Friday 3 April 2015

အငြင်းပွားဖွယ် ၀တ်စုံကြောင့် ဘိုလီးဗီးယား ကာကွယ်ရေး ၀န်ကြီး ရာထူးမှ ထုတ်ပယ်ခံရ


ဘိုလီဗီးယား ကာကွယ်ရေးဝန်ကြီး ဂျော့ခ်လီဒက်စမာသည် အိမ်နီးချင်း ချီလီနိုင်ငံသို့ အလည်အပတ် သွားရောက်စဉ် ၀တ်ဆင် ခဲ့သည့် အငြင်းပွား ဖွယ်ရာ ၀တ်စုံကြောင့် ရာထူးမှ ထုတ်ပယ်ခံလိုက် ရပြီ ဖြစ်ကြောင်း သိရသည်။

ချီလီ အစိုးရက မစ္စတာ လီဒက်စမာသည် ၎င်းတို့ နိုင်ငံသို့ လာရောက် လည်ပတ်စဉ်တွင် ဘိုလီးဗီးယားက (၁၉) ရာစု စစ်ပွဲအတွင်း ချီလီသို့ ပေးခဲ့ရသည့် ကမ်းခြေနေရာတချို့ကို ရည်ဩန်းသည့် တံဆိပ်တစ်ခုအား ၀တ်ဆင် ထားကြောင်း ဝေဖန်ခဲ့သည်။ မစ္စတာ လီဒက်စမာသည် ချီလီတွင် ရေလွှမ်းမိုးသည့် နေရာ တစ်ခုသို့ သောက်သုံးရေများ သွားရောက် လှူဒါန်းစဉ် ထိုဝတ်စုံကို ၀တ်ဆင်ခဲ့၍ နှစ်နိုင်ငံကြား အတိတ် စစ်ပွဲကို ပြန်ဖော်မှု အဖြစ် ချီလီဘက်က အပြစ်ဆိုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သမ္မတ အီဗိုမိုရေးသည် ၎င်းကို ထုတ်ပယ်ခဲ့ ပြီးနောက် ပါမောက္ခချုပ်ဟောင်း တစ်ဦး ဖြစ်သူ ရေမီဖာရိုင်းရားအား ကာကွယ်ရေး ၀န်ကြီးသစ် အဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့သည်။
မစ္စတာ လီဒက်စမာ သွားရောက်ခဲ့နေရာ မှာ ချီလီမြောက်ပိုင်းရှိကို ပီယာပိုမြို့ဖြစ်ပြီး ဘိုလီးဗီးယား စစ်တပ် လေယာဉ် တစ်စီးဖြင့် သောက်သုံး ရေများ သွားရောက်ချပေးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ကိုပီယာပို ဒေသတ၀ိုက်မှာ နှစ်ပေါင်း (၈၀) အတွင်း အကြီးမားဆုံး ရေကြီးသည့်ဒဏ်နှင့် ရင်ဆိုင်နေ ရသည်။ ထို ရေကြီးမှု ဖြစ်စဉ်တွင် လူအနည်းဆုံး (၂၃) ဦးသေဆုံးခဲ့ပြီး (၅၇) ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ လူများစုမှာ ရေကြီးမှုများကြောင့် လျှပ်စစ် ဓာတ်အား ဆက်သွယ်မှု ပြတ်တောက်ခဲ့ကာ သောက်သုံးရေ များလည်း ပြတ်လပ်ခဲ့ ရသည်။
ထိုစဉ်က ချီလီခရီးစဉ်တွင် မစ္စတာလီ ဒက်စမာ ၀တ်ဆင်ထားခဲ့သော အင်္ကျီတွင် ဘိုလီးဗီးယားက ပိုင်ဆိုင်သော ပင်လယ် ဆိုသည့် စာတန်းပါ အင်္ကျီတွင် နှစ်နိုင်ငံကြား အငြင်းပွားဖူးသော ပင်လယ်ပြင် နေရာကို ဘိုလီးဗီးယား အလံဖြင့် ဖုံးအုပ်ထား ခဲ့သည်။ ဘိုလီးဗီးယားသည် အဆိုပါ ပိုင်နက် နယ်မြေ အငြင်းပွားမှုအား ဖြေရှင်းရန် ကြိုးစားခဲ့ပြီး ချီလီနှင့် ဆွေးနွေးမှုများ လုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ၎င်းတို့သည် ပြီးခဲ့သည့်နှစ်နှစ် ကလည်း နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတွင် ထိုအမှုကို တင်ခဲ့သော်လည်း ခုံရုံးက ဆုံးဖြတ်ချက်ချရခြင်း မရှိသေးပေ။

Source: BBC

No comments:

Post a Comment