Friday, 3 April 2015

နာမည်တလုံးအတွက် တိုက်ပွဲ


လက်ရှိ အစိုးရလက်ထက် တိုင်းပြည်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာတွေက များပါတယ်။ အဲလို နိုင်ငံရေးအရှုပ်တွေ များတာကို ဦးနုအစိုးရလက်ထက်တုံးက (ပြဿနာပေါင်း သောင်းခြောက်ထောင်) လို့ သုံးပါတယ်။ အခုတော့ သိန်းဂဏန်းလို့တောင် ပြောရမလားမသိပါ။ အဲဒီအရေအတွက်ထက် အရေးကြီးတာတွေထဲက တခုကို ရေးပါရစေ။ ဘာသာရေး အစွန်းမလွတ်ပြဿနာပါ။ ဘာသာရေးအစွန်းရောက်လို့တော့ မပြောလိုသေးပါ။


ဘာသာရေးသတင်းက လောလောဆယ်တော့ ငုပ်နေသလို ဖြစ်တယ်။ အမှန်က မီးခဲပြာဖုံးပါ။ မီးခဲက ငရဲမီးလို့ တင်စားရင် လွန်ရာမကျပါ။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဘာသာရေးအခြေခံ ပဋိပက္ခဟာ စစ်ပွဲကြီးရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ စစ်ပွဲတိုင်းမှာ တိုက်ပွဲတွေ အများကြီး ရှိနိုင်တယ်။ တိုက်ပွဲတခုက ပြီးသွားပါပြီ။ နိုင်လိုက်တယ်လို့များ ထင်နေကြပါသလား။ ခွက်ခွက်လန်အောင် ရှုံးလိုက်ပါတယ်။ ဘာလို့ ရှုံးရသလဲ၊ ဘာတွေ ဆက်ဖြစ်မလဲ။

နယူးဒေလီမှာ နေခဲ့ရတုန်းက ဟောပြောပွဲတခုမှာ (နာမည်တလုံးအတွက်စစ်ပွဲ) ခေါင်းစဉ်နဲ့ ပြောခဲ့ရဘူးတယ်။ အိန္ဒိယမှာ အခု အစိုးရ မတက်မီ၊ သူ့ပါတီဖြစ်တဲ့ (ဘီဂျေပီ)ရဲ့ ပညာရှင်အဖွဲ့အစည်း (အင်ဒီယန်းဖောင်ဒေးရှင်း) ကနေ ဖိတ်တာပါ။ ဒီပါတီက ဟိန္ဒူဘာသာရေးဘက်ယိမ်းတယ်။ ဗုဒ္ဓဂါယာမှာ ဗုံးတွေ ဖောက်ခွဲခံလိုက်ရအပြီးမှာ ကျင်းပတဲ့ပွဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အသိဉာဏ်နဲ့ နှလုံးသား တည်ရှိရာ ဗုဒ္ဓဂါယာမှာ ဗုံးတွေ ဖောက်ခွဲခံလိုက်ရတာဟာ မြန်မာနိုင်ငံကနေ မြစ်ဖျားခံခဲ့လေမလားလို့ သံသယထားခံရချိန်ပါ။ အဲတာသာ မှန်ကန်မယ်ဆိုရင် အိန္ဒိယကိုရော တကမ္ဘာလုံးက ဗုဒ္ဓဘာသာ ကိုးကွယ်သူများကိုပါ ကျနော်တို့ မြန်မာဗုဒ္ဓဘာသာဝင်တွေက တောင်းပန်ရမှာပါလို့ အစချီပြီးပြောဟောခဲ့ပါတယ်။

ကျနော်က မြန်မာဗုဒ္ဓဘာသာဝင်တယောက် ဖြစ်ပေမယ့် ဓမ္မဓိဋ္ဌာန်ကျကျ၊ နိုင်ငံရေးရှုထောင့်ကနေ ရေးမှာပါ။ နိုင်ငံတကာ သုံးသပ်သူတွေအမြင်နဲ့ မီဒီယာမှာ ဖော်ပြနေတာ တချို့တွေနဲ့လည်း ကွဲလွဲတာတွေ ရှိပါလိမ့်မယ်။ ဆိုရှယ်ကွန်ရက်က တချို့တွေနဲ့လည်း တူမှာ မဟုတ်ပါ။ အဲလို သတင်းပူတွေ ရှိတိုင်း (ဖေ့စ်ဘွတ်) လိုနေရာမျိုးမှာ (ဘလော့ခ်) လုပ်စရာတွေ ပေါ်လာစမြဲဖြစ်လို့ ပြင်ဆင်ထားပါတယ်။ ဒီပြဿနာဟာ ဘာသာရေးယှဉ်ပြိုင်မှု မဟုတ်ပါ။ တိုင်းပြည်တခုလုံးရဲ့ လုံခြုံရေးနဲ့ အနာဂတ်ရေး ဖြစ်ပါတယ်။ စစ်ရေးအမြင်ဆိုတာ မမှန်ပါ။ လုံခြုံရေးအမြင်ဆိုမှ သင့်မြတ်တယ်။ ကွက်မမြင်ပါနဲ့။ ဂဏန်းသုံးလုံး၊ အက္ခရာသုံးလုံးတွေကလည်း ဒီအရှုပ်အထွေးထဲက ထွက်လာတဲ့ အစွယ်တွေသာ ဖြစ်ပါတယ်။ အစွယ်ဆိုတာ မြတ်စွာဘုးရားစွယ်တော်မဟုတ်ရင် ကိုးကွယ်ဖို့ မဟုတ်ပါ။

၂ဝ၁၃ ခုနှစ် ဇူလိုင်လထဲမှာ ဒီသတင်းတွေကိုဖတ်ခဲ့ကြရပါမယ်။ ၇-၇-၂ဝ၁၃ ဗုဒ္ဓဂါယာမှာ ဗုံးတွေ ဆက်တိုက် ပေါက်ကွဲ။ ၂ ဦး ဒဏ်ရာရရှိ။ ၁ဝ-၇-၂ဝ၁၃ ကုလခေါင်းဆောင်မှ ရိုဟင်ဂျာတွေကို နိုင်ငံသားလုပ်ပေးဖို့ မြန်မာကို ပြောလိုက်။ ဂျကာတာမှ ရိုဟင်ဂျာတွေကို ဥပဒေခံစားခွင့်တွေ ပေးဖို့ မြန်မာကို ဖိအားပေး။ ရိုဟင်ဂျာ ၂ ယောက် အင်ဒိုနီးရှား ဈေးဝယ်ရောက်။

အဲဒီကာလမှာ ဆိုရှယ်ကွန်ရက်တွေမှာလည်း သတင်းတွေက လှိုင်ပါတယ်။ ပါကစ္စတန်က မွတ်စလင်အကြမ်းဖက်သမားတွေက (တွစ်တာ) သုံးတယ်။ မြန်မာတွေက (ဖေ့စ့်ဘွတ်) ကို သုံးပါတယ်။ ယေဘုယျအားဖြင့် ဗုဒ္ဓဘာသာ မဟုတ်သူတွေကို အပြစ်ဖို့ပြီး အချင်ချင်းဆိုသူတွေလဲ ဆဲရေးတိုင်းထွာနေကြတာတွေ ရှိနေလို့ (ဖေ့စ်ဘွတ်)ဟာ အမှိုက်ထုပ်နဲ့ တူနေပါတယ်။ ဒါနဲ့ ကျနော်က နှစ်ပေါင်းရာချီပြီး အတူတူအေးအေးချမ်းချမ်းနေထိုင်ခဲ့ကြတဲ့ မြန်မာမွတ်စလင်တွေနဲ့ ဘယ်တိုင်းပြည်ကနေ လာမှန်းမသိသူတွေကို ခွဲခြားမြင်ကြဖို့ ရှင်းရပါတယ်။ နောက်ပြီး သူတို့ကိုယ်သူတို့ (ရိုဟင်ဂျာ)လို့ အခေါ်ခံချင်သူ တချို့တွေနဲ့ အစွန်းရောက် (ဝက်ဘ်ဆိုက်) တွေက ဖော်ပြနေတဲ့အတိုင်း လက်နက်ကိုင်ပြီး အကြမ်းဖက်ချင်တဲ့ မွတ်စလင်တွေနဲ့ မတူကြတာကိုလည်း ပြောရပါသေးတယ်။ ပြောစမို့ ပြောရပေမယ့် သူများကို ဆဲရေးလိုက်ရတာကို ကိုယ့်နိုင်တယ် ထင်နေကြတုန်းပဲ။ ကိုယ်ရှုံးတာမသိဘူးဆိုတာ အဲတာ။ တချိန်တည်းမှာ အတူ နေထိုင်လာခဲ့တဲ့ မြန်မာမွတ်စလင်တွေထဲက တချို့ကလည်း အစွန်းတဖက်ကို ရောက်သွားကြလို့ အခုလို စိုသောလက်မခြောက်စေနဲ့လို့ ပြောရတာ အားမရှိလှပါ။

ဒီအရေးကိစ္စဟာ ပေါ့သေးသေး မဟုတ်ပါ။ နိုင်ငံတကာပြဿနာဖြစ်ပါတယ်။ ကုလသမဂ္ဂအထိ ရောက်တယ်။ စစ်အစိုးရလက်ထက်တုန်းက ကုလကနေ အထူးကိုယ်စားလှယ် ၂ ဦးတိတိ ခန့်ထားခဲ့ရတယ်။ အဲဒီချိုးဖောက်မှုတွေကို ကျူးလွန်သူက အစိုးရကိုယ်တိုင် ဖြစ်တယ်။ အခုထိ အထူးကိုယ်စားလှယ်တွေ ရှိနေသးတာဟာ မြန်မာပြည်မှာ အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေသူတွေက ဆက်လက်အုပ်ချုပ်နေဆဲလားလို့ မေးစရာမလိုပါ။

ပြောင်းလာတာကတော့ ခေါင်းစဉ်ပါ။ (ရိုဟင်ဂျာ အစ်ရှူး) ရယ်လို့ ဖြစ်လာတယ်။ လူ့အခွင့်အရေးတွေ၊ တိုင်းရင်းသားအရေးတွေက မှေးမှိန်ခံထားရပါပြီ။ ဒါတွေကြောင့် နိုင်ငံရေးသုံးသပ်ချက်တွေကို မြန်မာလိုနဲ့ချည်း မလုံလောက်တော့ပါ။ ဒါနဲ့ အင်္ဂလိပ်လို ဆောင်းပါးတပုဒ် ရေးခဲ့ပါသေးတယ်။ မြန်မာဗုဒ္ဓဘာသာဝင်တွေက ဘာသာရေးနဲ့ နိုင်ငံအပေါ်မှာ အန္တရာယ် ကျရောက်နေပြီလို့ မြင်လာကြောင်း ထည့်ရေးခဲ့ပါတယ်။ ၂ဝ၁၂ နှစ်လယ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေဖြစ်တော့ နိုင်ငံတကာကနေ ဝင်လာတဲ့ အရာတွေဟာ မမျှော်မှန်းတာတွေနဲ့ မမျှတတာတွေ ဖြစ်နေတယ်ဆိုတာကို ထောက်ပြပါတယ်။ ၂၈-၅-၂ဝ၁၂ နေ့က အုပ်စုလိုက်အဓမ္မကျင့်ပြီး သတ်ပစ်ခံရတဲ့ မသီတာထွေးသတင်းဟာ ၁၆-၁၂-၂ဝ၁၂ နေ့က ဒေလီမှာ အုပ်စုလိုက်အဓမ္မကျင့်ခံခဲ့ရတဲ့ အမျိုးသမီးလောက် ကမ္ဘာကို ဆွဲဆောင်နိုင်ခဲ့ခြင်း မရှိတာဟာ မြန်မာနိုင်ငံအတွက်ပါ ပိုပြီးကံဆိုးစေပါတယ်။

ဒီထက် ပိုဆိုးသွားတာက အရင်စစ်အစိုးရလက်ထက်မှာ ပြည်ပအခြေစိုက် အဖွဲ့အစည်းတွေကနေ အဲလိုအရေးတွေ မှန်သမျှကို ဒိုင်ခံပြီး နိုင်ငံတကာကိုတင်ပြ၊ ရှင်းပြ၊ တောင်းဆိုခဲ့ကြပေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံကို အတည်ပြုလိုက်ကတည်းက ပြည်ပအဖွဲ့တခုမှ ထောက်ပံ့မှု မရတော့ပါ။ အဲတာကြောင့် ကနေ့အစိုးရလက်ထက်မှာ ဖြစ်လာတဲ့ (အစ်ရှူး) အသစ်ကို ထောက်ပြနိုင်သူရယ်လို့ ငွေကြေးတတ်နိုင်တဲ့အဖွဲ့မျိုးသာ ကျန်တော့လို့ သူတို့အသံ တွေကိုသာ နိုင်ငံတကာက ကြားနိုင်တဲ့အဖြစ်ကို ရောက်လာပါတော့တယ်။ စစ်မျက်နှာတခုတည်းမှာသာ ယှဉ်နေနိုင်တဲ့သဘော ဖြစ်ပါတယ်။ ဆိုရှယ်ကွန်ရက်က ပွဲဆူစေတာထက် မတတ်နိုင်ပါ။ ကနေ့မြန်မာနိုင်ငံသားတွေက ဆိုရှယ်ကွန်ရက်နိုင်ငံရေးသာ များနေတယ်။ မှားပါတယ်။

ရခိုင်မှာ စတဲ့ပြဿနာနဲ့ ဆက်ပြီး လူပေါင်း (၈၈ + ၈ဝ = ၁၆၈) ယောက် သေဆုံးပြီး၊ ၇၅ဝဝဝ (အစိုးရ)၊ ဒါမှမဟုတ် အယောက် ၁၂ဝဝဝဝ (လူ့အခွင့်အရေးအဖွဲ့) အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့တယ်။ ၂-၅-၂ဝဝ၈ နေ့က မြန်မာပြည်အောက်ပိုင်း ကမ်းရိုးတန်း ဒေသတွေမှာ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင် လူပေါင်း ၁၃ဝဝဝဝ လောက် သေဆုံးခဲ့ပါတယ်။ နာဂစ်အတွက် နိုင်ငံတကာ အကူအညီတွေစာရင်းကို (က) ကြီးကနေ (အ) အထိ ရှိပါတယ်။ စာရင်း မထည့်တော့ပါ။ နာဂစ်မုန်တိုင်းအတွက် ကူညီတဲ့အလှူရှင်စာရင်းနဲ့ ရခိုင်ဒေသအတွက်မှာ ကူတဲ့စာရင်း ကွဲပြားတာ တွေ့ပါမယ်။ နာဂစ်မှာ လူ ၁၃ဝဝဝဝ သေခဲ့ပြီး၊ မြန်မာနိုင်ငံမှာ မွတ်စလင်ဦးရေ ၄ ရာခိုင်နှုန်း ရှိမယ်ဆိုထားလို့၊ သင်္ချာလို တွက်လို့ရတဲ့ နာဂစ်မှာ သေဆုံးရတဲ့ မွတ်စလင်ဦးရေဟာ ၅၂ဝဝ ဖြစ်မယ်။ ရခိုင်အဖြစ်အပျက်မှာ အစိုးရကိန်းဂဏန်းအရ ၈၄ ယောက်၊ ရိုဟင်ဂျာဘက်က အပြောအရ ၁ဝဝဝ ရှိတယ်။ မွတ်စလင်တွေ များများသေဆုံးတုန်းကတောင် ပင်လယ်ကွေ့ဒေသက နိုင်ငံတွေဟာ ဒီလောက်ထူးခြားပြီး မကူခဲ့ပါ။ ရခိုင်အဖြစ်အပျက်ကျမှ ဝင်လာတဲ့အကူအညီတွေဟာ (ရိုဟင်ဂျာ) ခေါင်းစဉ်အတွက်သာ ဖြစ်နေတာ မဟုတ်လားလို့ မေးစရာ ရှိလာပါတယ်။၊ တနည်းအားဖြင့် ဘာသာရေးအတွက် မဟုတ်ပဲ၊ အကူအညီလိုလို့လည်း မဟုတ်ပဲ၊ လူသားချင်းစာနာမှု ထက်ကဲပြီး၊ နာမည်တလုံးအတွက် ဖြစ်နေသလား။

ရခိုင်မှာ ဖြစ်တော့ နိုင်ငံခြားရေးဝန်ကြီးတွေ၊ သံအမတ်ကြီးတွေ၊ ထင်ရှားတဲ့ ခေါင်းဆောင်တွေ ရခိုင်ပြည်နယ်အထိ အခေါက်ခေါက်လာကြတယ်။ ဒီပဲယင်းအရေးအခင်းမှာ အမေရိကန်သံရုံး တခုတည်းသာ လာတယ်။ လွန်ခဲ့တဲ့အနှစ် ၂ဝ အတွင်း သန်း ၆ဝ လူထု လူ့အခွင့်အရေးတွေ ချိုးဖောက်မှုတွေ လှိမ့်ခံနေရတုန်းမှာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်သာ လာခဲ့ပါတယ်။ စင်ပြိုင်အစိုးရအနေနဲ့ သတိပြုမိတာတချက်လည်း တွေ့ပါတယ်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ ၁ နှစ် ၁ ခါ ထွက်ဖို့ရာ ဂျနီဗာနဲ့ နယူးယောက် သွားသွားပြောခဲ့ရပါတယ်။ ရခိုင်အရေးကျမှ လူ့အခွင့်အရေးစကားတွေ တွင်တွင် ပြောလာတဲ့နိုင်ငံတွေဟာ အနှစ် ၂ဝ အတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အတွက် တခါမှာ ဦးစီးပြီး အဆိုတင်သွင်းပေးတာ (စပွန်ဆာနိုင်ငံ) မလုပ်ခဲ့ကြပါ။

ဗုဒ္ဓဂါယာဗုံးခွဲမှုမှာ (အိုင်အမ်) အိန္ဒိယမူဂျာဟစ်ဒင်တွေ လက်ချက်လားလို့ အိန္ဒိယအစိုးရက သံသယရှိတယ်လို့ ဆိုတာမို့ မူဂျာဟစ်သမိုင်းကို ရှာပါတယ်။ ရခိုင်ဒေသမှာ သိသာတဲ့ အရေအတွက်နဲ့ မူဂျာဟစ်ဒင်တွေရှိခဲ့တာ ၁၉၄၉ ကတည်းက ဖြစ်တယ်။ (မားကက်ဆင်) က ခေါင်းဆောင်တယ်။ (မူဂျာဟစ်)လို့ ခေါ်တယ်။ အများစုက အရှေ့ပါကစ္စတန် (ယနေ့ ဘင်္ဂလားဒေးရှ့်) က လူတွေသာ ဖြစ်ကြတယ်။ မြန်မာစစ်တပ်ကနေ ၁၉၅ဝ မှာ နှိမ်နင်းခဲ့လို့ ဘင်္ဂလားဒေးရှ့်ကို ထွက်ပြေးကြရတယ်။ (ကော့စ်ဘဇား)မှာ (မား ကက်ဆင်) အသတ်ခံရပြီး၊ အဖွဲ့ပါ ပြိုကွဲသွားတယ်။ ဒိနောက်မှာ (ရိုဟင်ဂျာ)လို့ ပြောလာကြတယ်။ ရခိုင်မှာ ဆက်ရှိနေကြတယ်။ ဗိုလ်ချုပ်နေဝင်း ၁၉၆၂ စစ်အာဏာသိမ်းပြီးနောက် နှိမ်နင်းရေးတွေ အတော်ကြာကြာ လုပ်ရတယ်။ ၁၉၇၈ နဂါးမင်းစစ်ဆင်ရေးက နာမည်ကြီးတယ်။ (ရိုဟင်ဂျာ) လို့ အခေါ်ခံလိုသူ (မူဂျာဟစ်)အဖွဲ့ဝင်တွေ ဘင်္ဂလားဒေးရှ့်ကို ထွက်ပြေးကြရပြန်တယ်။ ရခိုင်မှာ ကျန်ရစ်သူတွေဟာ ဘင်္ဂလားဒေးရှ့်နဲ့ မလေးရှားက မူဂျာဟစ်ဒင်တွေနဲ့ ဆက်နေတယ်။ အလှူငွေတွေ ရှာတယ်။ ဘာသာရေးနဲ့ ရောပြီး စစ်သင်တန်းတွေ ပေးတယ်။ နိုင်ငံတကာ မှတ်တမ်းတွေမှာ သိပ်မပါတဲ့အချက်က (ရိုဟင်ဂျာ)ဟာ ဖဆပလလက်ထက်မှာ နေရာရခဲ့တဲ့အချက် ဖြစ်တယ်။

မြန်မာနိုင်ငံကို ပြင်ပကနေလာတဲ့ ဖိအားတွန်းအားတွေကနေ ပြည်တွင်းမှာ တခါမှ မကြုံဘူးတဲ့ ဗုဒ္ဓဘာသာဘက်ကနေ လှုံ့ဆော်မှုတွေကို ဖြစ်ပေါ်လာစေပါတော့တယ်။ ထောက်ခံသူတွေနဲ့ ပြစ်တင်ဝေဖန်သူတွေကြား သဘောထားတွေ ကွဲကြတယ်။ သတ်တဲ့ဖြတ်တဲ့အထိ လုပ်တယ်။ တကယ်တော့ မြန်မာနိုင်ငံထဲမှာ ဗုဒ္ဓဘာသာတက္ကသိုလ်တွေ၊ စာသင်တိုက်ကြီးတွေ၊ တရားစခန်းတွေမှာ အမုန်းတရားကို သင်ကြားပို့ချတယ်ဆိုတာ လုံးဝ မရှိခဲ့ဖူးပါ။ အခုတော့ ပြောင်ပြောင်တင်းတင်းလုပ်ခွင့်ကို အာဏာပိုင်တွေ ကိုယ်တိုင်က ခွင့်ပြုထားသလို ကျူးလွန်စော်ကားမှုလုပ်သူတွေဘက်ကနေ လိုက်ပြီး အဲလိုလူတွေက မျက်စိဆံပင် မွှေးစူးသူဆိုရင် တရားစွဲခံကြရတော့တယ်။

အစိုးရပေါ်လစီဟာ တိုက်ပွဲအောင်နိုင်ရေးအတွက် မဟုတ်ပါ။ ရန်သူဆိုတာ တိုင်းပြည်ရဲ့ အချုပ်အခြာကို တိုက်ခိုက်လာနေသူတွေ မဟုတ်ပဲ တို့အာဏာကို တိုက်နေသူတွေ သာဖြစ်တယ်လို့ ပြောနေတယ်။ အစိုးရထဲမှာ မပါသူတွေတချို့ကလည်း ဒီအရေးအရာဟာ တိုင်းပြည်အန္တရာယ်မှန်း မသိကြပဲ ဓမ္မန္တရာယ်ခေါင်းစဉ်အောက်ကနေ ကိုယ့်ကိုယ်ကို ကျည်ဆံအဖြစ် အသုံးချခံနေကြတယ်။ တချို့က ရွေးကောက်ပွဲ မဲရရေးဗျူဟာထဲမှာ ပျော်ပျော်ကြီး ရောင်းစားတာ ခံနေကြတယ်။ (ရိုဟင်ဂျာ) ခေါ်ရေး၊ မခေါ်ရေးလောက်သာ စကားများ နေကြတယ်။ ငါတို့ကတော့ အဲလို မခေါ်ဖူးလောက်နဲ့ အနိုင်ရပြီ ထင်နေကြတယ်။ မှားချက်ကတော့ ကမ်းကုန်ရောပဲ။

(ရိုဟင်ဂျာ) ဆိုတဲ့အမည်ဟာ မြန်မာပြည်ထဲမှာ မပြောကြရပေမယ့် အပြင်မှာ အလွန် ရေပန်းစားလွန်း အားကြီးပါတယ်။ သူတို့ကို ဘင်္ဂါလီတွေလို့ အစိုးရက သတ်မှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံအပြင်မှာတော့ အဲဒီနာမည်တလုံးဟာ၊ ဒုက္ခရောက်နေသူတွေ ခံစားနေရတာအထက် အရေးကြီးနေသလို ဖြစ်နေပါတယ်။ (ရိုဟင်ဂျာ) ဆိုတာကို တရားဝင် အခေါ်ခံရဖို့ရာအတွက် အသက်၊ သွေးအပြင် ဒေါ်လာတွေနဲ့ သံတမန်လက်နက်တွေကို အကြီးအကျယ်သုံးနေကြတယ်။ ကမ္ဘာကြီးကလည်း ရိုသေကျိုးနွံစွာလိုက်ပါနေတယ်။ အဲတာကို တန်ပြန်ပြီး ဒေါသနဲ့ ကြမ်းပြ ရမ်းပြတာကြောင့် ပိုဆိုးပြီး၊ ပိုကျယ်ပြန့်လာတာကို သိကြစေချင်ပါတယ်။ နည်းနာ အလွန်မှားယွင်းပါတယ်။

နာမည်တလုံးအတွက် တိုက်ခံနေရတာကို မသိပဲ၊ ခံစစ်၊ ထိုးစစ်၊ ဝါဒဖြန့်ချိရေး စစ်လုပ်နေလို့ နာမည်တိုက်ပွဲမှာ အရှုံးနဲ့ ရင်ဆိုင်နေရပြီဆိုတာ ဝန်ခံရပါလိမ့်မယ်။ မြန်မာ့အချုပ်အခြာအာဏာအပြင်ဘက်က ဝါရှင်တန်နဲ့ လန်ဒန်၊ နယူးယောက်နဲ့ နယူးဒေလီမှာ မပြောနဲ့ နေပြည်တော်နဲ့ ရန်ကုန်မှာပါ မသုံးစေချင်တဲ့နာမည်ကို မကြားချင်လည်း လာပြော နေကြပါပြီ။ လက်ရှိ နည်းဗျူဟာ အသုံးမကျတာကို ဖော်ပြတာ ဖြစ်တယ်။ မဟာဗျူဟာ မှားနေလို့ပါ။ ပစ်မှတ် လွဲနေလို့ပါ။ စစ်ရေးအမြင်ရှိသယောင်နဲ့ တိုင်းပြည်လုံခြုံရေးအမြင် ကင်းမဲ့ လို့ပါ။

အိန္ဒိယနိုင်ငံသား မြန်မာ့အရေးသုံးသပ်သူ ကာနယ် (ဘီ ဟာရီရာမန်) ကနေ (ရိုဟင်ဂျာ) အရေးဟာ ဘင်္ဂလားဒေးရှ့်နဲ့အရှေ့တောင်အာရှမှာ နောက်ဆုံးခြေကုပ်ယူဖို့ ကြိုးစားနေကြတဲ့ အစ္စလာမ္မ်အစွန်းရောက်တွေအဖို့ မြန်မာနိုင်ငံမှာ ခြေကုပ်သစ်တခု ရကောင်းရလာနိုင်တယ်လို့ ရေးပါတယ်။ သူ့သုံးသပ်ချက်သာ မှန်ရင် ကျနော် ထင်ပါတယ်၊ နောက်တိုက်ပွဲဟာ မြေနေရာကွက်အတွက် ဖြစ်လာပါလိမ့်မယ်။ ကျနော်မှားပါစေလို့ ဆုတောင်းပါတယ်။
ဒေါက်တာတင့်ဆွေ
DVB

No comments:

Post a comment