လက်ရှိအချိန်အထိ ငြိမ်းချမ်းမှု မရှိသေးသော ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ လောက်ကိုင်တွင် တိုက်ပွဲဝင် နေရသော တပ်မတော်သားများအတွက် ပြည်ထောင်စုအစိုးရ၏ သီးသန့်ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံ သင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော်သို့ တင်ပြပြောဆိုလိုက်သည်။
၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ သဘောထား ဆွေးနွေးမှုတွင် ၎င်းက အထက်ပါအတိုင်း တင်ပြလိုက်ခြင်း ဖြစ်သည်။
တိုက်ပွဲဝင် တပ်မတော်သားများအတွက် ထောက်ပံ့ငွေအဖြစ် ယင်းသီးသန့် ရန်ပုံငွေကို ဥပဒေကြမ်းတွင် ထည့်သွင်းတောင်းခံမှု မရှိသောကြောင့် ပြင်ဆင်တောင်းခံရန် လျာထားသင့်ကြောင်း ၎င်းကဆိုသည်။
ယခုနှစ်သည် သမ္မတဦးသိန်းစိန် အစိုးရ၏ နောက်ဆုံးသက်တမ်းနှစ် ဖြစ်သောကြောင့် ပြည်ထောင်စု ဝန်ကြီးဌာနများ၏ တောင်းခံငွေနှင့် စီမံကိန်း အရအသုံးဆိုင်ရာ ဘတ်ဂျက်များကို ထိထိရောက်ရောက် ကြပ်မတ်စိစစ်၍ လွှတ်တော်မှ ခွင့်ပြုသင့်ကြောင်း၊ ယခုနှစ်အတွင်း အစိုးရ၏ တောင်းခံငွေများ ဖြစ်သော အသုံးစရိတ်၊ ဧည့်ခံကျွေးမွေးစရိတ်နှင့် စီမံကိန်းသုံးငွေများကို စိစစ်ကြီးကြပ်မှု အားနည်းပါက နောင်တက်လာမည့် အစိုးရအတွက် ခက်ခဲကျပ်တည်းမှုများ ကြုံတွေ့ရမည် ဖြစ်ကြောင်း ဦးတင်မောင်ဦးက ဆိုသည်။
လက်ရှိအစိုးရသည် လုပ်ငန်းဆောင်ရွက်ချက်နှင့် အုပ်ချုပ်ရေးစနစ်ပုံစံ စသော ကိစ္စများကို နောင်တက် လာမည့် အစိုးရအတွက် သိက္ခာရှိရှိ လွှဲပြောင်းနိုင်ရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။
၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို လာမည့် ရက်သတ္တ တစ်ပတ်တွင် စိစစ်ဆုံးဖြတ်ရန် လျာထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ကြေညာခဲ့သည်။
The Voice Weekly
No comments:
Post a Comment