Saturday 14 March 2015

မဲခေါင်မူးယစ် အထူး စစ်ဆင်ရေးမှ မူးယစ် တရားခံ (၁၄၀) ကျော် ဖမ်းဆီး


လေးနိုင်ငံ ပူးပေါင်းထားသော မဲခေါင်မူးယစ် အထူးစစ်ဆင်ရေးမှ  မြန်မာနိုင်ငံသား မူးယစ် တရားခံပေါင်း (၁၄၀) ကျော်ကို ဖမ်းဆီးနိုင် ခဲ့ကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးများ ဆိုင်ရာ တားဆီး နှိမ်နှင်းရေး အဖွဲ့ (ဗဟို) မှ သတင်း ရရှိသည်။ အဆိုပါ မဲခေါင် စစ်ဆင်ရေးအား မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအို နိုင်ငံ၊ တရုတ်နိုင်ငံတို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ယခုလ (၁၂) ရက်နေ့တွင် စစ်ဆင်ရေး ပြီးဆုံး သွားပြီ ဖြစ်ကြောင်း မူးယစ် (ဗဟို) မှ သိရသည်။
တစ်နိုင်ငံတည်း ဖမ်းမယ် ဆိုရင် မြန်မာ ပြည်ဘက်က တရားခံက ဟိုနိုင်ငံ ၀င်ပြေးလိုက် ဒီနိုင်ငံ ၀င်ပြေးလိုက် လုပ်လို့ ရတယ်လေ။ အခု ဟာက နိုင်ငံလေး နိုင်ငံက ဒီနေရာ တစ်ဝိုက်မှာ စုပြီး ကိုယ့်နိုင်ငံနဲ့ ကိုယ ဖမ်းတာ ဆိုတော့ တရားခံက ချောင်ပိတ်မိ သွားပြီလေ။ တရားခံ များများ မိတာပေါ့ ဟု မူးယစ် (ဗဟို) မှ ဒုတိယရဲမှူးကြီး ကျော်ကျော်မင်း က The Messenger Media သို့ ပြောသည်။

အဆိုပါ မဲခေါင် စစ်ဆင်ရေးအား လေး နိုင်ငံသဘောတူညီမှုဖြင့် ဇန်န၀ါရီလ (၁၂) ရက်နေ့မှ မတ်လ(၁၂) ရက်နေ့ထိ အထူး စစ်ဆင်ရေး ပြုလုပ် ခဲ့ပြီး အမှုပေါင်း (၁၀၆)မှု ၊ တရားခံပေါင်း(၁၄၀) ကျော်နှင့် ဘိန်းဖြူ၊ ဘိန်းစိမ်း ၊ ကဖိန်း၊ စိတ်ကြွ ဆေးပြား၊ ICE စသည့် မူးယစ်ဆေးဝါး အမျိုးအစား ငါးမျိုးအား အဓိကထား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်(ဗဟို)မှ သိရသည်။ ကျွန်တော်တို့အနေနဲ့ နောက်ထပ မူးယစ်အထူး စစ်ဆင်ရေးတွေ ပြုလုပ်ဖို့ စီစဉ် နေပါတယ်။ လက်ရှိ မှာတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ ရွေးနေတယ် ဟု ဒုတိယရဲ မှူးကြီး ကျော်ကျော်မင်းက ဆက်ပြောသည်။

၂၀၁၄ ခုနှစ် အတွင်း ကလည်း မူးယစ် (ဗဟို) အနေဖြင့် မန္တလေး တိုင်းဒေသကြီး၊ မွန်ပြည်နယ် ၊ ကရင် ပြည်နယ်နှင့် ချင်းတွင်း မြစ်ကြောင်း တစ်လျှောက်တို့တွင် မူးယစ် အထူးစစ်ဆင်ရေး ငါးကြိမ် ပြုလုပ်ခဲ့ကြောင်း မူးယစ် (ဗဟို) မှ သိရသည်။ ထို့ပြင် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် နေ့စဉ် မူးယစ် ဆေးဝါး အမှုပေါင်း ပျမ်းမျှ အမှု (၂၀)ခန့် ဖမ်းဆီးရမိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ စတင်၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် (၁၅) နှစ် စီမံကိန်း ရေးဆွဲ၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ သော်လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့၍ ငါးနှစ်သက်တမ်းတိုး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Messenger News in Burmese

No comments:

Post a Comment