Tuesday 9 December 2014

ဘန်းချောင်း ကျောက်မီးသွေးစီမံကိန်းနှင့်ပတ်သက်၍ KNU နှင့်စီမံကိန်းကို ဦးဆောင်ကန့်ကွက်နေသည့် ဒေသခံများ၊ NGO များ တွေ့ဆုံဆွေးနွေးမည်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် မေတ္တာမြို့နယ်ခွဲ ဘန်းချောင်းဒေသ ကွမ်းချောင်းကြီးကျေးရွာ အနီးရှိ May Flower Mining Enterprises Co;Ltd မှ လုပ်ကိုင်နေသော ကျောက်မီးသွေးတူးဖော်ရေး စီမံကိန်း ပြဿနာများနှင့်ပတ်သက်၍ စီမံကိန်းအား ဦးဆောင်ကန့်ကွက်နေသည့် ဒေသခံများ၊ NGO အဖွဲ့ အစည်းများနှင့် ဒီဇင်ဘာ ၉ ရက်တွင် မေတ္တာမြို့နယ်ခွဲ ဖောင်းတောရွာ၌ တွေ့ဆုံဆွေးနွေး သွားမည်ဖြစ် ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်ဥက္ကဠ ဖဒိုစောဗီးလယ် က ပြောကြားသည်။

ဘန်းချောင်းဒေသရှိ ၎င်းကျောက်မီးသွေး တူးဖော်ရေးစီမံကိန်းအား ပြီးခဲ့သည့်လအတွင်းက စီမံကိန်းအား လက်မခံကြောင်း ကုမ္ပဏီတာဝန်ရှိသူများနှင့် မြန်မာအစိုးရတာဝန်ရှိသူများ၊ KNU ဆက်ဆံရေးရုံးတို့ထံ ဒေသခံများက ကန့်ကွက်စာများ ရေးသားပေးပို့ခဲ့ကြပြီး စီမံကိန်းမှ အသုံးပြုလျက်ရှိသည့် လမ်းပိုင်းများကို သစ်ပင်များဖြင့်တားဆီးကာ လမ်းပိတ်ဆို့ထားခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့စီမံကိန်းအား ကန့်ကွက်သည့် အနေဖြင့် ဒေသခံများ ပိတ်ဆို့ထားသည့်လမ်းပိုင်းကို KNU တပ်သားများက လာရောက်ဖယ်ရှားခဲ့သည့် အပြင် စီမံကိန်းအနီး၌ လုံခြုံရေးချထားပြီး စီမံကိန်းအား ကာကွယ်ပေးသည့်အနေအထားများ ဖြစ်ပေါ်ခဲ့ သဖြင့် KNU ၏ ရပ်တည်ချက်အပေါ် ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများက မေးခွန်းထုတ်ခဲ့ကြပြီး စီမံကိန်း၌ KNU ၏ အကျိုးစီးပွား ပါဝင်ပတ်သက်မှုအပေါ် ထုတ်ဖော်ပြောဆိုရန် တောင်းဆိုမှုများဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

“ဒီကျောက်မီးသွေးစီမံကိန်းကို အစိုးရနဲ့ KNU တို့ အပစ်အခတ်မရပ်စဲခင် ကာလက အစိုးရကနေ ခွင့်ပြုခဲ့ တာ။ အဲဒီတုန်းက ဧက ၂ဝဝဝ တောင်းတယ်။ ၂ဝဝ၉-၁ဝ မှာ ပြန်ဆွေးနွေးပြီး ဒီစီမံကိန်းကကြီးတော့ ကျဉ်းသွားအောင် ပြန်ချုံ့လိုက်တာ။ ၂ဝ၁၂ မှာ စီမံကိန်းစလုပ်တော့ အပစ်အခတ်လည်း မရပ်သေးတော့ လူထုဘက်ကလည်း ဘာမှမပြောသေးဘူး။ အပစ်အခတ်ရပ်စဲတော့ NGO တွေက ထွက်လာပြီး လူထုကလည်း လှုပ်ရှားလာတယ်။ အခုလက်ရှိလုပ်နေတဲ့ ဧက ၆ဝ က အရင်တုန်းက လူထုက သဘော တူလို့ ခွင့်ပြုခဲ့ တာပါ။ ကျွန်တော်တို့အထက်ပိုင်းမှာ ပေါ်လစီရှိတယ်။ ဒီဒေသအတွင်းမှာ စိုက်ပျိုးရေးပဲဖြစ်ဖြစ်၊ သတ္တုပဲဖြစ်ဖြစ် လုပ်ကိုင်မယ်ဆိုရင် ပထမဆုံး KNU မြို့နယ်မှူးထံကို လျှောက်ရမယ်။ နောက်ပြီးတော့ လူထုရဲ့ထောက်ခံမှု အပြည့်ပါရမယ်။ နောက်မှ ဒီဟာနဲ့ပတ်သက်တဲ့အဖွဲ့က တင်ပြ လာတဲ့ ဒေသခံတွေ ထောက်ခံလက်မှတ်ကို အတုလား၊ အစစ်လားဆိုတာ ပြန်စစ်ဆေးရပါတယ်။ ပြီးမှ စည်းကမ်းချက်အများကြီးနဲ့ လက်မှတ်ထိုးပြီး ခွင့်ပြုတာဖြစ်ပါတယ်။ ကျွန်တော်တို့ အပစ်အခတ်ရပ်စဲတာက ပြည်သူတွေအတွက်ပါ။ ဒီစီမံကိန်းနဲ့ပတ်သက်လို့ KNU နဲ့ ကုမ္ပဏီက ဘာစာချုပ်မှ သဘောတူလက်မှတ် မထိုးရသေးဘူး။ စာချုပ် ချုပ်ဆိုဖို့ အားလုံးပြင်ဆင်ထားပြီးပြီ။ ဒါကြောင့် ဒီစီမံကိန်းကအခြေအနေကို ဆွေးနွေးဖို့ လုပ်နေတာပါ။ အခု NGO နဲ့ စီမံကိန်းကို ဦးဆောင်ကန့်ကွက်နေတဲ့ ခေါင်းဆောင်တွေကို ဒီဇင်ဘာ ၉ ရက်မှာ KNU ကော်မတီအဖွဲ့ကနေ ညှိနှိုင်းတွေ့ဆုံဖို့ လုပ်ထားတယ်။ အဲဒီနေ့မှာ သူတို့ မလာရင် သူတို့နဲ့ ထပ်ဆွေးနွေးမယ့်အပိုင်းက ပြီးသွားပြီ။ ဒေသခံပြည်သူလူထုတွေနဲ့ပဲ သီးသန့်ဆွေးနွေး သွားမယ်။

ကျွန်တော်တို့က ကရင်လူထုထဲမှာပဲနေတော့ ကရင်အမျိုးသားအရေးက ကျွန်တော်တို့အရေးပါ။ ကရင်လူထုကို ထိမယ်ဆိုရင်တော့ မခံနိုင်ဘူး။ လူထုလိုချင်တဲ့ပုံစံကိုပဲ လုပ်မှာပါ” ဟု ကရင်အမျိုးသား အစည်း အရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်ဥက္ကဠ ဖဒိုစောဗီးလယ်က မီဒီယာများကို ပြောကြားခဲ့သည်။ 

Eleven Media Group 

No comments:

Post a Comment