Saturday 31 January 2015

ဧရာဝတီမြစ်ရေသည် မန္တလေးမြို့၌ ၁၀ နှစ်အတွင်း စံချိန်တင် အနိမ့်ဆုံးရေမှတ်အောက် ရောက်ရှိ

မန္တလေးမြို့အနီးတွင် ဧရာဝတီမြစ်ရေ ကျဆင်းလာမှုကြောင့် သဲသောင်များ ပေါ်ထွန်းနေသည်ကို ဇန်န၀ါရီ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- မောင်မောင်မိုးထက်) 
မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေသည် ၁ဝ နှစ်တာကာလအတွင်း စံချိန်တင်အနိမ့်ဆုံး ရေမှတ်အောက် ရောက်ရှိသည်အထိ ကျဆင်းလျက်ရှိကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (မန္တလေး) ၏ မှတ်တမ်းများအရ သိရသည်။
၂ဝဝ၄ ခုနှစ်အတွင်း စံချိန်တင်ကျဆင်းခဲ့သည့် မန္တလေးမြို့ ဧရာဝတီမြစ်ရေအမှတ်မှာ ၃၆၈ စင်တီမီတာ ဖြစ်ပြီး လက်ရှိတိုင်းထွာမှုများအရ ဧရာဝတီမြစ်ရေ အမှတ်မှာ ဇန်နဝါ ရီ ၂၉ ရက် နံနက်ပိုင်းတွင် ၃၆၂ စင်တီမီတာ သာရှိကြောင်း သိရသည်။

“မြစ်ရေက အရင်နှစ်တွေထက် သိသိသာသာကျတယ် ပြောလို့ရတယ်။ ဇန်နဝါရီ လထဲမှာကို အရင် စံချိန်တင် ရေနည်းမှတ်တွေအောက်ကို ရောက်နေပါပြီ။ မိုး/ဇလဌာနကလည်း မြစ်ရေနဲ့ပတ်သက်ပြီး ဆက် လက် ကျဆင်းမှုတွေ ဖြစ်နိုင်ကြောင်း အသိပေးထုတ်ပြန် ထားတဲ့အတွက် ဒီနှစ်က စံချိန်တင်ကျဆင်းမှု ဖြစ်နိုင်မှာပါ” ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(မန္တလေး) တိုင်းဦးစီးမှူးက ပြောကြားသည်။

ဧရာဝတီမြစ်ရေ အခြေအနေနှင့် ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ရေနည်းသတိပေး ချက်အား ဇန်နဝါရီ ၂၆ ရက်က ထုတ်ပြန်ထားရာ ယင်းနေ့တိုင်းထွာချက်များအရ မန္တလေးမြို့တွင် ၃၆၇ စင်တီမီတာသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ၁ဝ ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ကာ မန္တလေးမြို့ ၏ ရေနည်းအသိပေးမှတ် ၃၆ဝ စင်တီမီတာအောက်သို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ထားသည်။

မန္တလေးမြို့အနီး၌ ဧရာဝတီမြစ်ရေ ကျဆင်းလာမှုကြောင့် သဲသောင်များပေါ်ထွန်းနေသည်ကို ရွှေကြက်ယက် ဆိပ်ကမ်းမှ ဇန်န၀ါရီ ၂၉ ရက်တွင် တွေ့ရစဉ်

ဧရာဝတီမြစ်ရေ သိသာစွာလျော့နည်းမှု ဖြစ်ပေါ်နေပြီး ယခုနှစ်တွင် မန္တလေးဆိပ်ကမ်း ဧရိယာဖြစ်သော ရေကြက်ယက်ဆိပ်ကမ်း အနီးနှင့် ကျွဲစွန်းဆိပ်ကမ်းအနီး နေရာများတွင် သဲသောင်ဖြစ်ထွန်းမှု မကျယ် ပြန့်ကာ အောက်ဘက်သို့ လျှောကျခြင်းများ ရှိလာကြောင်း၊ ယင်းသောင်များအား ရေလမ်းကြောင်း သွား လာမှု အဆင်ပြေစေရန် ပုဂ္ဂလိက သဲစုပ်စက်လှေများအား လုပ်ကိုင်ခွင့်ချထားပေးကာ သဲစုပ်ယူမှုများ ဆောင်ရွက်လျက်ရှိသည်။

ဧရာဝတီမြစ်ရေသည် မန္တလေးမြို့၌ ဇန်နဝါရီ ၂၅ ရက်တွင် ၃၇၆ စင်တီမီတာ၊ ၂၆ ရက်တွင် ၃၆၇ စင်တီမီတာ၊ ၂၇ ရက်တွင် ၃၆၆ စင်တီမီတာ၊ ၂၈ ရက်တွင် ၃၆၄ စင် တီမီတာ၊ ၂၉ ရက် နံနက်ပိုင်းတွင် ၃၆၂ စင် တီမီတာအထိ ကျဆင်းလျက်ရှိကြောင်း၊ စံချိန်တင်ကျဆင်းခဲ့သော ရေနည်းမှတ်များမှာ  ၁၉၉၄ ခုနှစ်တွင် ၃၉၇ စင်တီမီတာ၊ ၂ဝဝ၄ ခုနှစ်တွင် ၃၆၈ စင်တီမီတာဖြစ်ကြောင်း သိရသည်။          

Eleven Media Group

No comments:

Post a Comment