အစိုးရတို့ သဘောတူခဲ့သော်လည်း ၂၀၁၀ ခုနှစ်တွင် ငြိမ်းချမ်းရေး ပျက်ပြယ်ခဲ့သည့် ထင်ရှားသည့် သာဓကလည်း ရှိခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် စာချုပ်သည် ယခု NCA ကဲ့သို့ မူကြမ်းပင်မဟုတ် နှစ်ဦး နှစ်ဖက် ကြေလည် ခဲ့ပြီး သဘောတူ လက်မှတ်ထိုးခဲ့ကြသည့် အချောသပ် စာချုပ်တစ်ခုဖြစ်သည်။ ထိုသို့သော ဥပမာမျိုး ရယူ လျက် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်လုံးက စေတနာမှန်ရန်နှင့် ရိုးသားရန်လိုသည်ဟု လက်ရှိအပစ် ရပ်ဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ်ပါဝင်ခဲ့သူ ကချင် ငြိမ်းချမ်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။

"အရင်တုန်းက လက်မှတ်ထိုးပြီး ပျက်ပြယ်ခဲ့တာတွေကို နမူနာယူပြီး တစ်ချက်ချင်းကိုအကျေအလည် ဆွေးနွေးတာကို တွေ့ရတယ် ဒါပေမယ့် စာချုပ်ကို အတည်လက်မှတ်ထိုးပြီးနောက်မှာ နှစ်ဖက်စလုံးက စေတနာမှန်မှန်နဲ့ ရိုးသာမှုရှိဖို့လိုတယ်" ဟု ပြောသည်။

လက်ရှိတွင် NCA မူကြမ်းကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့က သဘောတူထားသည် ဆိုသော် လည်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (K) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ၊ ဝ ပြည်သွေး စည်းညီညွတ်ရေး တပ်မတော် UWSA ကဲ့သို့သော အခြားလက်နက်ကိုင် အဖွဲ့အစည်းများ၏ သဘောထား ကလည်း ရှိနေသေးသည်။ "ဒီအဖွဲ့တွေမပါရင် ကျွန်တော်တို့ လက်မှတ်မထိုးနိုင်ဘူး။ ထိုးလည်းခိုင်မာမှာ မဟုတ်ဘူး"ဟု NCCT အဖွဲ့ဝင် ဦးခွန်ဥက္ကာက မူကြမ်း ရေးထိုးသည့်နေ့တွင် ပြောကြားခဲ့သည်။

သို့သော် NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းက NCA စာချုပ် မူကြမ်းမှသည် အတည်ရေးထိုး နိုင်ရန် မျှော်မှန်းထားသည်။ ထိုမှတစ်ဆင့် နိုင်ငံရေး ဆွေးနွေးပွဲများပြုလုပ်အပြီး ပင်လုံညီလာခံကဲ့သို့သော ဒုတိယ ပင်လုံညီလာခံ ကျင်းပကာ ထာဝရ ငြိမ်းချမ်းရေး စာချုပ် ချပ်ဆိုနိုင်ရန် အထိ ရည်မှန်းချက် ကြီးကြီး မားမား ထားရှိသည်။

ဒေါက်တာ ဆလိုင်းလျန်မှုန်း မျှော်မှန်းသကဲ့သို့ပင် ပြည်သူအများကလည်း ငြိမ်းချမ်ရေးအလင်းတန်းကို မျှော်လင့်လျက်ရှိနေပါသည်။ အကြောင်းမှာ အနှစ် ၆၀ ကျော် ပြည်တွင်းစစ်၏ အဋ္ဌိဌာရုံ၊ နယ်စပ်ဒေသ အသီးသီးတွင် ရောက်ရှိကာ စစ်ပြေးဒုက္ခသည်အဖြစ် ထွက်ပြေးနေကြရသည့် ဒုက္ခများ၊ ကိုယ့်အိမ် ကိုယ်ယာတွင် ကောင်းသော အိမ်ခြင်း၊ နောက်ကြောင်းအေးစွာ စီးပွားရှာလိုကြခြင်း၊ ကိုယ့်ဒေသ ဖွံ့ဖြိုးစေ လိုခြင်း၊ သားသမီးများ ပညာရေး စိတ်ချစေလိုကြခြင်းကြောင့်ဖြစ်သည်။

ပြည်သူတို့၏ ထိုကဲ့သို့သော မျှော်လင့်ချက်များအတွက် NCA လက်မှတ်ထိုးနိုင်ခြင်း၏ ပထမဆုံးခြေ လှမ်းသည် အလွန်ခိုင်မာရန်လိုအပ်လှသည်။ ထိုမှတစ်ဆင့် အနှစ်သာရရှိသည့် စာချုပ်ချုပ်ဆိုကာ နိုင်ငံရေး ပြဿနာများ ပြေလည်သွားနိုင်မည့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ထွန်းလာကာ ကြီးကျယ်မြင့်မြတ်သည့် ငြိမ်းချမ်းရေး အလင်းတန်း ထွက်ပေါ်လာနိုင်လိမ့်ဟု ဆိုရလိမ့်မည်။

Mizzima - News in Burmese​ 

No comments:

Post a Comment