Saturday 31 January 2015

အဲအေးရှား လေယာဉ်ပျက်ကျမှုနှင့် အဖြေရှာမရသေးသော ပဟေဠိများ



အဲအေးရှား လေယာဉ်၏အစိတ်အပိုင်းများကို သယ်ယူလာသော ရေယာဉ်ကို လေယာဉ်ပေါ်မှ တွေ့ရစဉ် (CNN)

လေယာဉ်ကို ထိန်းချုပ်မောင်းနှင် ရန် တွဲဖက်လေယာဉ်မှူးက တာဝန်လွှဲယူလိုက်သည်။ အတွေ့အကြုံ ပိုမိုပြည့်စုံ ရင့်ကျက်သည့် လေယာဉ်မှူးက ပျံသန်းရေး လုပ်ငန်းစဉ် တစ်ခုလုံးကို ခြုံငုံ စောင့်ကြည့်နေသည်။



ထို့နောက် အရာရာ အမှားအယွင်းများ ကြုံလာသည်။ လေယာဉ်အင်ဂျင်စက် ရပ်တန့်သွားပြီဖြစ်ကြောင်း အချက်ပေးသည့် Stall Warning သတိပေးသံက ၃ မိနစ်နှင့် စက္ကန့် ၂၀ အထိ ကြာမြင့်ခဲ့သည်။ ထို့နောက်တွင်တော့ အဲအေးရှား လေကြောင်းလိုင်း၏ ခရီးစဉ်အမှတ် QZ8501 လေယာဉ်သည် ဂျာဗားပင်လယ်အတွင်း စိုက်ဆင်းနစ်မြုပ်သွားခဲ့သည်။ အင်ဒိုနီးရှား အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံမှု ကော်မတီက နောက်ဆုံး ထုတ်ပြန်သည့် အစီရင်ခံစာတွင် လေယာဉ် ပျက်ကျခါနီး နောက်ဆုံးအချိန်ပိုင်း၌ ဖြစ်ပျက်နေသည့် အဆိုပါ အခြေအနေများကို အသေးစိတ် ထည့်သွင်း ဖော်ပြထား သည်။ ကျဉ်းထဲကျပ်ထဲ အခြေအနေများတွင် တွဲဖက်လေယာဉ် မှူးက လေယာဉ်ကို တာဝန်ယူ မောင်းနှင်မှုမျိုးသည် ထူးခြားလှ သည့် အခြေအနေတစ်ရပ် မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ လေယာဉ်ပျက်ကျခြင်းနှင့် ပတ်သက်၍ ဒွိဟမေးခွန်းများစွာ ရှိနေဆဲဖြစ်သည်။

အထူးသဖြင့် လေယာဉ်သည် ရုတ်တရက် အမြင့်သို့ ထိုးတက်သွားရခြင်းမှာ အဘယ်ကြောင့်ဖြစ်ကြောင်း ပဟေဠိများ ကျန်နေခဲ့သည်။ ဆိုးရွားသော ရာသီဥတုက ယင်းဖြစ်ရပ်၏ အဓိက လက်သည်ပင် ဖြစ်လေသလား။ မည်သို့ပင်ဖြစ်စေ QZ8501 လေယာဉ်သည် ဒီဇင်ဘာ ၂၈ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှ စင်ကာပူနိုင်ငံသို့ ပျံသန်းစဉ်ပျက်ကျသွားခဲ့သည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၁၆၂ ဦးလိုက်ပါသွားပြီး အားလုံး သေဆုံးသွားပြီ ဖြစ်သည်။

- ဆူညံစွာ ထွက်ပေါ်နေသည့် Stall အချက်ပြ သတိပေးသံ

‘‘လေယာဉ်ရဲ့ ကြံ့ခိုင်မှုက ကောင်းမွန်ပါတယ်။ ပြီးတော့ လေယာဉ်အမှုထမ်း အဖွဲ့ဝင်အားလုံး က အရည်အချင်း ပြည့်မီသူတွေ ချည်းပဲ’’ဟု အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး ကော်မတီမှ ဦးဆောင် စစ်ဆေးရေးအရာရှိ မာဂျိုနိုဆစ်ဝိုဆူဝါနိုက ပြောကြားခဲ့သည်။

လေယာဉ်သည် ပျံတက်ပြီး နောက် အမြင့်ပေ ၃၂,၀၀၀ ခန့်တွင် တည်တည်ငြိမ်ငြိမ် ပျံသန်းနေရင်း မုန်တိုင်းတစ်ခုနှင့် ကြုံခဲ့သည်။ ထို့နောက် လေယာဉ်မှူးက အမြင့်ပေ ၃၈,၀၀၀ ထိ ပျံတက်ပြီး ရာသီဥတု ဆိုးရွားမှုကို ရှောင် ကွင်းလိုကြောင်း လေကြောင်း ထိန်းသိမ်းရေး မျှော်စင်သို့ ခွင့်တောင်းသည်။ ထို့နောက် လေယာဉ်သည် အမြင့်ပေ ၃၇,၄၀၀ သို့ရောက်ရှိသည်အထိ အလွန်မတ် စောက်သော ထောင့်ချိုးမျိုးဖြင့် ပျံတက်သွားခဲ့ကြောင်း မာဂျိုနိုက ပြောကြားခဲ့သည်။

‘‘ဘယ်ခရီးသည်တင် လေယာဉ်မှ အဲဒီလောက် မြန်နှုန်းမျိုးနဲ့ အမြင့်ကို ပျံတက်နိုင်အောင် ဒီဇိုင်းဆွဲမထားဘူး။ QZ8501 ဟာကန့်သတ်မြန်နှုန်းရဲ့ နှစ်ဆလောက်အရှိန်မျိုးနဲ့ အပေါ်ကို ထောင့်ချိုး ပျံတက်ခဲ့ပုံရတယ်’’ဟု လေ ကြောင်း ပျံသန်းရေးဆိုင်ရာ ကျွမ်း ကျင် ပညာရှင်တစ်ဦးက CNN သို့ မှတ်ချက်ပေးခဲ့သည်။

လေယာဉ်အထက်သို့ ထိုးတက်သွားချိန်မှစပြီး ပျက်ကျ ချိန်ထိ လေယာဉ်မှူးခန်းထဲတွင် “Stall” “Stall”ဆိုသည့် အချက် ပေးသံ ဆူညံနေခဲ့ကြောင်း လေယာဉ်ပျက်မှ ရရှိလာသည့် ပျံသန်းမှု မှတ်တမ်းတင် ကိရိယာကို စစ်ဆေးကြည့်မှုအရ ဖော်ထုတ် သိရှိလာသည်။ ‘‘ဒါပေမဲ့ အဲဒီအချက်ပြ သတိပေးသံ ထွက်ပေါ်နေ တိုင်းလည်း လေယာဉ်က Stall ဖြစ်သွားတယ် (အင်ဂျင်စက်ရပ် တန့်သွားသည်)လို့ ပုံသေယူဆ လို့ မရပြန်ဘူး’’ ဟု မာဂျိုနိုက ပြောကြားခဲ့သည်။

Angle of Attack ခေါ် အခြေအနေမျိုး၊ တစ်နည်းအားဖြင့် လေယာဉ်တောင်ပံများသည် ရှေ့မှ ဝင်ရောက်လာသည့် လေထုနှင့်  ၈ ဒီဂရီ ထောင့်ချိုးမျှ ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်သည့် အခါတွင် လည်း Stall သတိပေးချက် ထွက်ပေါ်လာလေ့ ရှိသည်။ ထို့နောက်လေယာဉ်သည် အလွန်လျင်မြန် သော မြန်နှုန်းဖြင့် ထိုးဆင်းသွားပြီး အမြင့်ပေ ၂၄,၀၀၀ အောက် နိမ့်သွားချိန်တွင် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

လေကြောင်းထိန်းသိမ်းရေး မျှော်စင်က လေယာဉ်မှူး ခွင့်ပြုချက် တောင်းခံပြီး ၄ မိနစ်ခန့် အကြာတွင် အမြင့်ပေ  ၃၄,၀၀၀ သို့တက်ရောက်ခွင့်ပြုကြောင်း အသိပေးခဲ့သော်လည်း ထိုအချိန်တွင်QZ8501သည် မျှော်စင်နှင့် အဆက်အသွယ် ပြတ်တောက်နေပြီ ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး အစ်ဂ်နာဆီရက်စ် ဂျိုနန်က ရေဒါ အချက်အလက် များကို ကိုးကားပြီး AirbusA320-200 အမျိုးအစား လေယာဉ်သည် အလွန်မြန်ဆန်သော နှုန်းမျိုးဖြင့် အထက်သို့ ပျံတက်ရာမှ အင်ဂျင်စက် ရပ်တန့်ပြီး ပျက်ကျခဲ့ခြင်းဟု သတင်းထောက်များ အား ပြောကြားခဲ့သည်။ လေယာဉ်ပျက်မှ ဆယ်ယူရရှိသည့် ပျံသန်းမှုမှတ်တမ်းတင် ကိရိယာ(BlackBox)မှ အချက်အလက်များကို အခြေခံပြီး ကနဦးအဆင့် အစီရင်ခံစာတစ်ရပ်ကို စစ်ဆေးရေးအရာရှိများက ရေးသား တင်သွင်းထားပြီး ဖြစ်သည်။ သို့သော် အဆိုပါ အစီရင်ခံစာကို ဇန်နဝါရီ ၂၉ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန်သွားခြင်း မရှိချေ။

ထို့အပြင် အဆိုပါ ကနဦးအစီရင်ခံချက်ကို အများပြည်သူ ထံ ရှင်းရှင်းလင်းလင်း သတင်းထုတ်ပြန်ရန် ရှိ၊ မရှိ ဆိုသည်မှာ လည်း ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ‘‘ကနဦးအဆင့် အစီရင်ခံစာမှာ လုံလောက်တဲ့ သက်သေ အထောက်အထားမျိုး၊ အတည်ပြုချက်မျိုး မပါနိုင်သေးပါဘူး’’ဟု တာဝန်ရှိသူတစ်ဦးက မရေမရာ မှတ်ချက်ပေးသည်။

အင်ဒိုနီးရှား ရေတပ်သည် လေယာဉ်ပျက်ကို ဆယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင် ခဲ့ချေ။ ဇန်နဝါရီ  ၂၇ ရက်တွင်မူ လေယာဉ်ပျက် ဆယ်ယူရေး လုပ်ဆောင်မှု အားလုံးကို ရပ်ဆိုင်းပြီဖြစ်ကြောင်း ရေတပ်သေနာပတိ ဝီဒိုဒိုက အတည်ပြုခဲ့သည်။ ‘‘သေဆုံးသူတွေရဲ့ မိသားစုအားလုံးကို သိစေချင်တာက ကျွန်တော်တို့ အစွမ်းရှိသလောက် ကြိုးစားခဲ့တယ်ဆိုတာပါပဲ’’ဟု ၎င်းက ပြော ကြားခဲ့သည်။

- လေယာဉ်မှူးများ၏အတွေ့အကြုံ

လေယာဉ်ပျက်ကျခါနီးတွင် တွဲဖက် လေယာဉ်မှူးက တာဝန်ယူ မောင်းနှင်ခြင်းသည် အမှားအယွင်းတစ်ရပ်မဟုတ်ဟု လေကြောင်း ပျံသန်းမှုဆိုင်ရာ သုတေသီတစ်ဦးက မှတ်ချက်ပြုခဲ့သည်။ မည်သို့ပင်ဆိုစေ အသက်(၄၆)နှစ် အရွယ် ပြင်သစ်တွဲဖက် လေယာဉ်မှူး ရီမီအီမန်နျူရယ်လ် ပလီဆဲလ်သည် လေယာဉ်မှူး အီရီယန်တိုနှင့် ယှဉ်ပါက အတွေ့အကြုံ အလွန်နည်းသေးသည်။

ပလီဆဲလ်သည် အဲအေးရှားအင်ဒိုနီးရှား လေကြောင်းလိုင်း အတွက် စုစုပေါင်း  ၂,၂၇၅ နာရီ တာဝန်ယူ ပျံသန်းပေးခဲ့ဖူးသည်။ အီရီယန်တိုကမူ အဲအေးရှား လေ ကြောင်းလိုင်းတွင် Airbus A320 အမျိုးအစား လေယာဉ်များကို တာဝန်ယူ ပျံသန်းသည့် အချိန်ချည်းသက်သက် နာရီ ၆,၁၀၀ ထိအတွေ့အကြုံ ရှိနေသည်။ ၎င်းသည် အဲအေးရှား မတိုင်မီ အခြားလေကြောင်းလိုင်း တစ်ခုတွင် အလုပ်လုပ်ဖူးသကဲ့သို့ အင်ဒိုနီးရှားလေတပ်တွင်လည်း ပိုင်းလော့အ ဖြစ် တာဝန်ထမ်းဆောင်ဖူးသည်။ အီရီယန်တို၏ ဘဝတစ်လျှောက် ပျံသန်းချိန်  ၂၀,၀၀၀ ကျော်ထိ အတွေ့အကြုံ ရှိခဲ့ပြီး ဖြစ်သည်။

‘‘အတွေ့အကြုံ ပိုနည်းတဲ့ တွဲဖက် လေယာဉ်မှူးက လေယာဉ်ကို ထိန်းချုပ်မောင်းနှင်နေတယ် ဆိုတာဟာ အထူးအဆန်း ကိစ္စတော့ မဟုတ်ပါဘူး။ ပျံသန်းမှု ခရီးစဉ်တိုင်းမှာ လေယာဉ်မှူးနဲ့ တွဲဖက် လေယာဉ်မှူး အလှည့်ကျ တာဝန်ယူရတာတွေ ရှိပါတယ်။ ဒါကလည်း ပျံသန်းမှု အတွေ့အကြုံ ဖြည့်တင်းမှုအတွက် ဖြစ်ပါတယ်။ လေယာဉ်တစ်စီးမှာ လေယာဉ်မှူး တစ်ယောက်တည်းက တာဝန်ယူ မောင်းနှင်ပြီး ကျန်တဲ့လူက ဘာမှ မလုပ်ရဘူး ဆိုတာမျိုး ဘယ်သူမှ မလိုလားဘူးလေ’’ ဟု CNN ၏ လေကြောင်း ပျံသန်းမှုဆိုင်ရာ သုတေသီဒေးဗစ် ဆူဆိုင်က ရှင်းပြခဲ့သည်။

- အဖြေရှာရန်ခက်ခဲနေဆဲ ပဟေဠိများ

အင်ဒိုနီးရှား လေကြောင်းပျံ သန်းမှု လုံခြုံရေးဌာန တာဝန်ရှိသူများအတွက် အဓိကကျသည့် မေးခွန်းမှာ မိုးကြိုးမုန်တိုင်းများ တိုက်ခတ်နေသည့် အဆိုပါ ဧရိယာတွင် QZ8501 တစ်စီးတည်း အဘယ်ကြောင့် ကြမ္မာဆိုး ကြုံသွားသည်ဆိုသော အချက်ပင် ဖြစ်သည်။

ထိုအချိန်က အဆိုပါ လေယာဉ်နှင့် နီးကပ်စွာ ပျံသန်းနေ သည့် အခြားလေယာဉ်အားလုံး ခရီးလမ်းပန်း ဖြောင့်ဖြူးသာယာ စွာဖြင့် လိုရာအရပ်သို့ ဆိုက် ရောက်ခဲ့သည်။

ကျွမ်းကျင်သူများက ကွင်းဆက်များ တစ်ခုချင်း ဆက်စပ်ရင်း အဲအေးရှားလေယာဉ် အဘယ် ကြောင့် ပျက်ကျသွားရသည် ဆိုသော အကြောင်းရင်းကို အဖြေရှာနေဆဲ ဖြစ်သည်။ ကွင်းဆင်း ကယ်ဆယ်ရေး ဝန်ထမ်းများကမူ စုစုပေါင်း ရုပ်အလောင်း  ၇၂ ခုကို ဆယ်ယူရရှိပြီးနောက် ရှာဖွေရေး လုပ်ငန်းများကို တစ်ဆင့်ချင်း ရပ်နားလျက်ရှိသည်။ ကံဆိုးခဲ့ရှာသူ ၁၆၂ ဦးအနက် လူ ၉၀ တို့၏ ရုပ်အလောင်းများကမူ မှောင်မည်းနေသည့် ဂျာဗားပင်လယ် အောက်ခြေတွင် နစ်မြုပ်ပျောက်ကွယ်နေ ဆဲ ဖြစ်သည်။

ကိုးကား− စီအင်န်အင်န်
7Day DAILY

No comments:

Post a Comment