Saturday 31 January 2015

ကျင်းပဆဲလွှတ်တော်ကာလအတွင်း ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်နိုင်မည်ဟု သူရဦးရွှေမန်းပြော

လက်ရှိကျင်းပနေဆဲဖြစ်သည့် (၁၂)ကြိမ်မြောက် လွှတ်တော်အစည်းအဝေးကာလအတွင်း ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှု ကျင်းပနိုင်မည် ဖြစ် ကြောင်း ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်းက ပြောကြားလိုက်သည်။

သို့သော် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု ကျင်းပမည့် အချိန်ကာလနှင့်ပတ်သက်၍ ‘‘အချိန်ကာလ အနေနဲ့ကတော့ ပြော ရရင်တော့ (၁၂)ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေး ကာလအတွင်းမှာပဲ ဖြစ်မှာပါ’’ဟု သူရဦးရွှေမန်းက ဆိုသည်။

ဇန်န၀ါရီ ၃၀ ရက်က နေ ပြည်တော်ရှိ လွှတ်တော်အ ဆောက်အအုံအတွင်း ပြုလုပ်ခဲ့ သည့် ပြည်ထောင်စု လွှတ်တော် နာယကနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲတွင် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေး နွေးမှုကို ကျင်းပမည့် အချိန် ကာလနှင့်ပတ်သက်၍ မေးမြန်းရာ သူရ ဦးရွှေမန်းက ပြောကြားခဲ့ခြင်းဖြစ် သည်။

ပြည်ထောင်စုလွှတ်တော်သည် ဥပဒေပြုရေးတွင် အမြင့်မားဆုံးအဖွဲ့အစည်းဖြစ်သောကြောင့် ပြည်ထောင်စု လွှတ်တော် က အတည်ပြုထားသည့် အဆို (သို့မဟုတ်) ဥပဒေများကိုမည်သူ ကမျှ ဟန့်တား၍ မရသကဲ့သို့ ချေ ဖျက်၍လည်း မရကြောင်း ဇန်န၀ါ ရီ ၃၀ ရက်က ကျင်းပသည့် သ တင်းမီဒီယာများနှင့် တွေ့ဆုံပွဲ တွင် ပြည်ထောင်စုလွှတ်တော်နာ ယကသူရဦးရွှေမန်းက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်က ခြောက်ပွင့်ဆိုင် တွေ့ဆုံမှု အမြန်ဆုံးပြုလုပ်ပေး ရန် အရေးကြီးအဆိုကို လက်ရှိ အာဏာရပါတီဖြစ်သော ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ လွှတ်တော်ကိုယ်စား လှယ်က တင်သွင်းခဲ့ပြီး ကန့်ကွက် သူမရှိ လွှတ်တော်က အတည်ပြု ပေးခဲ့သော်လည်း ယခုအချိန်ထိ တွေ့ဆုံပွဲကျင်းပနိုင်ခြင်းမရှိသေးပေ။

ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲ ကျင်းပပေးခြင်းသည် သမ္မတပေါ် တွင် အဓိကမူတည်နေပြီး ဖိအား ပေးမှုများနှင့် မကျေနပ်မှုများ မြင့် မားလာသည့်အချိန်တွင်မှ တွေ့ ဆုံညှိနှိုင်းခြင်းသည် ဒီမိုကရေစီစံ နှုန်းများနှင့် မကိုက်ညီကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောထားသည်။

(၁၂) ကြိမ်မြောက် လွှတ် တော်ပုံမှန်အစည်းအဝေးများ သည် ယခုလ ၁၉ ရက်မှ စတင် ကျင်းပခဲ့ခြင်းဖြစ် ကာ လာမည့် မတ်လခန့်အထိ ကျင်းပနိုင်ခြေရှိ ကြောင်း လွှတ်တော်ကိုယ်စား လှယ်များထံမှ သိရသည်။ လက် ရှိ ကျင်းပနေဆဲ လွှတ်တော်အ စည်းအဝေးတွင် ဖွဲ့စည်းပုံအခြေ ခံဥပဒေ ပြင်ဆင်မည့် ဥပဒေမူ ကြမ်းကို တင်သွင်းမည်ဖြစ်ပြီး ဆွေးနွေးမှုများပြုလုပ်မည်ဖြစ် သောကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်သည့် ဥပဒေမူ ကြမ်းမတင်သွင်းမီ ခြောက်ပွင့် ဆိုင်တွေ့ဆုံမှု အမြန်ဆုံးပြုလုပ် ပေးသင့် သည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောကြား ထားကြသည်။ ‘‘ ဒီလွှတ်တော်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်မယ့် မူကြမ်းမတင်မီ ခြောက်ပွင့်ဆိုင် တွေ့သင့်တယ်။ အဲဒီလိုတွေ့မှ ဘာတွေကို ပြင်မယ်။ သဘောတူ  ပြီးမှ လွှတ်တော်မှာ ပြင်တာ အား လုံးအတွက် ကောင်းလိမ့်မယ်’’ဟု ခြောက်ပွင့်ဆိုင်တွေ့ဆုံမှု ပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ အရေးကြီးအဆိုတင်သွင်းခဲ့ သည့် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြင့် ထွန်းက ဆိုသည်။

သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ဥက္ကဋ္ဌနှစ်ဦးနှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးတို့ ပါဝင်သော ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုကို အမြန်ဆုံးပြုလုပ်ပေးရန် အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က အတည် ပြုထားသည်။

7Day DAILY

No comments:

Post a Comment