Saturday 14 March 2015

အမေရိကန်-အီရန် နျူကလီးယား ဆွေးနွေးပွဲရလဒ်ကို ရီပတ်ဘလစ်ကန်များ ခြိမ်းခြောက်ခြင်းမှာ နောက်ကျော ဓားဖြင့်ထိုးခြင်းဟု အီရန်ဆို


ပြီးခဲ့သည့်ရက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုမှ ရီပတ်ဘလစ်ကန် အမတ် ၄၇ ဦးက အီရန်သည် အမေရိကန်လွှတ်တော်၏ သဘောဆန္ဒမပါဘဲ အိုဘားမား အစိုးရနှင့် မည်သို့ပင် သဘောတူညီချက် ရစေကာမူ နောင်အစိုးရ တက်လာလျှင် ပယ်ချခံရမည်ဟု အိတ်ဖွင့်ပေးစာဖြင့် သတိပေးခဲ့ခြင်းအပေါ် အီရန်ခေါင်းဆောင်ကြီး အယာတိုလာအလီခါမန်နီက ထိုလုပ်ရပ်သည် နောက်ကျောကို ဓားဖြင့်ထိုးခြင်းဟု ပြန်လည်ဝေဖန်လိုက်ကြောင်း VOA သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းဖြစ်ရပ်ကို ကြည့်ခြင်းဖြင့် အမေရိကန်နိုင်ငံရေးသည် အစိတ်စိတ် အမွှာမွှာဖြစ်နေကြောင်း အယာတိုလာ အလီခါမန်နီက ဆိုသေးသည်။

ကမ္ဘာ့အင်အားကြီး ငါးနိုင်ငံနှင့် ဂျာမနီကတစ်ဖက် အီရန်ကတစ်ဖက် နျူကလီးယား သန့်စင်မှု ကိစ္စရပ်များ ဆွေးနွေးလျက်ရှိရာတွင် ယခုလအကုန်ပိုင်းတွင် ကြားဖြတ်သဘောတူညီမှု ရရှိနိုင်ရန် ကြိုးစားလျက်ရှိသည်။

ဆွေးနွေးပွဲဖြစ်စဉ်အပေါ် နောက်ကျောကို ဓားဖြင့်ထိုးသည့် လုပ်ရပ်အတွက် ခေါင်းဆောင်ကြီး ခါမန်နီက စိုးရိမ်လျက်ရှိကြောင်း အီရန်အစိုးရ မီဒီယာက ၎င်းကို ကိုးကားပြီး ရေးသားထားသည်။

ဆွေးနွေးပွဲ အပြီးသတ်ခါနီးတွင် အမေရိကန်ပြည်ထောင်စုကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများက လေသံမာလာသည်ကို သိရကြောင်းလည်း အဆိုပါ ဘာသာရေးခေါင်းဆောင် တိုင်းပြည်ခေါင်းဆောင်က ဆိုသည်။

“ကျွန်ုပ်စိုးရိမ်မိပါတယ်။ တွေ့ဆုံညှိနှိုင်းမှုတွေ ပြီးဆုံးတော့မယ့် အဆင့်တွေကို ရောက်လာပြီဆိုရင် တစ်ဖက်အသံ အထူးသဖြင့် အမေရိကန်တွေရဲ့ လေသံက မာလာပါတယ်။ ဒါဟာ လှည့်ဖြားတာပဲ ဖြစ်ပါတယ်” ဟု အယာတိုလာအလီခါမန်နီက ပြောကြားခဲ့သည်။

ရီပတ်ဘလစ်ကန်များ ပို့သည့် အိတ်ဖွင့်ပေးစာသည် အမေရိကန်နိုင်ငံရေးတွင် နိုင်ငံရေးဆိုင်ရာ ကျင့်ဝတ်ချိုးဖောက်နေခြင်း ဖြစ်ကြောင်း ခါမန်နီက ဆိုသည်။

အမေရိကန် အပါအဝင် အနောက်အုပ်စုနှင့် အီရန်တို့ နျူကလီးယားအရေး သဘောတူညီမှု ရရှိသွားလျှင် ပိတ်ဆို့အရေးယူထားမှုများကို ပြန်လည်ဖွင့်ပေးရမည် ဖြစ်ပြီး ယင်းအခြေအနေတွင် အီရန်က အခွင့်ကောင်းယူလျက် နျူကလီးယားလက်နက်ကို တိတ်တဆိတ် ထုတ်လုပ်ပိုင်ခွင့် ရသွားမည်ဟု စိုးရိမ်နေကြသည့် နိုင်ငံရေးသမားများလည်း ရှိသည်။

အီရန်ခေါင်းဆောင် ခါမန်နီသည်လည်း အနောက်အုပ်စုကို အမြဲတမ်း ဝေဖန်ချိုးဖဲ့တတ်သည့် ရှေးရိုးစွဲ သဘောထားတင်းမာသူများ ဖြစ်သော်လည်း သမ္မတရိုဟာနီ ဦးဆောင်သည့် အစိုးရ၏ သံတမန်ခင်းအရ ချဉ်းကပ်လှုပ်ရှားခြင်းကို ထောက်ခံခဲ့သည်။

၂၀၁၃ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အီရန်သမ္မတရိုဟာနီက အီရန်အပေါ် ချမှတ်ထားသော နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းသွားအောင် ပြုလုပ်မည်ဟု ပြည်သူကို ကတိပေးထားသည်။

The Voice Weekly

No comments:

Post a Comment