Saturday 14 March 2015

ရွေးကောက်ပွဲ ကော်မရှင်၏ ဧည့်ခံ ကျွေးမွေးစရိတ် ကျပ်သန်းပေါင်း (၅၇၀၀) ကျော် တင်ပြမှုကို လျော့ချရန် တောင်းဆို

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ၂၀၁၅-၂၀၁၆ ခုနှစ် အရ အသုံး ခန့်မှန်းခြေ စာရင်းတွင် ဧည့်ခံ ကျွေးမွေး စရိတ် ကျပ်သန်းပေါင်း (၅၇၀၀ ဒသမ ၈၁၁) ကျပ် တင်ပြ တောင်းခံမှုကို လျော့၍ ခွင့်ပြုပေးရန် ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက တောင်းဆို လိုက်သည်။

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ၂၀၁၅-၂၀၁၆ ပြည်ထောင်စု အစိုးရ၏ အရ အသုံးမှန်းခြေ  စာရင်းနှင့် ပတ်သက်၍ ဆွေးနွေးရာ၌  ဒေါ်စန္ဒာမင်းက အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဒီဧည့်ခံကျွေးမွေး စားရိတ်ဟာ အလွန်တရာ များပြားလှ ပါတယ် ဟု ၎င်းက ဆက်ပြောသည်။ ထို့ပြင် ၂၀၁၅ ရွေးကောက်ပွဲ အသစ်ကို ပြုလုပ်ရန်ရှိ ခြင်းကြောင့် ဧည့်ခံစရိတ် များပြားရခြင်း ဖြစ်သော်လည်း အဆိုပါ ကျပ်သန်းပေါင်း (၅၇၀၀) ဆိုသည် မှာ ကျန်းမာရေး ၀န်ကြီးဌာနမှ တိုက်နယ် ဆေးရုံပေါင်း (၁၄) ရုံ၊ သို့မဟုတ် ကျေးလက် ကျန်းမာရေး ဌာနခွဲပေါင်း (၁၂၆) ခု တည်ဆောက်ခြင်း ငွေပမာဏ နှင့် တူနေ သောကြောင့် ယင်းငွေပမာဏကို လျော့ချရန် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။

ဧည့်ခံကျွေးမွေး စရိတ် ဆိုတာက ကျွန်မတို့ သိပ်နားမလည်ပါဘူး။ လာရောက်မယ့် ရွေးကောက်ပွဲကို လေ့လာမယ့် သူတွေကို ဧည့်ခံဖို့လား။ နိုင်ငံတကာက လာရောက်မယ့် လေ့လာရေး အဖွဲ့အစည်းတွေကို ဧည့်ခံ ဖို့လား။ သူတို့ကို လိုက်ပါ ပို့ဆောင်ပေး ဖို့လား။ ဒီငွေတွေက များပါတယ် ဟု ၎င်း က ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက် ပြောသည်။ လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့်  စုစုပေါင်း အသုံးစရိတ် ကျပ်သန်း (၄၉၈၇၈ ဒသမ ၃၃၆) သန်း တောင်းခံ ထားကြောင်း သိရသည်။

Messenger News Journal

No comments:

Post a Comment