Friday 3 April 2015

မြန်မာစာဖြင့် အသုံးပြုနိုင်မည့် application များကို ဦးစားပေး ရေးသားကြရန် ဒုတိယသမ္မတ တိုက်တွန်း

မြို့ပြနေပြည်သူများသာမက ကျေးလက်နေပြည်သူများပါ အိုင်စီတီကို အသုံးပြုနိုင်စေရန်အတွက် မြန်မာ စာဖြင့် ဖန်တီးထားသည့် application များကို ဦးစားပေး တီထွင်ရေး သားကြရန် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက တိုက်တွန်းပြောကြားလိုက်သည်။

'' မြို့ကြီးနေ ပြည်သူများရော၊ ကျေးလက်နေပြည်သူများပါ အသုံးပြုနိုင်ဖို့အတွက် မြန်မာစာနဲ့ အသုံးပြုနိုင် တဲ့ application တွေကို ဦးစားပေး တီထွင်ရေးသားကြဖို့လည်း အလေးထား တိုက်တွန်းပြောကြား လိုပါတယ်" ဟု ယနေ့ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် Software Show Case ဖွင့်ပွဲအခမ်းအနား၌ ဒုတိယ သမ္မတက ပြောကြား ခဲ့ခြင်းဖြစ်သည်။

မြန်မာစာသုံး အက်ပလီကေးရှင်းများကို ရေးသားနိုင်ရန်အတွက် မြန်မာစာစံစနစ် ပေါ်ပေါက်လာစေရေးမှာ အရေးကြီးပြီး အဆိုပါ မြန်မာစာ စံစနစ် ပေါ်ပေါက် လာစေရေး အတွက် နိုင်ငံတော်ဘက်မှ ပံ့ပိုးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

'' မြန်မာစာသုံး application များ ရေးသားနိုင်ဖို့ ပြည့်စုံကောင်းမွန်တဲ့ မြန်မာစာစံစနစ် ပေါ်လာရေးအတွက် အထူးကြိုးပမ်း ဆောင်ရွက်နေကြဖို့ လိုအပ်သလို နိုင်ငံတော် ဘက်မှာလည်း လိုအပ်တဲ့ ပံ့ပိုးကူညီမှုများ ပေးအပ်သွားရမှာ ဖြစ်ပါတယ်" ဟု ဒုတိယသမ္မတက ဆိုသည်။

ပြီးပြည့်စုံသည့် မြန်မာစာစံစနစ် ပေါ်ပေါက်လာရန် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အနေဖြင့် ယခုထက် မက ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် ဒုတိယသမ္မတက တိုက်တွန်းပြောဆိုထားပြီး အနာဂတ် ကာလ၌ အိုင်စီတီသည် နိုင်ငံတော်မှ အားထားရသည့် စီးပွားရေးကဏ္ဍတစ်ခု ဖြစ်လာစေရန် လူငယ်များကို ယခုမှ စတင်၍ မြေတောင်မြှောက်ပေးမှုများနှင့် ပံ့ပိုးမှုများ ပြုလုပ်ပေးရန် လိုအပ်သည်ဟုလည်း ဒုတိယသမ္မတက Software Show Case ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။

Software Show Case သည် နိုင်ငံတော်အဆင့် ပြည်တွင်းထုတ် နည်းပညာများကို ပြသသည့် ပထမဦး ဆုံးသော နည်းပညာပြပွဲဖြစ်ပြီး အဆိုပါပြပွဲကို နေပြည်တော်၌ ၂ ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပြပွဲနှင့် ပတ်သက်၍ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အိုင်စီတီကဏ္ဍ၏ စည်းလုံး ညီညွှတ်မှုနှင့် မြန်မာ လူငယ်များ၏ တီထွင်မှုစွမ်းရည်တို့ကို သက်သေထူသည့် ပွဲတစ်ပွဲဖြစ်ကြောင်း မှတ်ချက် ပြုခဲ့ကြောင်း သိရသည်။

Internet Journal 

No comments:

Post a Comment