Saturday 31 January 2015

Father Land ဆောက်လုပ်ရေး ကုမ္ပဏီကြောင့် နစ်နာခဲ့သူများ ပြည်သူ့ဟစ်တိုင်တွင် ဆန္ဒထုတ်ဖော်မည်

ဆောက်လုပ်ရေး လောကတွင် နှစ်၂၀ ကျော် အောင်မြင်မှု ရရှိပြီးနောက် ကျပ်သိန်းပေါင်း သောင်းချီသော ငွေကြေးအရှုပ်အရှင်းများ ဖြစ်ပေါ်နေသော Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို ငွေကြေးနစ်နာသူများက ဖေဖော်ဝါရီလဆန်းပိုင်းတွင် ရန်ကုန်မြို့တော်ရှိ ကျိုက္ကဆံ ပြည်သူ့ဟစ်တိုင်၌ ဆန္ဒ ထုတ်ဖော်မည် ဖြစ်ကြောင်း ဦးဆောင်ဆန္ဒထုတ်ဖော်မည့် လတရားလွှတ်တော်ရှေ့နေ ရောဘတ် စန်းအောင် က ပြောကြားသည်။

ဆောက်လုပ်ရေးလောကတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင် အချို့က ငွေကြေးရှုပ်ထွေးမှုများ ဖြစ်ပေါ် နေခြင်း၊ စည်ပင်သာယာ ဥပဒေကို ကျော်လွန်လုပ်ဆောင်နေခြင်း၊ နိုင်ငံတော်သို့ အခွန်ပေးဆောင်မှု မရှိခြင်း၊ ငွေကြေးအရှုပ်အရှင်းများ ဖြစ်ပေါ်လာပါက ဥပဒေနှင့်အညီ လွှဲပြောင်းခြင်း မရှိခြင်းတို့ကို ထိရောက် စွာ အရေးယူဆောင်ရွက်နိုင်ရန် Father Land ဆောက်လုပ်ရေး ကုမ္ပဏီကြောင့် ငွေကြေးနစ်နာခဲ့သူ ၂၀၀ ခန့်က ဆန္ဒထုတ်ဖော်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းဆန္ဒထုတ်ဖော်မှုတွင် ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်း မရှိသော ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် ထိရောက်စွာ အရေးယူမှု အားနည်းသော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကိုလည်း ထည့် သွင်း ကာ ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ဦးဆောင်သူ တရားလွှတ်တော်ရှေ့နေ ရောဘတ်စန်းအောင်က ပြောကြားသည်။

“တရားဝင် စာတင်ဖို့ လုပ်နေပါတယ်။ ဦးကျော်မြင့် အပါအဝင် တရားဥပဒေနဲ့ မညီတဲ့ ဆောက်လုပ်ရေး ကန်ထရိုက်တာတွေနဲ့ စည်ပင်သာယာ၊ အခွန်ရုံး စတာတွေကိုပါ တစ်ပါတည်း ဆန္ဒပြမှာ” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကြောင့် ငွေကြေးနစ်နာခဲ့သူများ ဖြစ်ကြသော စမ်းချောင်းမြို့နယ်မှ တိုက်ခန်း ဝယ်ယူထားသူ ၂၅ ဦး၊ သန်လျင်မြို့နယ်ရှိ တန်ဖိုးနည်း အိမ်ရာတွင် ကြိုပွိုင့်စနစ်ဖြင့် ဝယ်ယူထားသူ ၁၀၀ နှင့် အခြားတန်ဖိုးနည်း အိမ်ရာများကို ယင်းကုမ္ပဏီ များထံမှ ကြိုပွိုင့်ဝယ်ယူထားသော ၅၀ ဦးတို့ ပါဝင်မည်ဖြစ်ပြီး အခြားနစ်နာသူများလည်း ဆန္ဒထုတ်ဖော် ပွဲတွင် ပါဝင်ရန် ကမ်းလှမ်းမှုများ ရှိကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်ကြမည့်သူများက ပြောကြားသည်

“သတင်းစာတွေထဲမှာ Father Land က ငွေပြန်အမ်းမည်လို့ ကြေညာလို့ သူတို့ရှေ့နေကို သွားတွေ့တော့ ကျိုက္ကဆံ တန်ဖိုးနည်းအိမ်ရာ ဆောက်မယ့် ခြံကို ဘဏ်မှာ ပေါင်ထားတယ်လို့ ပြောတယ်။ ခြံရောင်းပြီးမှ ငွေပြန်အမ်းမယ် ဆိုတော့ ဆုံးပြီလို့ ပြောတာနဲ့ အတူတူပဲ။ အန်တီတို့ကလည်း ဒီကိစ္စကို လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်နဲ့ တိုင်ပင်ထားတယ်” ဟု ကျိုက္ကဆံ တန်ဖိုးနည်းအိမ်ရာကို အရစ်ကျစနစ်ဖြင့် ဝယ်ယူထားသည့် ဖြူးမြို့တွင် နေထိုင်သူ ဒေါ်ခင်ရီက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် လိမ်လည်မှုများဖြင့် အမှုဖွင့်ခံထားရပြီး အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံထားရသော Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို စာချုပ်စာတမ်း အတုလိမ်လည်မှုဖြင့် ကျောက်တံတားမြို့နယ် တရားရုံးတွင် ရုံးတင် စစ်ဆေးခံနေရကြောင်း၊ ယင်းစစ်ဆေးမှုကို မြို့နယ် တရားရုံး က အမှုမှန် မဖော်ထုတ်ပေးနိုင်မည် စိုးရိမ်သဖြင့် တရားလိုက တရားရုံး ပြောင်းလဲစစ်ဆေးပေးရန် အနောက်ပိုင်းခရိုင် တရားရုံးထံသို့ လျှောက်ထားခဲ့သောကြောင့် လက်ရှိ ကျောက်တံတားမြို့နယ် တရားရုံး တွင် အမှုစစ်ဆေးခြင်းကို ခေတ္တရပ်နားထားကြောင်း အနောက်ပိုင်းခရိုင် တရားရုံးထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment