Saturday 14 March 2015

ရင်းနှီး မြှုပ်နှံမှု ဥပဒေ (၂) ခု ပေါင်းထားသည့် ဥပဒေသစ် မေလအတွင်း ပြဋ္ဌာန်းမည်

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံသား ရင်းနှီး မြှုပ်နှံမှု ဥပဒေနှစ်ခု ပေါင်းထားသည့် ဥပဒေသစ်အား လာမည့် ၂၀၁၅ ခုနှစ်၊ မေလအတွင်း ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ဥပဒေသစ်မှာ နိုင်ငံသားရော၊ နိုင်ငံခြားသားရော တန်းတူ အခွင့်အရေး ရရှိတော့မှာ ဖြစ်တယ်။ အမြန်ဆုံး ပြဋ္ဌာန်းနိုင်ဖို့ အတွက် ကြိုးပမ်းနေ ပါတယ် ဟု ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

အဆိုပါ ဥပဒေသစ် ထွက်ရှိပါက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အတွက် များစွာ အထောက်အကူပေး နိုင်မည် ဖြစ်သည့် အပြင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများ အတွက်လည်း နိုင်ငံသား နည်းတူ အခွင့်အရေးများ ရရှိလာမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ ဥပဒေ မူကြမ်းအား အင်္ဂလိပ် ဘာသာဖြင့် ရေးဆွဲ ထားပြီး၊ မြန်မာ ဘာသာဖြင့် ဆက်လက် ရေးဆွဲရာတွင် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ သာမက ပြည်သူများထံ မှလည်း အကြံဉာဏ်များ ရယူ သွားမည် ဖြစ်ကြောင်း သိရသည်။

 ပြည်သူများမှ အကြံပြု ရာတွင် ရင်းနှီး မြှုပ်နှံမှုရုံး များတွင် မတ်လ (၁၆) ရက်နေ့ နောက်ဆုံးထား ပေးပို့ နိုင်ပြီး၊ ရရှိ လာသည့် အချက် များအား ဥပဒေတွင် ထည့်သွင်းကာ လွှတ်တော်သို့ တင်ပြ သွားမည် ဖြစ်ကြောင်း သိရသည်။ ပြည်သူတွေ အကြံပြုရာမှာ မသင့်တော်ရင်တော့ အဆင်ပြေမှာ မဟုတ်ဘူး။ သင့်တော်တဲ့ သူတွေရဲ့ အကြံပြုတာတွေ ကိုပဲ ထည့်သွင်းပြီး ရေးဆွဲမယ် ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။ ယခင် ရင်းနှီးမြှုပ်နှံမှု ဥပဒေ နှစ်ရပ်တွင် အားသာချက်၊ အားနည်းချက် ရှိနေသော်လည်း ဥပဒေသစ် တွင် အဆိုပါ အချက်များ မရှိတော့ဘဲ တန်းတူ အခွင့်အရေးများ ရရှိ လာမည် ဖြစ်ကြောင်း သိရသည်။

Messenger News Journal

No comments:

Post a Comment