Saturday 14 March 2015

သတ်သေနိုင်ခြေ ရှိသော ကျောင်းသူ ကျောင်းသားများ၏ မိဘများကို ကြိုတင် သတိပေးမည့် အပလီကေးရှင်း တီထွင်


ဖိအား အလွန်များသော တောင်ကိုရီးယား ပညာရေး စနစ်ကြောင့် ကျောင်းသူ ကျောင်းသားများသည် မိမိကိုယ်ကိုယ် သတ်သေနှုန်းများ မြင့်တက်လျက် ရှိရာ သတ်သေနှုန်းများ လျော့ကျ သွားစေရန် အတွက် သတ်သေနိုင်ခြေ ရှိသော ကျောင်းသား ကျောင်းသူများ၏ မိဘများထံသို့ အစိုးရက ကြိုတင် သတိပေး အကြောင်း ကြားနိုင်မည့် စမတ်ဖုန်း အပလီကေးရှင်းကို ပညာရေး ၀န်ကြီးဌာနက ဖန်တီး ထုတ်လုပ် လိုက်ပြီဟု သိရသည်။

ကျောင်းသူ ကျောင်းသားများ ဆိုရှယ် မီဒီယာ၊ ၀က်ဘ်ဆိုက် စာမျက်နှာနှင့် အင်တာနက် မက်ဆေ့ဂ်ျ ၀န်ဆောင်မှုများ အသုံးပြုရာ၌ မိမိကိုယ်ကိုယ် သတ်သေနိုင်ခြေ ရှိသော သဲလွန်စ  စကားလုံးများ ပါမပါကို အစိုးရက စောင့်ကြည့် သွားမည် ဖြစ်သည်။ သံသယဖြစ်ဖွယ် စကားလုံးများ သုံးသော ကလေးများ၏ မိဘများကို ယခု ထုတ်လုပ် ထားသော အပလီကေးရှင်းက တစ်ဆင့် ပညာရေး ၀န်ကြီးဌာနက ကြိုတင် သတိ ပေးသွားမည် ဖြစ်သည်။

 ““ကျောင်းသူ ကျောင်းသားတွေ သတ်သေမှု ပြဿနာဟာ လူမှုပြဿနာ တစ်ရပ် ဖြစ်လာနေပါပြီ။ ဒါကြောင့်  စနစ်တကျကိုင်တွယ်ဖို့ လိုအပ်ပါတယ်””ဟု ပညာရေးဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြထား သည်။

စီးပွားရေးနှင့် ဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ OECD နိုင်ငံ (၃၄) နိုင်ငံထဲတွင် တောင်ကိုရီးယား သည် သတ်သေမှု အများဆုံး ဖြစ်နေသည်။ ပြီးခဲ့သည့်နှစ်က ကျောင်းသူ ကျောင်းသား (၁၁၈) ဦးထိ သတ်သေ ခဲ့ကြသည်။ ၂၀၀၉-၂၀၁၄ ကာလအတွင်း (၈၇၈) ဦးထိ သတ်သေ ခဲ့ကြကြောင်း ပညာရေး ၀န်ကြီး ဌာန မှတ်တမ်းများ အရ သိရသည်။

Source: AFP
Messenger News Journal

No comments:

Post a Comment