Saturday 31 January 2015

ပါကစ္စတန်တွင် ပက်ရှ်ဝါစာသင်ကျောင်း တိုက်ခိုက်ခံရပြီးနောက် ဆရာ၊ ဆရာမများကို သေနတ်ကိုင်ခွင့်ပြု


ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့ စာသင်ကျောင်းအား တာလီဘန် စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အစိုးရက အနောက်မြောက်ပိုင်း ဒေသရှိ ဆရာ၊ ဆရာမများကို သေနတ်ပစ် သင်တန်း များပေးကာ သေနတ်ကိုင်ဆောင်ခွင့် ပြုလိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။

“ဆရာ၊ ဆရာမတိုင်း သေနတ်ကိုင်ဆောင်ရမယ် ဆိုပြီး တာဝန်တစ်ခု အနေနဲ့ သတ်မှတ်ပေးလိုက်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သေနတ်ကိုင်ဆောင်လိုတဲ့ ဆရာ၊ ဆရာမတွေ ရှိမယ်ဆိုရင် ကျွန်တော်တို့ ကိုင်ဆောင် ခွင့် ပါမစ် ထုတ်ပေးသွားမှာပါ” ဟု အနောက်မြောက်ပိုင်းပြည်နယ် ပညာရေးဝန်ကြီး အာတစ်ခန်က ပြော ကြားသည်။

ထိုသို့ ဆရာ၊ ဆရာမများကို သေနတ်ကိုင်ဆောင်ခွင့်ပြုသည် ဟူသော သတင်းများမှာ ကောလာဟလများ ဖြစ်သည်ဟု ပထမပိုင်းတွင် ပြောဆိုလျက် ရှိသော်လည်း ယင်းပြည်နယ် ပြန်ကြားရေး ဝန်ကြီးက အဆိုပါ ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

လက်ရှိ အနေအထားတွင် အနောက်မြောက်ပိုင်းဒေသရှိ စာသင်ကျောင်းများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ချ ထားသော်လည်း စာသင်ကျောင်းအရေအတွက် များပြားသဖြင့် လုံခြုံရေးအင်အား လောက်ငမှုမရှိသေးပေ။

“အဲဒီပြည်နယ် တစ်ခုလုံးမှာ ရဲတပ်ဖွဲ့ဝင် အင်အားက အလုံအလောက် မရှိဘူး။ စာသင်ကျောင်းက စုစုပေါင်း ၃၅,၀၀၀ လောက်ရှိတယ်၊ ကောလိပ်တွေနဲ့ တက္ကသိုလ်တွေ အပါအဝင်ပေါ့၊ အဲဒါကြောင့် ဆရာ၊ ဆရာမ တွေကို သေနတ်ကိုင်ဆောင်ခွင့် ပြုလိုက်ရတာပါ” ဟု ၎င်းကဆိုသည်။

သေနတ်ကိုင်ဆောင်လိုသည့် ဆရာ၊ ဆရာမများကို အာဏာပိုင်များက ပြီးခဲ့သည့် သီတင်းပတ်မှစ၍ သေနတ်ပစ်နည်း သင်တန်း ပို့ချက်လျက်ရှိသည်။

သေနတ်ပစ်သင်တန်းသို့ တက်ရောက်သူများတွင် ဆရာမဦးရေ များပြားသည်ဟုလည်း အာဏာပိုင်များက ဆိုသည်။

“သင်တန်းကတော့ ရက်တိုသင်တန်းပါ။ နှစ်ရက်ပေါ့၊ သေနတ်ကိုင်ဆောင်နည်းနဲ့ လုပ်ထုံးလုပ်နည်း အဆင့် ဆင့်ကို ကျွန်တော်တို့ သင်ပေးတယ်” ဟု ပက်ရှ်ဝါမြို့ရှိ ရဲတပ်ဌာနချုပ်မှ သင်တန်းမှူး မိုဟာမက်လာတစ် က ပြောကြားသည်။

ပါကစ္စတန်တွင် အဆိုပါ ပက်ရှ်ဝါရှိ စာသင်ကျောင်း အကြမ်းဖက် တိုက်ခိုက်ခံရကာ ဆရာ၊ ဆရာမနှင့် ကျောင်းသားများ အပါအဝင် စုစုပေါင်း ၁၄၂ ဦး သေဆုံးခဲ့ရပြီးနောက် အဆိုပါ ပြည်နယ်ဒေသများတွင် သာမက တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများ၊ ပညာရေးစင်တာများ၌ လုံခြုံရေး တိုးမြှင့်ထားသည်။

ထို့ပြင် ပုဂ္ဂလိက စာသင်ကျောင်းများ၌လည်း လုံခြုံရေး အစီအမံများ၊ တပ်ဖွဲ့ဝင်များ ချထားရန် အစိုးရက အမိန့်ထုတ်ထားရသည်။

ဆရာ၊ ဆရာမများ သေနတ်ကိုင်ဆောင်ခွင့်ပြုသည့် ညွှန်ကြားချက်ကို ပုဂ္ဂလိကစာသင်ကျောင်း ဆရာများ အသင်း ဥက္ကဋ္ဌဖြစ်သူ မီလစ်ကာလစ်က ဆန့်ကျင်ကန့်ကွက်လိုက်သည်။

“စဉ်းစားကြည့်လေ၊ စာသင်ခန်းထဲမှာ လက်တစ်ဖက်က ဘောပင်ကိုင်ပြီး ကျန်တစ်ဖက်က သေနတ် ကိုင်မယ် ဆိုတော့ ကျောင်းသားတွေကို စာဘယ်လိုလုပ်ပြီး သင်မှာလဲ” ဟု ၎င်းကဆိုသည်။

The Voice Weekly

No comments:

Post a Comment