Saturday 14 March 2015

လစာလျှော့ပြကာ လူမှုဖူလုံရေးကြေး လိမ်လည်ပေးသွင်းသည့် အလုပ်ရှင် များကို စတင်အရေးယူမည်

လူမှုဖူလုံရေး အာမခံကြေး ပေးသွင်းရာတွင် အလုပ်သမား ရရှိသည့် လစာနှုန်းထားကို လျှော့ပြကာ လိမ်လည်ပေးသွင်းနေသည့် အလုပ်ရှင်များကို လာမည့် ဧပြီလမှ စတင်ကာ အရေးယူတော့မည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။

လူမှုဖူလုံရေးကြေးကို ပေးသွင်းရာတွင် လစာအမှန်အတွက် သတ်မှတ်နှုန်းထားကို ပေးသွင်းခြင်း မဟုတ်ဘဲ လစာကို ကျပ်တစ်သောင်းဟုပြကာ သွင်းသည့် စက်ရုံများ ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ၎င်းကဆိုသည်။ “မှန်တာပြောရင် ဒီခေတ်မှာ ကျပ်တစ်သောင်း လစာနဲ့လုပ်တဲ့ အလုပ်သမား မရှိတော့ပါဘူး” ဟု ဒေါ်ဝင်းမော်ထွန်းက ပြောဆိုသည်။

မြန်မာနိုင်ငံ၏ လူမှုစီးပွား အခြေအနေနှင့် အလုပ်ရှင်တို့၏ ထည့်ဝင်နိုင်မှု အခြေအနေများအရ ယခုအချိန်အထိ အလုပ်ရှင်များက တင်ပြသည့် လစာနှုန်းထားအပေါ် အာမခံကြေး ကောက်ယူ နေသော် လည်း လာမည့်ဧပြီလမှ စတင်ကာ လစာအမှန်ဖြင့် အာမခံနှုန်းထားများကို စတင်ကောက်ယူမည် ဖြစ် ကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စာရင်းကော်မတီတွင် တင်ပြစဉ်က အလုပ်သမားများကို ပေးမည့် လစာနှုန်းထား၊ အလုပ်သမားများကို ပေးနေသည့် နှုန်းထား၊ အလုပ်ရှင် အလုပ်သမားစာချုပ်ပါ လစာနှုန်းထား၊ မကြာမီ သတ်မှတ်မည့် အနည်းဆုံး လုပ်အားခနှုန်းထား စသည်တို့ကို ချိန်ဆကာ လစာနှုန်းထားမှန် မမှန် စိစစ်နိုင် ကြောင်း ဒေါ်ဝင်းမော်ထွန်းက ပြောဆိုသည်။

လူမှုဖူလုံရေးကြေးကို အလုပ်ရှင်များက ထည့်ဝင်မှသာ အစိုးရက ပြန်လည်လုပ်ဆောင်ပေးနိုင်မည် ဖြစ်သဖြင့် အာမခံကြေးများကို ထည့်ဝင်သင့်ကြောင်း Asia General Electric ကုမ္ပဏီမှ အမှုဆောင် ဒါရိုက်တာ ဦးခင်မောင်မြတ်က ပြောကြားသည်။

“လူမှုဖူလုံရေးကြေးဆိုတာ သွင်းမှ ဖြစ်မှာ။ အားလုံးညီမှလည်း အဆင်ပြေမှာပေါ့ဗျာ။ သွင်းလည်းရတယ် မသွင်းလည်း ရတယ်ဆိုရင် သွင်းရတဲ့သူကတော့ ငြူစူတာပေါ့။ သွင်းသင့်တာကို အရင်သွင်းပေါ့ဗျာ။ ပိုက်ဆံရမှ အစိုးရက လုပ်ပေးနိုင်မှာပေါ့ဗျာ” ဟု ၎င်းကဆိုသည်။

လူမှုဖှုလုံရေးကြေး ထည့်သွင်းပါက အလုပ်ရှင်များအနေနှင့် အလုပ်သမားများ ထိခိုက်မှု၊ အလုပ်သမား သေဆုံးမှု၊ ကျန်းမာရေး စသည့် ကိစ္စများတွင် လူမှုဖူလုံရေးအဖွဲ့က ပေးလျော်မည် ဖြစ်သဖြင့် အလုပ်ရှင် လျော်ရန် မလိုအပ်ဘဲ လုပ်ငန်းဆက်လက်လည်ပတ်နိုင်မည့် အခွင့်အရေးများကို ရရှိမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ထံမှ သိရှိရသည်။

လူမှုဖှုလုံရေး အာမခံကြေး ထည့်ဝင်ရန် ပျက်ကွက်ပါက ထည့်ဝင်ကြေးအပြင် ပျက်ကွက်ကြေးပါ ပေးသွင်း ရမည် ဖြစ်ပြီး ထည့်ဝင်ကြေးငွေနှင့် ပျက်ကွက်ကြေးများကို ပေးသွင်းရန် ထပ်မံပျက်ကွက်ပါက အလုပ်ရှင်ကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ခုလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေတွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment