Wednesday 14 January 2015

၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်မဲဆွယ်မှုများကို ကန့်သတ်မည်မဟုတ်ဟုဆို

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများက ကြိုတင် မဲဆွယ်စည်းရုံးခြင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကန့်သတ် ပိတ်ပင်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ပြီးမှသာ မဲဆွယ် စည်းရုံး ခြင်းကို တရားဝင် ခွင့်ပြုသော်လည်း ကြိုတင် မဲဆွယ်မှု များကိုလည်း ပိတ်ပင်မည် မဟုတ်ကြောင်း ၎င်းကဆိုသည်။ “အကြို မဲဆွယ်တဲ့ကိစ္စရပ်တွေကို ကျွန်တော်တို့အနေနဲ့ ပိတ်ပင် ကန့်သတ်ဖို့ မရှိပါဘူး၊ ဒါက ပါတီတွေရဲ့ လုပ်ပိုင်ခွင့်ပဲလေ” ဟု ၎င်းကဆိုသည်။ သို့သော်လည်း နိုင်ငံရေး ပါတီများ၏ ကြိုတင် မဲဆွယ်ခြင်း လုပ်ငန်းများကို ထိန်းသိမ်း ဆောင်ရွက်စေရေး ညွှန်ကြားချက်တစ်ခု ထုတ်ပြန်ရန် စီစဉ်လျက် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“အချိန်တို မဲဆွယ်စည်းရုံးခြင်းကို ရွေးကောက်ပွဲ ကျင်းပမယ့် ရက်မတိုင်မီ ရက်ပေါင်း ၆၀ သာ ခွင့်ပြု ထားပေမယ့် အဲဒီမတိုင်ခင် နိုင်ငံရေးပါတီတစ်ခုက မိမိပါတီအတွက်ဆိုပြီး မဲဆွယ်တာတွေလည်း လုပ်ခွင့် ပြုထားပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော်အတွင်း ကိုယ်စားပြု အရေအတွက် အများဆုံး ရရှိထားပြီး အစိုးရ ဖွဲ့စည်းထားနိုင် သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် အလုပ် သမား၊ လယ်သမား၊ လူငယ်များကို ပစ်မှတ်ထား စည်းရုံးရေးကို စတင်နေပြီ ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကလည်း မြို့နယ်၊ ကျေးရွာများအထိ စည်းရုံးရေး လုပ်ငန်းများကို လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အဆိုပါ ပါတီဗဟိုကော်မတီဝင်များက ပြောကြားထားသည်။

ဒုတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းနှင့် နိုဝင်ဘာ လဆန်းပိုင်းတွင် ပြုလုပ်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

‎The‬ Voice Weekly

No comments:

Post a Comment