Friday 3 April 2015

ကယားပြည်နယ်ရှိ မူလတန်းပြ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများအတွက် (မွမ်းမံ)သင်တန်း ဖွင့်လှစ်

ကယားပြည်နယ်အတွင်းရှိ ကျေးရွာများတွင် ပညာသင်ကြားပေးနေသည့် မူလတန်းပြ စေတနာ့ ဝန်ထမ်း ဆရာ၊ ဆရာမများ အတွက် မွမ်းမံသင်တန်းကို ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာ ဖွင့်လှစ် သွားမည်ဟု ယင်းသင်တန်းကို ဦးစီးဖွင့်လှစ်သည့် ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ ပညာရေး လက် ထောက် တာဝန်ခံ ခူးဝေလင်းဦးက မဇ္ဈိမကို ပြောသည်။

သင်တန်းတွင် စေတနာ့ ဝန်ထမ်းဆရာ၊ ဆရာမ ဦးရေ ၈၀ တက်ရောက်နေပြီး သင်တန်းကာလအတွင်း နေရာထိုင်ခင်းနှင့် စားသောက်စရိတ်ကို ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့က တာဝန်ယူသွားမည် ဖြစ် သည်။

“ဒီသင်တန်းကို အတွေ့အကြုံရှိတဲ့ သူတွေအတွက် မွမ်းမံသင်တန်းအဖြစ် ဖွင့်လှစ်တာပါ။ အတွေ့အကြုံ မရှိတဲ့ သူတွေအတွက်လည်း နှစ်လ သင်တန်းဖွင့်လှစ်တာမျိုးတွေ ရှိပါတယ်”ဟု ခူးဝေလင်းဦးက ပြော သည်။ 

သင်တန်းပြီးဆုံးပါက တစ်လလျှင် ကျပ်လေးသောင်းဖြင့် ခုနစ်လ ထောက်ပံ့မည်ဖြစ်ပြီး ဆရာ၊ဆရာမ တောင်းခံသည့် ကျေးရွာများသို့ ဆရာ၊ ဆရာမ လိုအပ်ချက်ပေါ်မူတည်၍ စေလွတ်ပေးမည် ဖြစ်သည်။ ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့၏ နိုင်ငံရေးနှင့် လူ့အခွင့်အရေး တာဝန်ခံ ကိုခွန်အားသိုက် “တစ်ချို့ ကျေးရွာတွေက စုပေါင်းပြီး စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေကို လစာထောက်ပံပေးတာမျိုးလည်း ရှိပါ တယ်။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ကတော့ ဆရာ၊ ဆရာမ ထောက်ပံစားရိတ်ကို အများကြီး မပေးနိုင်ပါဘူး” ဟု ပြောသည်။

သင်ကြားရာတွင် အစိုးရ သင်ရိုးညွန်းတမ်းအပြင် မိခင်ဘာသာစကား၊ ကယန်းလူမျိုးစာပေကိုပါ ထည့်သွင်း သင်ကြားပေးသည်ဟုလည်း ကိုခွန်အားသိုက်က ဆိုသည်။

အဆိုပါ သင်တန်းများကို ၂၀၁၂ ခုနှစ်က စတင်ခဲ့ပြီး သင်ကြားပေးခဲ့ရာ စေတနာ့ဝန်ထမ်း ဦးရေမှာ၂၀၁၂ ခုနှစ်က ၃၇ ဦး၊ ၂၀၁၃ ခုနှစ်က ၁၀၈ဦး၊ ၂၀၁၄ ခုနှစ်က ၁၅၈ ဦး ရှိခဲ့ပြီဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment