Friday 3 April 2015

ကျိုက်ထိုတွင် ဟိုင်းလပ်နှင့် သဲတင်ယာဉ် တိုက်မိ၊ လူ ၁၀ ဦး သေဆုံး

မွန်ပြည်နယ် ကျိုက်ထိုမြို့ ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် ဧပြီလ ၂ ရက် နံနက် ၉ နာရီခွဲက ခရီးသည် တင် ဟိုင်းလပ်မော်တော်ယာဉ်နှင့် သဲတင်မော်တော်ယာဉ်တို့ မျက်နှာချင်းဆိုင် ဝင်တိုက်မိရာမှ ဟိုင်းလပ် ယာဉ်ပေါ်ပါ သုံးနှစ်အရွယ် ကလေးငယ် အပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး နှစ်ဦးမှာ အပြင်းအထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ကျိုက်ထိုမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ဘက်မှ ပဲခူးဘက်သို့ ရန်ကုန်-မော်လမြိုင် ကားလမ်းအတိုင်း ခရီးသည် များ တင်ဆောင်မောင်းနှင်လာသော ဟိုင်းလတ်မော်တော်ယာဉ်မှာ ကျိုက်ထိုမြို့အထွက် တံတားဖြူ မှတ်တိုင် အနီးတွင် မျက်နှာချင်းဆိုင်မှ မောင်းလာသည့် Faw အမျိုးအစား သဲတင်ယာဉ်နှင့် ဝင်တိုက်မိခဲ့ ကြောင်း၊ ယာဉ်တိုက်မှုကြောင့် ဟိုင်းလတ်ယာဉ်ပေါ်မှ ယာဉ်မောင်းအပါအဝင် ကိုးဦးမှာ နေရာတွင် သေဆုံး ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ သုံးဦးကို ပဲခူးဆေးရုံသို့ ပို့ဆောင်ခဲ့စဉ် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး ထပ်မံသေဆုံးခဲ့ရကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြား သည်။

“ဟိုင်းလတ်ကားပေါ်က ၁၀ နှစ်ကျော် ကလေးလေးယောက် အမျိုးသမီးကြီး နှစ်ယောက်နဲ့ အမျိုးသား သုံးယောက် ပွဲချင်းပြီး ဆုံးသွားခဲ့တယ်၊ ကလေးနှစ်ယောက်နဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ယောက် က မသေဘဲ ကျန်နေတာကြောင့် ပဲခူးဆေးရုံကို အရေးပေါ်ကားတွေနဲ့ ပို့ပေးခဲ့တာ၊ ညနေ ၄ နာရီ လောက်က သုံးနှစ်အရွယ် ကလေးငယ်တစ်ယောက် ထပ်ဆုံးသွားတယ်” ဟု ယာဉ်တိုက်မှုမှ သေဆုံးသူ များနှင့် ထိခိုက်ဒဏ်ရာရသူများကို လိုက်လံကူညီပေးခဲ့သည့် ကော့စနိုင် နာရေးကူညီမှုအသင်း (ကျိုက်ထို) မှ အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

အဆိုပါ ယာဉ်တိုက်မှုမှ ဟိုင်းလတ်ယာဉ်ပေါ်ပါ ခရီးသည်များ သေဆုံးဒဏ်ရာ ရခဲ့သော်လည်း သဲတင် ယာဉ်ပေါ်ပါသူ သုံးဦးမှာ ပွန်းပဲဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း၊ သဲတင်ယာဉ်မောင်းဖြစ်သူကို ကျိုက်ထိုမြို့မ ရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးနေဆဲ ဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“ဟိုင်းလတ်ကားပေါ် ပါလာသူတွေက ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာက သူတွေလို့ သိရတယ်။ အသက်ရှင် ကျန်ခဲ့သူဆိုလို့ ၁၀ နှစ်ကလေး ဟိန်းထက်စံနဲ့ အသက် ၃၀ အရွယ် ကိုမိုးဆွေတို့ နှစ်ယောက်ပဲ ရှိတာ၊ ပေါင်တွေကျိုးပဲ့ပြီး အရမ်းနာကျင်နေတာကြောင့် ဘာတစ်ခွန်းမှ မေးမရသေးဘူး၊ ညနေက ပဲခူးဆေးရုံ ကနေ ရန်ကုန်ဆေးရုံကြီးကို လွှဲပို့ထားရတယ်” ဟု ဒဏ်ရာရသူများကို ကူညီဆောင်ရွက်ပေးနေ သည့် ပဲခူးမြို့နယ် ဦးကိတ္တိ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းထားသူ သဲတင်ယာဉ်မောင်း အမည်နှင့် ၎င်းကို အရေးယူထားသည့် ပြစ်မှုပုဒ်မများကို ကျိုက်ထိုမြို့မ ရဲစခန်းထံ The Voice က ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းခဲ့သော်လည်း တာဝန်ရှိ ရဲအရာရှိ မရှိသောကြောင့် ဖြေကြားခွင့် မရှိကြောင်း ယင်း ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

The Voice Weekly 

No comments:

Post a Comment